စင်ကာပူနိုင်ငံ အကြောင်း သိကောင်းစရာ

Posted on

Singapura (စင်ဂါပူရ) ခေါ်သောနာမ သည် မလေးဘာသာစကား Singapura မှ ဆင်းသက်လာပြီး ကလယ်နှင့် သက္ကတဘာသာ(“ခြင်္သေ့”၊ သီဟ) နှင့် pura (“မြို့”၊ ပူရ)) တွင် အရင်းခံသည်။ မလေးရာဇဝင်အရ ထိုနာမည်သည် ၁၄ ရာစုနှစ် စန်းနီလာအုတ္တမခေါ်သော စူမတြန်မင်းသားသည် ကျွန်းတွင်သင်္ဘောဆိုက်ပြီး မင်္ဂလာနရားတွေ့ခဲ့သောကြောင့် စင်ဂါ (ခြင်္သေ့) ဟုနာမည်မှည့်ခဲ့သည် ဟုဆိုသည်။

သို့သော် လတ်တလော ရှာဖွေတွေ့ရှိချက်များအရ ခြင်္သေ့သည် ဘယ်သောအခါမှ နေထိုင်ခဲ့ဖူးခြင်း မရှိကြောင်းသိရသည်။ ယုတ်စွအဆုံး အာရှခြင်္သေ့ပင် နေထိုင်ခဲ့ဖူးခြင်းမရှိပေ။ ထို့ကြောင့် စန်းနီလာအုတ္တမ မြင်ခဲ့ရသော သားရဲတိရစ္ဆာန်မှာ ကျား သာဖြစ်နိုင်သည်။ ဖြစ်နိုင်ခြေမှာ မလေးရှားကျား ဖြစ်သည်။

စင်ကာပူနိုင်ငံနှင့် ပတ်သတ်သော ပထမဦးဆုံး အခြေချနေထိုင်မှု သမိုင်းကြောင်းမှာ အေဒီ ၂ရာစုတွင်ဖြစ်သည်။ စင်ကာပူကျွန်းသည် စူမာတယန် ဆရီဝိဂျာယ (Sumatran Srivijaya) အင်ပါယာ၏ အစွန်အဖျားဖြစ်ပြီး မူလပထမအားဖြင့် ဂျာဗားကျွန်းသား စကားဖြင့် တီမားဆက် (Temasek) (ပင်လယ်မြို့) ဟုခေါ်သည်။ တီမားဆက်သည် လျှင်မြန်စွာပင် ကုန်သွယ်မှုအတွက် အခြေချနေထိုင်ရာ ဖြစ်လာခဲ့သော်လည်း ၁၄ရာစုအတွင်းတွင် ဆုတ်ယုတ်ပျက်စီးလာခဲ့သည်။ ရှေးဟောင်း တီမားဆက်ခေတ်မှ အကြွင်းအကျန်မှာ အနည်းငယ်သာရှိသော်လည်း စင်ကာပူမှ ရှေးဟောင်းသုတေသနပညာရှင်တို့က တီမားဆက် နှင့် အခြားခေတ်မှ လက်မှုပစ္စည်းအချို့ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

၁၆ ရာစုနှင့် ၁၉ ရာစုအစောပိုင်းတွင် စင်ကာပူကျွန်းသည် ဂျဟိုးစူလတန်၏နယ်မြေ (Sultanate of Johor) အတွင်းတွင် ပါဝင်သည်။ ၁၆၁၃ ခုနှစ် မလေး-ပေါ်တူဂီစစ်ပွဲအတွင်းတွင် အခြေချနေထိုင်ရာနေရာအားလုံးကို ပေါ်တူဂီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုရာစုနှစ်အတွင်းတွင် စင်ကာပူကျွန်းကို ပေါ်တူဂီတို့က ဆက်လက် ထိန်းချုပ်ခဲ့ကြပြီး ၁၇ ရာစုတွင် ဒတ်ခ်ျတို့က ထိန်းချုပ်ခဲ့ကြသည်။ ထိုအချိန်များတွင် ကျွန်းပေါ်တွင် နေထိုင်သူများသည် အဓိကအားဖြင့် ငါးဖမ်းသမားများသာ ဖြစ်သည်။

၁၈၂၄ ခုနှစ်အထိ စင်ကာပူသည် မလေးစူလတန်အုပ်ချုပ်သောနယ်မြေ ဖြစ်ခဲ့ပြီး ၁၈၂၄ ခုနှစ် ဩဂုတ်လတွင်မှ ဗြိတိသျှကိုလိုနီအဖြစ် တရားဝင်ဖြစ်လာခဲ့သည်။ စင်ကာပူကျွန်း၌ ဒုတိယမြောက်အခြေချနေထိုင်သူ ဂျွန်ကရောဖို့ဒ်သည် စင်ကာပူကျွန်းကို အရှေ့အိန္ဒိယကုမ္ပဏီသို့လွှဲပြောင်းပေးရန် စူလတန်ဟူစိန်ရှားနှင့် သဘောတူညီချက်စာချုပ်ကို ၁၈၂၄ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး စင်ကာပူကျွန်းတစ်ခုလုံးကို ဗြိတိသျှပိုင် ဖြစ်လာစေခဲ့သည်။ ထိုအချိန်မှစ၍ စင်ကာပူကျွန်း၏ ခေတ်သစ်တစ်ခေတ်စခဲ့သည်။ ဗြိတိသျှ အိန္ဒိယရုံးသည် ၁၈၅၈ ခုနှစ်မှစ၍ အုပ်ချုပ်ခဲ့သော်လည်း စင်ကာပူ သည် ၁၈၆၇ ခုနှစ်တွင် မှ ဘုရင်မသို့ သတင်းပို့ရသော ဗြိတိသျှဘုရင်မပိုင် ကိုလိုနီဖြစ်လာခဲ့သည်။ ၁၈၆၉ ခုနှစ်တွင် ကျွန်းပေါ်တွင် လူ ၁ သိန်းမျှ နေထိုင်ခဲ့သည်။

ကိုလိုနီခေတ် စင်ကာပူ၏ အစပထမမြို့တည်ဆောက်ပုံမှာ အများအားဖြင့် ခွဲခြားအုပ်ချုပ်ရေးစနစ် အတိုင်းဖြစ်ပြီး ကွဲပြားခြားနားသောလူမျိုးစုတို့သည် ကျွန်း၏တောင်ဖက်ရှိ ကွဲပြားခြားနားသောနေရာတို့တွင် နေထိုင်ကြသည်။ စင်ကာပူမြစ်သည် ကုန်သည်များ နှင့် ဘဏ်လုပ်ငန်းရှင်တို့၏ ကုန်သွယ်ရေး အချက်အချာနေရာဖြစ်ပြီး တရုတ်နှင့် အိန္ဒိယကူလီ တို့ bumboats ဟု ခေါ်ကြသော တုံကင်းများမှ ကုန်ပစ္စည်းများကို ထမ်းချရာ နှင့် ထမ်းတင်ရာ နေရာဖြစ်သည်။ ဒေသခံ အိုရန်လော့တ် (Orang Lauts) မလေးလူမျိုးများမှာ ငါးဖမ်းသမားများ နှင့် ပင်လယ်ပြင် ခရီးသွားများအဖြစ် အသက်မွေးကြသည်။ အာရပ်ကုန်သည်များနှင့် ပညာတတ်လူတန်းစားများကိုမူ ယနေ့ ကန်ပေါင်း ဂလန် (Kampong Glam) တည်ရှိရာ မြစ်ဝ၏ အရှေ့တောင်ဖက်တွင် တွေ့ရသည်။

အနည်းငယ်မျှသော ဥရောပ အခြေချနေထိုင်သူများမှာမူ ဖို့ဒ်ကိန်းနင်းဟေး (Fort Canning Hill) နှင့် စင်ကာပူမြစ်၏ အပေါ်ပိုင်းဒေသများတွင် နေထိုင်ကြသည်။ ဥရောပတိုင်းရင်းသားများကဲ့သို့ပင် အစောပိုင်း အိန္ဒိယမှ ပြောင်းရွေ့လာသူတို့သည်လည်း ကုန်းတွင်းပိုင်းဒေသများတွင် အခြေချနေထိုင်ကြပြီး ယနေ့ လစ်တဲလ်အင်ဒီးယား (Little India) တည်ရှိရာနေရာဖြစ်သည်။ ကမ်ပေါင်း (kampongs) ဟုခေါ်သော ကျေးလက်ဒေသ အခြေချနေထိုင်သူများနှင့် ပတ်သက်၍မူ အသိနည်းပြီး လွတ်လပ်ရေးရပြီး ၁၉၆၀ခုနှစ်များ နှောင်းပိုင်း စင်ကာပူအစိုးရမှ ထိုသို့နေထိုင်သူများကို အများအပြား ရွေ့ပြောင်းနေရာချသည့် အချိန်မှသာ သိရှိရသည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျပန်ဘုရင့်တပ်မတော် (the Imperial Japanese Army) သည် မလာယာ ကို ကျူးကျော်ခဲ့ပြီး စင်ကာပူတိုက်ပွဲကို ပြင်းထန်စွာဖြစ်စေခဲ့သည်။ ပြင်ဆင်မှုအားနည်း၍ တပ်အမြောက်အများမှာ ဥရောပတွင် ရောက်နေသော ဗြိတိသျှတို့မှာ ၆ ရက်အတွင်းတွင် ရှုံးနိမ့်ခဲ့ပြီး မသိမ်းပိုက်နိုင်သည့် ခံတပ်ဟုဆိုသော နေရာကို ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဗိုလ်ချုပ်ကြီး တိုမိုယူကီ ယာမာရှီတာ (General Tomoyuki Yamashita) သို့ လက်နက်ချခဲ့ရသည်။ ထိုလက်နက်ချမှုနှင့် ပတ်သက်၍ “ဗြိတိသျှသမိုင်းတွင် အဆိုးရွားဆုံး ကပ်ဆိုက်မှု နှင့် အကြီးကျယ်ဆုံးသော လက်နက်ချမှု” ဟူ၍ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီက ဖော်ပြခဲ့သည်။ ဗြိတိသျှ ရေတပ်အခြေစိုက်စခန်းကို ဂျပန်တို့ သိမ်းပိုက်၍ အသုံးမပြု နိုင်ခင်အချိန်က ပင် ဖျက်စီးခဲ့သည်။ ဂျပန်တို့ က စင်ကာပူကို ရှိုးနန်တိုး (Shōnantō) ဟုအမည်ပေးခဲ့ပြီး “Shōwa no jidai ni eta minami no shima” ( “Shōwa no jidai ni eta minami no shima”) သို့ ရှိုဝါခေတ်တွင် ရရှိခဲ့သော တောင်ဖက်ကျွန်းဟု အဓိပ္ပါယ်ရသည်။ ဂျပန်တို့သည် လက်နက်ချပြီး တစ်လအကြာ ၁၉၄၅ စက်တင်ဘာလ ၁၂ ရက်အထိကျွန်းကို သိမ်းယူထားခဲ့ပြီး ထို့နောက်တွင် ဗြိတိသျှတို့က ပြန်လည်သိမ်းပိုက်ခဲ့သည်။

စင်ကာပူသည် ၁၉၅၉ခုနှစ်တွင် ဗြိတိသျှအင်ပါယာအတွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ဖြစ်လာခဲ့ပြီး ယူစွတ်ဘင် အီရှက် (Yusof bin Ishak) သည် ပထမဆုံး Yang di-Pertuan Negara (ပြည်နယ်တစ်ခုလုံး၏ ထင်ရှားသောအုပ်ချုပ်သူ) ဖြစ်လာခဲ့ပြီး လီကွမ်းယု မှာ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သည်။ ဗြိတိန်၏ အောက်မှ ၁၉၆၃ ခုနှစ် ဩဂုတ်လတွင် လွတ်လပ်ရေး ကြေငြာခဲ့သည်။ ၁၉၆၂ စက်တင်ဘာတွင် ခွဲရေးတွဲရေး ဆန္ဒခံယူပွဲ၏ ရလာဒ်ကြောင့် မလာယာ၊ ဆာဘား နှင့် ဆာရာဝက်တို့ နှင့်အတူ မလေးရှား ဖက်ဒရယ်ပြည်ထောင်စုနှင့် ပူးပေါင်းခဲ့သည်။ သို့သော် ၂ နှစ်အကြာတွင် ပြည်နယ်၏ ပီအေပီ အစိုးရနှင့် ဖက်ဒရယ် ကွာလာလမ်ပူ အစိုးရတို့ အယူအဆပိုင်းဆိုင်ရာ အကြီးအကျယ်အငြင်းပွားမှု တို့ကြောင့် စင်ကာပူသည် ဖက်ဒရယ်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည်။ စင်ကာပူသည် ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင်ရပ်တည်ခဲ့သည်။ ယူစွတ်ဘင်အီရှက်သည် စင်ကာပူ၏ ပထမဆုံးသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး လီကွမ်းယုမှာ ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေခဲ့သည်။

မိမိဘာသာ ပြည့်စုံလုံလောက်အောင် ကြိုးစားသော်လည်း နိုင်ငံအသစ်တစ်ခုအနေနှင့် စင်ကာပူသည် အလုပ်လက်မဲ့ဦးရေ ပေါများခြင်း၊ နေအိမ်အလုံအလောက်မရှိခြင်း၊ မြေနေရာ နှင့် သဘာဝ အရင်းအမြစ် ရှားပါးခြင်းစသည့် ပြဿနာများနှင့် ကြုံတွေ့ရသည်။ လီကွမ်းယူ ဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်ခဲ့သော ၁၉၅၉ မှ ၁၉၉၀ အထိအချိန်ကာလအတွင်း သူ၏အစိုးရသည် အလုပ်လက်မဲ့များပြားသည့် ပြဿနာ၊ လူနေမှုအဆင့်အတန်းကို မြှင့်တင်ခြင်း နှင့် ပြည်သူ့အိမ်ရာ စီမံကိန်းအများအပြားကို အကောင်အထည်ဖော်ခြင်း စသည့် ပြသနာများကို ဖြေရှင်းခဲ့သည်။ ထိုအချိန်သည် နိုင်ငံ၏ စီးပွားရေး အခြေခံအဆောက်အအုံ၏ အုတ်မြစ်ကို ချပေးခဲ့သော အချိန်ကာလဖြစ်သည်။ လူမျိုးရေးပြသနာများ၏ ခြိမ်းချောက်မှုများကိုလည်း ထိန်းချုပ်ပေးခဲ့ပြီး ယောက်ျားလေးတိုင်း စစ်မှုမထမ်းမနေရစနစ်ဖြင့် လွတ်လပ်သောနိုင်ငံ၏ ကာကွယ်ရေးစနစ်တကို တည်ဆောက်ခဲ့သည်။

စင်္ကာပူနိုင်ငံသည် စင်ကာပူကျွန်း သို့မဟုတ် မလေးဘာသာဖြင့် ပုလော ဥဂျွန်းဟု ခေါ်သော အဓိက ကျွန်းကြီးအပါအဝင် ကျွန်းပေါင်း (၆၃) ကျွန်းဖြင့် ဖွဲ့စည်းထားသည်။ လူတို့ တည်ဆောက်ထားသော မလေးရှားနိုင်ငံ ဂျဟိုးမြို့နှင့် ဆက်သွယ်ထားသည့် တံတား နှစ်ခု ရှိသည်။ ပထမတစ်ခုမှာ မြောက်ပိုင်းရှိ ဂျဟိုး-စင်ကာပူ ကော့စ်ဝေး တံတားရှိပြီး အနောက်ဘက်တွင် တွားစ် ဒုတိယ ဆက်သွယ်ရေးလမ်း တံတား ဟုခေါ်သော တံတားတစ်စင်း ရှိသည်။ စင်ကာပူရှိ ကျွန်းငယ်လေးများထဲတွင် ဂျူရောင်းကျွန်း၊ ပုလောတီကောင်း ကျွန်း၊ ပုလော အူဘင် ကျွန်း နှင့် ဆန်တိုဆာ ကျွန်းတို့မှာ အကြီးဆုံး ဖြစ်သည်။ သဘာဝ အလျှောက် အမြင့်ဆုံး နေရာမှာ ဘူကစ်တီးမားတောင် ဖြစ်ပြီး ၅၃၇ ပေ (၁၆၃.၆၃ မီတာ) မြင့်သည်။

၁၉၉၀ တွင် ဂိုချုပ်တောင်မှ လီကွမ်းယု၏ ဝန်ကြီးချုပ်နေရာကို ဆက်ခံခဲ့သည်။ သူ၏အချိန်ကာလအတွင်းတွင် ၁၉၉၇ အာရှစီးပွားရေး ပြဿနာ ၏ ရိုက်ခတ်မှုများ၊ ၂၀၀၃ ခုနှစ် ဆားရောဂါ ပျံနှံ့မှု၊ စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှုအပြီး ဂျမားအစ္စလာမ်မီးယားအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မည့် ခြိမ်းခြောက်မှုများကို ဖြေရှင်းပေးခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် လီကွမ်းယု၏ သားအကြီးဆုံးဖြစ်သည့် လီရှန်လုံးသည် စင်ကာပူ၏ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ သူ၏ ဆုံးဖြတ်ချက်များထဲမှ မှတ်သားလောက်သော ဆုံးဖြတ်ချက်မှာ နိုင်ငံခြားကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်ရန်အတွက် ကာစီနို လောင်းကစားရုံဖွင့်လှစ်မည့် အစီအစဉ်ပင် ဖြစ်သည်။

စင်ကာပူသည် ဝက်မင်စတာစနစ် ကျင့်သုံးသော ပါလီမန် ဒီမိုကရေစီနိုင်ငံဖြစ်ပြီး အစိုးရတွင် လွှတ်တော်တစ်ခုတည်းသာရှိ၍ မဲဆန္ဒနယ် အသီးသီးကို ကိုယ်စားပြုသော ကိုယ်စားလှယ်များပါဝင်သည်။ စင်ကာပူနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးစနစ်ကို ကိုယ်စားပြုပါဝင်သော ဒီမိုကရေစီစနစ်အဖြစ် ပြဌာန်းထားသည်။ ဖရီးဒမ်း ဟောက်စ်မှ စင်ကာပူအား ကမ္ဘာ့လွတ်လပ်မှု အစီရင်ခံစာတွင် တစ်စိတ်တစ်ပိုင်း လွတ်လပ်သော နိုင်ငံအဖြစ် ဖော်ပြထားပြီး အီကော်နောမစ် မဂ္ဂဇင်းကမူ စင်ကာပူ နိုင်ငံအား ဒီမိုကရေစီ ညွှန်းကိန်းတွင် ၄ ဆင့် ရှိသည့် အနက် တတိယ အဆင့် အဖြစ် သတ်မှတ်ထားသည်။ စင်ကာပူအား အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့မှ ကမ္ဘာပေါ်တွင် ခြစားမှု အကင်းဆုံး နိုင်ငံ အဖြစ် အစဉ်တစိုက် သတ်မှတ်လေ့ ရှိသည်။

အုပ်ချုပ်ရေးအာဏာသည် ဝန်ကြီးချုပ်နှင့် သမ္မတ ဦးဆောင်သော အစိုးရ အဖွဲ့တွင် ရှိသည်။ သမ္မတအား တစ်နိုင်ငံလုံးမှ မဲစနစ်ဖြင့် ရွေးချယ်လေ့ ရှိပြီး နိုင်ငံတော်၏ပိုင်ဆိုင်မှုများ နှင့် တရားသူကြီးများ ရွေးချယ်ခြင်းစသော ကိစ္စရပ်များ နှင့် ပတ်သက်လျှင် ဗီတိုအာဏာ ကျင့်သုံးနိုင်သော အခွင့်ရှိပြီး ကျန်သောအချိန်များတွင်မူ ပြယုဂ်ရာထူးတစ်ခုသာလျှင် ဖြစ်သည်။

စင်ကာပူနိုင်ငံ၏ ဥပဒေမှာ အင်္ဂလိပ် အများသုံး ဥပဒေကို အခြေခံထားသော်လည်း ကွဲလွဲချက်အချို့ရှိသည်။ ၁၉၇၀ ခုနှစ်တွင် ဂျူရီလူကြီးများဖြင့် ဆုံးဖြတ်သော စနစ်ကို ဖျက်သိမ်းခဲ့ပြီး တရားစီရင်ခြင်းကို တရားသူကြီး တစ်ဦးကသာ ဆုံးဖြတ်တော့သည်။ စင်ကာပူတွင် ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးမှုများ ရှိပြီး မုဒိမ်းမှု၊ အဓိကရုဏ်းမှု၊ ဖျက်ဆီးမှုနှင့် အချို့သော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြစ်မှုများ အတွက် ကြိမ်ဒဏ်ပေးသော စနစ် ရှိသည်။

လူသတ်မှုနှင့် အချို့သော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သေနတ်နှင့်ပတ်သက်သော ပြစ်မှုများအတွက် မပေးမနေရ သေဒဏ်စနစ် ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့၏ အဆိုအရ အချို့သော တရားဥပဒေကျင့်သုံးမှုများမှာ အပြစ်ရှိကြောင်းမပြနိုင်မချင်း အပြစ်ကင်းမဲ့သည် ဆိုသော တရားခံ၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ ရှိသည်ဟု ဆိုထားပြီး ကမ္ဘာပေါ်တွင် လူဦးရေ အချိုးအစားအရ တွက်ကြည့်လျှင် သေဒဏ်ပေးမှု အမြင့်မားဆုံး ဖြစ်သည်ဟု ဆိုထားသည်။ အစိုးရက လူ့အခွင့်အရေး အဖွဲ့၏ ပြောကြားချက်ကို ပြန်လည် ငြင်းချက် ထုတ်ခဲ့သည်။ ၂၀၀၈ ခုနှစ် စစ်တမ်းအရ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဆိုင်ရာ ဝန်ထမ်းများက အာရှ၌ စင်ကာပူ နှင့် ဟောင်ကောင်တို့တွင် အကောင်းဆုံး တရားစီရင်ရေး စနစ် ရှိသည်ဟု ယုံကြည်ကြသည်။

စင်ကာပူနိုင်ငံ၏ စစ်တပ်သည် မည်သို့ပင် ဆိုစေကာမူ အရှေ့တောင် အာရှတွင် နည်းပညာ အားဖြင့် အမြင့်မားဆုံး စစ်တပ် ဖြစ်သည်။ စင်ကာပူ စစ်တပ်တွင် စစ်ကာပူ ကြည်းတပ်၊ စင်ကာပူ သမ္မတနိုင်ငံ ရေတပ် နှင့် စင်ကာပူ သမ္မတနိုင်ငံ လေတပ်တို့ ပါဝင်သည်။ စင်ကာပူ စစ်တပ်သည် နိုင်ငံ၏ လွတ်လပ်ရေးကို အာမခံပေးသူ အဖြစ် ရှုမြင်ကြသည်။စင်ကာပူ၏ စစ်ရေးဆိုင်ရာ အတွေးအခေါ်မှာ သံတမန်ရေး နှင့် တားဆီးကာကွယ်ရေး အတွက် ရည်ရွယ်သည်။ ထိုအယူအဆမှ ယဉ်ကျေးမှု အဖြစ် အသွင်ပြောင်းပြီး နိုင်ငံသားတိုင်း နိုင်ငံ ကာကွယ်ရေး အတွက် ပါဝင် ဆောင်ရွက်ကြသည်။အစိုးရသည် နိုင်ငံ ဂျီဒီပီ၏ ၄.၉% ကို စစ်တပ် အတွက် အသုံးပြုပြီး အစိုးရ သုံးစွဲသော ငွေ ၄ ဒေါ်လာတွင် ၁ ဒေါ်လာမှာ ကာကွယ်ရေး အတွက် ဖြစ်သည်

စင်ကာပူ စစ်တပ်

စင်ကာပူ စစ်တပ်သည် သမာရိုးကျနှင့် သမာရိုးကျ မဟုတ်သော စစ်ပွဲများ အတွင်း ပြသနာပေါင်း များစွာကို ဖြေရှင်းပေးနိုင်ရန် လေ့ကျင့် ပေးထားသည်။ ကာကွယ်ရေး သိပ္ပံ နှင့် နည်းပညာ အေဂျင်စီသည် စစ်တပ်နှင့် ဆိုင်သော အရင်းအမြစ်များ ဝယ်ယူရန် တာဝန်ရှိသူ ဖြစ်သည်။ စင်ကာပူ၏ ပထဝီ အနေအထား အရ စင်ကာပူ စစ်တပ်အနေဖြင့် တိုက်ခိုက်မှုကို အပြည့်အဝ တွန်းလှန်နိုင်ရန် ပြင်ဆင် ထားရပြီး ဆုတ်ခွာရန် နှင့် ပြန်လည် စုစည်းရန် မဖြစ်နိုင်ပေ။ လူဦးရေ အနည်းငယ်မျှသာ ရှိခြင်းကလည်း စင်ကာပူ စစ်တပ်၏ ဖွဲ့စည်းပုံကို သက်ရောက်မှု ရှိစေသည်။ အမြဲတမ်း စစ်သား အနည်းငယ်သာ ရှိပြီး အရန်အင်အားမှာ အများ အပြား ရှိသည်။

စင်ကာပူတွင် သန်စွမ်းသော ယောက်ျားလေးတိုင်း ၁၈ နှစ်တွင် စစ်မှု မထမ်း မနေရ အမိန့် စတင်သည်။ ရာဇဝတ်မှတ်တမ်း ရှိသူများနှင့် ၎င်းတို့ မရှိသည့် အချိန်တွင် မိသားစု အတွက် အခက်အခဲများ ခံစားရနိုင်ကြောင်း သက်သေပြနိုင်သူများသာ လွတ်ကင်းသည်။ တက္ကသိုလ် အကြို ပညာရေးကို မပြီးဆုံးသေးသူများ နှင့် အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှု ကော်မရှင်မှ စကော်လာရှစ် ရရှိထားသူများ အနေနှင့် စစ်မှု မထမ်းမနေရ အချိန်ကို ရွှေ့ဆိုင်းနိုင်သည်။ စစ်မှုမထမ်း မနေရ မဟုတ်သော်လည်း စင်ကာပူ စစ်တပ် အတွင်း မိန်းကလေး ဦးရေမှာ များပြားလာလျှက် ရှိသည်။

ပင်မ ကျွန်းမကြီးပေါ်တွင် မြေနေရာလွတ် ရှားပါးသောကြောင့် ကျည်ဆံ အစစ်ဖြင့် သေနတ်ပစ်ခြင်း နှင့် ကမ်းတက် တိုက်ပွဲ လေ့ကျင့်ခြင်း အစရှိသော လေ့ကျင့်မှုများကို အရပ်သားများ ဝင်ရောက်ရန် တားမြစ်ထားသော ကျွန်းငယ်ကလေးများပေါ်တွင် ပြုလုပ်လေ့ ရှိသည်။ ထို့အတွက်ကြောင့် ကျွန်းမကြီး နှင့် မြို့အား အန္တရာယ် ကျရောက်မှုမှ ရှောင်ရှားနိုင်သည်။ သို့သော်လည်း ကြီးမားသော လေ့ကျင့်မှုများ အတွက် ထိုနေရာများတွင် ပြုလုပ်ရန် အန္တရာယ် ရှိသဖြင့် ၁၉၇၅ မှစ၍ ထိုသို့သော လေ့ကျင့်မှုများကို ထိုင်ဝမ်တွင် ပြုလုပ်လေ့ ရှိသည်။လေ့ကျင့်မှုများကို အခြားသော နိုင်ငံ တစ်ဒါဇင်ခန့်တွင်လည်း ပြုလုပ်ကြသည်။ ယေဘုယျအားဖြင့် နိုင်ငံခြား စစ်တပ်များနှင့် တွဲဖက် လေ့ကျင့်မှုကို တစ်ပတ်လျှင် တစ်ကြိမ် နှစ်ကြိမ်မျှ ပြုလုပ်လေ့ ရှိသည်။

စင်ကာပူသည် အချို့သော စီးပွားရေး ကဏ္ဍများတွင် ကမ္ဘာ့ ရှေ့ဆောင် နိုင်ငံတစ်နိုင်ငံ အဖြစ်တည်ရှိသည်။ စင်ကာပူသည် ကမ္ဘာ့ စတုတ္ထမြောက် ဦးဆောင်ဦးရွက်ပြုရာ ငွေကြေးဌာန တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး ကက်စီနို လောင်းကစား ပြုရာ နေရာ ဖြစ်သည့်အပြင် ကမ္ဘာပေါ်ရှိ ထိပ်တန်း ရေနံချက်လုပ်ရာ နေရာ သုံးခုတွင် တစ်ခု အပါအဝင် ဖြစ်ပြီး ကမ္ဘာပေါ်တွင် အများဆုံး ရေနံတူးစင် ထုတ်လုပ်ရာ နှင့် သင်္ဘောများ ပြင်ဆင်ရေး အတွက် အဓိက နေရာတစ်ခုလည်း ဖြစ်သည်။ကမ္ဘာ့ဘဏ်မှ စင်ကာပူနိုင်ငံအား ကမ္ဘာပေါ်တွင် စီးပွားရေး လုပ်ရန် အလွယ်ကူဆုံး နေရာ တစ်ခု အဖြစ် သတ်မှတ်ဖော်ပြခဲ့ပြီး ကမ္ဘာပေါ်တွင် ထိပ်ဆုံး ထောက်ပံ့ပို့ဆောင်ရေး ဌာန တစ်ခု အဖြစ် အဆင့်သတ်မှတ် ခဲ့သည်။ စတုတ္ထအကြိမ် ထုတ် ကမ္ဘာလုံးဆိုင်ရာ စိမ်းလန်းသော စီးပွားရေး ညွှန်းကိန်းမှ ကျွမ်းကျင်သူများမှ စင်ကာပူအား ကမ္ဘာပေါ်တွင် သတ္တမမြောက် အစိမ်းလန်းဆုံး မြို့တော် တစ်ခု အဖြစ် အဆင့်သတ်မှတ်ခဲ့သည်။

စင်ကာပူ၏ အကြီးဆုံး ကုမ္ပဏီများမှာ ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး နှင့် ကုန်ထုတ်လုပ်ရေး ကဏ္ဍများတွင် ပါဝင်ကာ အများစုမှာ နိုင်ငံတော်မှ ဦးဆောင်ဦးရွက်ပြု လုပ်ကိုင်ရာ စီးပွားရေး လုပ်ငန်းများ ဖြစ်ပြီး စင်ကာပူ စတော့ခ် အိတ်ချိန်းတွင် ရှယ်ယာ အရောင်းအဝယ်ပြုကြသည်။ ၎င်းတို့ ထဲတွင် ဆင်းတဲလ် ခေါ် စင်ကာပူ ဆက်သွယ်ရေး ကုမ္ပဏီ၊ စင်ကာပူ တက်ခနော်လော်ဂျီ အင်ဂျင်နီယာရင်း၊ ကပ်ပဲလ် ကော်ပိုရေးရှင်း၊ အိုစီဘီစီ ခေါ် ပြည်ပတရုတ်ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်း၊ ဒီဘီအက်စ် ခေါ် စင်ကာပူ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ယူအိုဘီ ခေါ် စည်းလုံးသော ပြည်ပဘဏ် စသည့် ကုမ္ပဏီများ ပါဝင်သည်။ ၂၀၁၁ ခုနှစ် ကမ္ဘာ့ စီးပွားရေး မတည်ငြိမ်မှု များ အတွင်းတွင်ပင် ဘလွန်းဘတ်၏ စစ်တမ်းအရ အိုစီဘီစီ၊ ဒီဘီအက်စ် နှင့် ယူအိုဘီ ဘဏ်များကို ကမ္ဘာ့ နံပါတ် ၁၊ ၅ နှင့် ၆ တို့ အနေနှင့် အသီးသီး အဆင့်သတ်မှတ် ဖော်ပြခံခဲ့ရသည်။

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှာလည်း စီးပွားရေး၏ ကြီးမားသော အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွားပေါင်း ၁၅ သန်းကျော်တို့ စင်ကာပူသို့ လာရောက် လည်ပတ်ခဲ့ကြသည်။ စင်ကာပူသည် ပညာရေး အချက်အခြာ ဌာန တစ်ခုလည်း ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် နိုင်ငံတကာ ကျောင်းသားပေါင်း ၈၀,၀၀၀ ကျော် လာရောက် ပညာသင်ကြား ကြသည်။ စင်ကာပူသည် ဖွံ့ဖြိုးပြီးနိုင်ငံများ ထဲတွင် ကျန်းမာရေးအသုံးစရိတ် နည်းပါးသော နိုင်ငံ ဖြစ်သော်လည်း ယေဘုယျအားဖြင့် ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ် ရှိသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ ကမ္ဘာ့ ကျန်းမာရေး အစီရင်ခံစာတွင် စင်ကာပူ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အား ကမ္ဘာ့ အဆင့် ၆ အဖြစ် သတ်မှတ်ခဲ့သည်။ ယေဘုယျ အားဖြင့် စင်ကာပူသည် ယခင် ဆယ်စုနှစ် ၂ ခု အတွင်း ကမ္ဘာပေါ်တွင် မွေးကင်းစ ကလေး သေဆုံးမှုနှုန်း အနည်းဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

စင်ကာပူတွင် အင်တာနက် ချိတ်ဆက်မှုကို အင်တာနက် ဝန်ဆောင်သူများမှ ပြုလုပ်ပေးကြပြီး ၁ စက္ကန့်လျှင် ၁ ဂစ်ဂါဘိုက် အထိ ရှိသော အိမ်သုံး အင်တာနက်များကို တပ်ဆင်ပေးသည်။ ထိုသို့ ဂစ်ဂါဘစ် အထိ မြန်နှုန်း ရှိသော ကွန်ယက်များကြောင့် ပို့ကုန် တင်ပို့မှုကို တိုးမြှင့်နိုင်ခဲ့ပြီး ၂၀၀၆ တွင် အလုပ်ပေါင်း ၈၀,၀၀၀ ကျော်ကို ဖန်တီး ပေးနိုင်ခဲ့သည်။မိုဘိုင်းဖုန်း အသုံးပြုမှုမှာ အလွန်မြင့်မားပြီး လူ ၁၀၀ လျှင် မိုဘိုင်းဖုန်း ၁၄၈ လိုင်း ရှိသည်။ စင်ကာပူသည် လူဦးရေ အလွန်သိပ်သည်းသော သေးငယ်သော ကျွန်းကလေး တစ်ကျွန်း ဖြစ်သဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချနိုင်ရန် နှင့် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရန် လမ်းများပေါ်တွင် သွားလာနေသော ကိုယ်ပိုင်ကား စီးရေကို ကန့်သတ် ထားသည်။

ကားဝယ်ယူသူများသည် ကားတန်ဖိုး၏ ဈေးကွက်ပေါက်ဈေး တစ်ဆခွဲမျှသော အခွန်ကို ပေးဆောင်ရပြီး စင်ကာပူ စီအိုအီး ခေါ် ကားပိုင်ဆိုင်ခွင့် လက်မှတ်ကို လေလံဆွဲ ဝယ်ယူရပြီး ထိုလက်မှတ် ရှိပါက ကားကို လမ်းမပေါ်တွင် ဆယ်စုနှစ် တစ်ခုစာမျှ မောင်းနှင် နိုင်သည်။ စင်ကာပူ ကားပိုင်ဆိုင်ခွင့် လက်မှတ်တစ်ခု၏ တန်ဖိုးဖြင့်ပင် အမေရိကန်ပြည်ထောင်စုတွင် ပေါ့ရှ် ဘောက်စတာ ကားတစ်စင်း ဝယ်ယူနိုင်သည်။ စင်ကာပူရှိ ကားတန်ဖိုးမှာ အခြား အင်္ဂလိပ်စကား ပြောသော နိုင်ငံများထက် သိသိသာသာပင် များပြားသည်။ အခြားသော ဓနသဟာယနိုင်ငံများ ကဲ့သို့ပင် လမ်းပေါ်ရှိ ကားများ နှင့် လမ်းပေါ်တွင် လျှောက်သောသူများ လက်ဝဲဘက်သို့ ကပ်၍ သွားကြသည်။

စင်ကာပူတွင် လူတိုင်း ရေကောင်းရေသန့်ကို သင့်တင့်သော ဈေးဖြင့် လုံလောက်စွာ ရရှိနိုင်သည်။ ထူးခြားဆန်းသစ်သော ရေကို စီမံခန့်ခွဲမှု နည်းလမ်းများဖြစ်သည့် သုံးပြီးသားရေကို ပြန်လည် သုံးစွဲခြင်း၊ မိုးရေကို သိုလှောင်ထားသော ကန့်သတ် နယ်မြေများကို တည်ဆောက်ခြင်း၊ မြစ်ဝ နေရာကို ရေချို သိုလှောင်ရာ နေရာ အဖြစ် အသုံးပြုခြင်း၊ ပင်လယ်ရေမှ ဆားကို ဖယ်ထုတ်ခြင်း စသည့်နည်းလမ်းကို ပေါင်းစပပ် အသုံးပြုခြင်းဖြင့် အိမ်နီးချင်း မလေးရှားနိုင်ငံမှ တင်ပို့သော ရေကို မှီခိုနေခြင်းကို လျှော့ချ နိုင်ရန် ပြုလုပ်ကြသည်။

၂၀၁၅ ခုနှစ် နှစ်လည်တွင် စင်ကာပူ၏ ခန့်မှန်း လူဦးရေမှာ ၅,၅၃၅,၀၀၀ ဦး ရှိပြီး ၃,၃၇၅,၀၀ ဦး(၆၀.၉၈%) မှာ စင်ကာပူနိုင်ငံသားများ ဖြစ်ကြသည်။ ကျန်ရှိနေသော ၂,၁၆၀,၀၀၀ ဦး (၃၉.၀၂%) တွင် အမြဲတမ်း နေထိုင်သူ ၅၂၇,၇၀၀ ဦး ၊ နိုင်ငံခြား ကျောင်းသား၊ အလုပ်သမား၊ မှီခိုသူပေါင်း ၁,၆၃၂,၃၀၀ ဦး မျှရှိသည်။ ၂၀၁၀ ခုနှစ် နိုင်ငံ၏ နောက်ဆုံး ကောက်ခံသည့် လူဦးရေ စာရင်းတွင် စင်ကာပူ နိုင်ငံသားနှင့် အမြဲတမ်းနေထိုင်သူတို့၏ ၂၃% မှာ ပြည်ပတွင် မွေးဖွားသူများ ဖြစ်ကြသည်။ စင်ကာပူ နိုင်ငံသား၏ ၁၀% မှာ နိုင်ငံခြားတွင် မွေးဖွားပြီး နိုင်ငံသား အဖြစ်ပြောင်းလဲလာသူများဟု ဆိုနိုင်သည်။ နိုင်ငံခြားသားများကိုပါ ထည့်၍ ရေတွက်မည် ဆိုလျှင် နိုင်ငံအတွင်း နေထိုင်သူ၏ ၄၃% မှာ နိုင်ငံခြားတွင် မွေးဖွားသူများ ဖြစ်ကြသည်။ ထိုလူဦးရေ စာရင်းမှ သိရသော အခြား အစီရင်ခံချက် တစ်ခုမှာ နိုင်ငံအတွင်း နေထိုင်သူများ၏ ၇၄.၁% မှာ တရုတ်လူမျိုး၊ ၁၃.၄% မှာ မလေးလူမျိုး၊ ၉.၂ % မှာ အိန္ဒိယ လူမျိုး နှင့် အခြား ၃.၃% မှာ ယူရေးရှန်း အပါအဝင် အခြား လူမျိုးများ ဖြစ်သည်။

ဗုဒ္ဓဘာသာသည် စင်ကာပူတွင် ကိုးကွယ်သူ အများဆုံး ဘာသာတစ်ခုဖြစ်ပြီး နောက်ဆုံး လူဦးရေ စာရင်းအရ နေထိုင်သူ၏ ၃၃% သည် ဗုဒ္ဓဘာသာ ကိုးကွယ်သူများ အဖြစ် ကြေငြာကြသည်။ ဒုတိယမြောက် ကိုးကွယ်သူ အများဆုံး ဘာသာမှာ ခရစ်ယာန်ဘာသာ ဖြစ်ပြီး ၎င်း၏ နောက်တွင် အစ္စလာမ်ဘာသာ ၊ တာအိုဘာသာ၊ ဟိန္ဒူဘာသာ တို့က အစဉ်လိုက် ရှိသည်။ လူဦးရေ၏ ၁၇% မှာ မည်သည့်ဘာသာကိုမျှ မကိုးကွယ်ပေ။ ၂၀၀၀ ခုနှစ် နှင့် ၂၀၁၀ ခုနှစ် ကြားတွင် ခရစ်ယာန်၊ တာအိုဘာသာ နှင့် ဘာသာမဲ့ ဦးရေမှာ ၃% စီ တိုးတက်လာခဲ့သဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်သူ ရာနှုန်းမှာ လျော့နည်း သွားခဲ့သည်။ အခြားသော ကိုးကွယ် ယုံကြည်မှုများ၏ ရာခိုင်နှုန်းမှာ ယခင် အတိုင်း ဆက်လက် တည်ရှိနေခဲ့သည်။ ပြူး သုတေသန ဌာန၏ လေ့လာ ဆန်းစစ် ချက် အရ စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘာသာတရား အမျိုးမျိုး ကွဲပြားခြားနားရာ အများဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ် တွေ့ရသည်။

စင်ကာပူတွင် အင်္ဂလိပ်၊ မလေး၊ မန်ဒရင် တရုတ် နှင့် ကလယ် ဟူ၍ ဘာသာစကား လေးမျိုး ရှိသည်။ အင်္ဂလိပ် ဘာသာစကားမှာ အများသုံး ဘာသာစကားဖြစ်ပြီး စီးပွားရေးလုပ်ငန်းသုံး၊ အစိုးရသုံး နှင့် ကျောင်းများတွင် သင်ကြားပို့ချရာ ကြားခံဘာသာစကား ဖြစ်သည်။ စင်ကာပူနိုင်ငံသည် ပုံမှန်အားဖြင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အလုပ်လက်မဲ့နှုန်း အနည်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ယခင် ဆယ်စုနှစ် များအတွင်း စင်ကာပူနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၄% ထက် မကျော်ခဲ့ပေ။ ၂၀၀၉ ခုနှစ် ကမ္ဘာ့ စီးပွားပျက်ကပ် အတွင်း အမြင့်ဆုံး ၃% သို့ တိုးတက်ခဲ့ပြီး ၂၀၁၅ တွင် ၁.၈% သို့ ပြန်လည် လျော့ကျ သွားခဲ့သည်။

စင်ကာပူသည် ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု အနည်းဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ယဉ်ကျေးမှုအားဖြင့် မူးယစ်ဆေးဝါး သုံးစွဲမှုကို စင်ကာပူ နိုင်ငံ သားများက အလွန်မလိုလားအပ်သော အရာတစ်ခု အဖြစ် ရှုမြင်ကြသဖြင့် ဥရောပ လူ့အဖွဲ့အစည်းများ နှင့် မတူပေ။ စင်ကာပူ နိုင်ငံသားတို့ မူးယစ်ဆေးဝါး အပေါ် မလိုလားမှုမှာ အချို့သော ပြင်းထန်သည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များအတွက် မပေးမနေရ သေဒဏ် သတ်မှတ်ထားသော ဥပဒေကြောင့် ဖြစ်သည်။ စင်ကာပူတွင် လူဦးရေ အချိုးအစားအားဖြင့် အနိမ့်ဆုံး အရက်သောက်သည့် နှုန်း ရှိပြီး ကြမ်းတမ်းသည့် ရာဇဝတ်မှာများလည်း အနည်းဆုံးဖြစ်ကာ တကမ္ဘာလုံးတွင် ရည်ရွယ်ချက် ရှိစွာ လူသတ်မှု အနိမ့်ဆုံးသော နိုင်ငံ ဖြစ်သည်။ ပျမ်းမျှ အရက်သောက်နှုန်းမှာ လူကြီး တစ်ယောက်လျှင် တစ်နှစ် ၂ လီတာမျှ ဖြစ်သဖြင့် တကမ္ဘာလုံးတွင် အနိမ့်ဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။

နိုင်ငံခြားသားများသည် လူဦးရေ၏ ၄၂% မျှ ရှိပြီး စင်ကာပူ၏ ယဉ်ကျေးမှု ပေါ်တွင် များစွာ လွှမ်းမိုးမှု ရှိသည်။ စီးပွားရေး ဉာဏ်ရည်ဉာဏ်သွေး ဌာန၏ ၂၀၁၃ ခု မည်သည့်နေရာတွင်မွေးဖွားသင့်သနည်း ကိန်းညွှန်းတွင် စင်ကာပူအား အာရှတွင် အကောင်းဆုံး ဘဝအရည်အသွေး ရှိရာ နေရာနှင့် တကမ္ဘာလုံးတွင် ဆဌမမြောက် ဘဝအရည်အသွေး ရှိရာ နေရာဟု အဆင့်သတ်မှတ် ဖော်ပြထားသည်။

http://www.schools.com.sg/articles/aboutSingapore.asp
https://freedomhouse.org/report/freedom-world/2013/singapore
Myanmar Wikipedia