စင်ကာပူမှာ ပီကေ ကို ပိတ်ပင်ထားရတဲ့ အကြောင်းရင်း

Posted on

အရှေ့တောင်အာရှက နိုင်ငံငယ်လေး တခုဖြစ်တဲ့ စင်ကာပူမှာ လူမျိုးပေါင်းစုံ နေထိုင်ကြသလို တင်းကျပ်တဲ့ စည်းကမ်းတွေ ပြဌာန်းထားပါတယ်။ စင်ကာပူမှာ ထူးထူးခြားခြား စည်းကမ်းတွေရှိတဲ့အနက်က လူသိအများဆုံး တခုကတော့ ပီကေ ဖြစ်ပါတယ်။

စင်ကာပူ မှာ ပီကေစားသုံးမှု ရောင်းချမှုကို ပိတ်ပင်ထားပြီး ဒီဥပဒေကို ချိုးဖောက်ခဲ့ရင်တော့ ငွေဒဏ် ထောင်ဒဏ်တွေ အထိ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။ တခြားနိုင်ငံအားလုံးလိုလိုမှာ ပီကေစားတာဟာ ဘာမှ မထူးဆန်းပေမယ့် စင်ကာပူမှာမှ ဘာကြောင့် ပီကေ ကို ပိတ်ထားရပါသလဲ။ ဒီတခါတော့ ဒီအကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

စင်ကာပူမှာ ပီကေကို ဘန်းထားတာ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ မဟုတ်ပါဘူး။ ၁၉၉၂ ခုနှစ်ကတည်းက ပီကေအားလုံးကို စတင်ဘန်းခဲ့တာဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ သွားကျန်းမာရေး နဲ့ ဆိုင်တဲ့ ကုသမှုတွေအတွက် နီကိုတင်း ပီကေတွေကိုတော့ ချွင်းချက်အနေနဲ့ ခွင့်ပြုခဲ့ပါတယ်။ ဒါတောင်မှ ဆရာဝန်ရဲ့ ထောက်ခံချက်ပါရဦးမှာဖြစ်ပြီး တရားဝင်ခွင့်ပြုထားတဲ့ ဆေးဆိုင်တွေမှာပဲ ဝယ်ယူလို့ရမှာဖြစ်ပါတယ်။

ပီကေတွေကို စင်ကာပူ ဘန်းဖို့ အကြံပေးခဲ့သူကတော့ နိုင်ငံ့ဖွံ့ဖြိုးရေးဝန်ကြီး Teh Cheang Wan ဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းပြချက်ကတော့ ပီကေတွေဟာ လူရမ်းကားတွေကြောင့် တိုက်တာ အဆောက်အဦးတွေမှာ အခက်အခဲတွေဖြစ်နိုင်တယ်။ စာတိုက်ပုံးတွေ ၊ သော့ပေါက် ၊ ချောင်းကြည့်ပေါက်တွေ ၊ ဓာတ်လှေကား ခလုတ်တွေမှာ လက်သရမ်းနိုင်တယ်။

ပြီးတော့ ပလက်ဖောင်းတွေ ၊ လှေကားလက်ရန်းတွေမှာ ကပ်ခဲ့တဲ့အခါ ညစ်ပတ်ကုန်မယ် ၊ ဒါတွေကို သန့်ရှင်းဖို့ စရိတ်ပိုကုန်နိုင်တယ်။ ဒါအပြင် ဘစ်စ်ကားထိုင်ခုံတွေမှာ ကပ်တဲ့အခါမျိုးမှာ ဒုက္ခရောက်ပြီ ဆိုပြီး ဖြစ်ပါတယ်။

၁၉၈၃ ခုမှာ ဒီလို ဘန်းဖို့ တင်ပြတော့ ဝန်ကြီးချုပ် လီကွမ်ယုကိုယ်တိုင်က အရမ်းပြင်းထန်လွန်းတယ် ၊ ပီကေအတွက် အဲဒီလောက်တောင် လိုလို့လားလို့ မှတ်ချက်ပြန်ပေးခဲ့ပါတယ်။ အဲဒီအချိန်က ပီကေကို မဘန်းဖြစ်ခဲ့တာကြောင့် ဆက်လက်ရောင်းဝယ် စားသုံးနေကြပါတယ်။ စင်ကာပူမှာနေထိုင်သူတော်တော်များများဟာလည်း ပီကေကို နှစ်သက်ကြပါတယ်။

ဒီလိုနဲ့ ၁၉၈၇ ခုနှစ်မှာ MRT လို့သိကြတဲ့ Mass Rapid Transit အမြန်ရထားလမ်းကို ဖွင့်လှစ်လိုက်တယ်။ ကုန်ကျစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၅ ဘီလျံကုန်ကျခဲ့တာဆိုတော့ အဲဒီအချိန်က စင်ကာပူနိုင်ငံရဲ့အကြီးဆုံး ပရောဂျက် လို့ပြောလို့ ရပါတယ်။ ဒီလို စတင်ပြေးစွဲစဉ်မှာပဲ ဖွံ့ဖြိုးရေးဝန်ကြီး ကြိုတင် တင်ပြခဲ့တဲ့အတိုင်း report တွေ တက်လာပါတော့တယ်။

ဖျက်လိုဖျက်စီး လုပ်တတ်တဲ့သူတချို့ဟာ MRT ရထားတွေရဲ့ sensor တွေ ၊ တံခါးတွေမှာ ပီကေကို ကပ်ခဲ့တဲ့အတွက် ရထားပေါ်ကို အတက်အဆင်း ၊ တံခါးအဖွင့်အပိတ်လုပ်တဲ့အခါမျိုးတွေမှာ အဆင်မပြေမှု ကြန့်ကြာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီလိုတွေဖြစ်တာဟာ ရံဖန်ရံခါမှ ဖြစ်တာဆိုပေမယ့် ဖြစ်တဲ့အခါတိုင်းမှာ ကုန်ကျစရိတ် ၊ အချိန်ကြန့်ကြာမှုတွေ ရှိခဲ့သလို လက်သည်ကို ဖမ်းမိဖို့ ဆိုတာလည်း ခက်ပါတယ်။ ဒီလိုနဲ့ ဂိုချောက်ထောင်လက်ထက် ၁၉၉၂ခုနှစ် ဇန်နဝါရီလမှာတော့ ပီကေတွေကို စတင်ဘန်းလိုက်ပါတော့တယ်။ စင်ကာပူရဲ့ ဥပဒေ အခန်း ၅၇ မှာ ပြဌာန်းအတည်ပြုပြီးတော့ ဘန်းခဲ့တာဖြစ်ပါတယ်။

ဒီလိုဘန်းပြီးတဲ့နောက်မှာတော့ ပြည်တွင်းကို ပီကေတွေ ဝင်ရောက်မှုကို ရပ်တန့်လိုက်ပါတယ်။ နိုင်ငံထဲက လက်ကျန်ပီကေတွေ ရှိတဲ့သူတွေကိုတော့ ရှင်းလင်းဖို့ အချိန်တခုပေးပါတယ်။ ပီကေရောင်းချမှုကိုတော့ အပီးပိတ်လိုက်ပါတယ်။ ဘန်းလိုက်ပြီးတဲ့နောက်မှာတော့ ပြည်သူတွေကြား ဝေဖန်အငြင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။

တချို့ကလည်း အစိုးရကို ပမာမခန့်ပြုကြပါတယ်။ ဒီမှာမရောင်းရင် တခြားကဝယ်တာပေါ့ဆိုပြီး စင်ကာပူနဲ့ ကပ်လျက်ရှိတဲ့ မလေးရှားက ပီကေတွေကို ဝယ်ယူစားသုံးကြပါတယ်။ မှောင်ခိုဈေးကွက်တော့ မဟုတ်ပဲ လက်သင့်ရာကို ဝေမျှစားသုံးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

သွားကျန်းမာရေး နဲ့ ဆိုင်တဲ့ အကြောင်းပြချက်တချို့ကြောင့် ပီကေအချို့ကိုတော့ ချွင်းချက်နဲ့ ခွင့်ပြုပေးခဲ့ပေမယ့် ဒီပိတ်ပင်မှုကိုတော့ လုံးဝဖယ်ရှားပေးခြင်း မရှိခဲ့ပါဘူး။ Wm. Wrigley လို အမေရိကန်အခြေစိုက် ပီကေ ကုမ္ပဏီကြီးတွေဟာလည်း စင်ကာပူကို ပီကေတင်သွင်းခွင့်မရတဲ့အခါ ဆုံးရှုံးမှုတွေရှိလာတာကြောင့် မီဒီယာကနေ အစိုးရကို တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

၁၉၉၉ ခုနှစ်မှာ အမေရိကန် သမ္မတ ဘီလ်ကလင်တန် နဲ့ စင်ကာပူ ဝန်ကြီးချုပ် ဂိုချောက်ထောင် တို့ နှစ်နိုင်ငံ စီးပွားရေး ကုန်သွယ်မှု ကဏ္ဍအတွက် တွေ့ဆုံးညှိနှိုင်းကြတဲ့အခါ အကြောင်းအရာ ၂ခုမှာတော့ လုံး၀ ညှိနှိုင်းလို့ မရခဲ့ပါဘူး။ အဲဒါကတော့ အီရတ်စစ်ပွဲ နဲ့ ပီကေ တို့ပဲဖြစ်ပါတယ်။

တကယ်လို့ ပီကေရောင်းချတာကို ဖမ်းမိတဲ့အခါ ပြစ်ဒဏ်အနေနဲ့ စင်ကာပူ ဒေါ်လာ ၁သိန်း ၊ ထောင်ဒဏ် ၂နှစ် ထိ ကျခံစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ ပီကေကို ပိတ်ပင်ထားမှုအပေါ် နိုင်ငံတကာ မီဒီယာတွေက မေးကြတဲ့အခါ စင်ကာပူ ခေါင်းဆောင်ကြီး လီကွမ်ယု က ဘယ်လိုဖြေတယ် ထင်ပါသလဲ။

“မင်း ပီကေ မဝါးပဲ မနေနိုင်ရင် ငှက်ပျောသီး စားကြည့်ပါလား” တဲ့……

Ref: Wiki- Chewing gum sales ban in Singapore