သစ်ပင်တစ်ပင်ဟာ သူ့အပင်လာနားတဲ့ငှက်တွေကို အလိုလိုဖမ်းတယ်ဆိုရင် သုတဇုန် မိတ်ဆွေတွေ သိပ်ယုံကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မယုံမရှိပါနဲ့ ဒီအပင်တကယ်ပဲ ရှိပါတယ်။ အပင်ရဲ့နာမည်ကတော့ Parapara(Pisonia brunoniana ) လို့ခေါ်ပါတယ်။
နယူးဇီလန်က Three Kings , the Hen နဲ့ Chicken ကျွန်းတွေမှာ အများဆုံး တွေ့ရတတ်တဲ့ ရှားပါးအပင်မျိုးဖြစ်ပါတယ်။ တခါတရံမှာတော့ ကမ်းရိုးတန်းတချို့နေရာတွေမှာ တွေ့ရတတ်ပါတယ်။
ဒီအပင်ကို ငှက်ချစ်သူတွေဟာ အလွန်မုန်းကြပါတယ်။ အကြောင်းကတော့ သူတို့ချစ်တဲ့ ငှက်ကလေးတွေကို ဖမ်းယူပြီး သေစေနိုင်လို့ဖြစ်ပါတယ်။ ဒီအပင်တွေဟာ ကျန်တဲ့ရာသီမှာ ငှက်တွေကိုမဖမ်းပေမယ့် ဆောင်းရာသီ နဲ့ နွေဦးရာသီတွေမှာတော့ ငှက်တွေကိုဖမ်းလေ့ရှိပါတယ်။
အကြောင်းကတော့ အဲဒီရာသီတွေမှာ အသီးရဲ့ထိပ်ပိုင်းဟာ အနက်ရောင်အဖြစ်ပြောင်းသွားပြီး တကယ့်ကော်လိုအစေးတွေဖြစ်ပေါ်လာတဲ့အတွက်ပါ။
ငှက်တွေကိုဖမ်းယူပုံကတော့ ဒီလိုပါ။ ထွက်လာတဲ့ ကော်လိုမျိုးအစေးတွေဟာ ပိုးမွှားအင်းဆက်လေးတွေကို မလှုပ်နိုင်အောင် ချုပ်နှောင်ထားပါတယ်။ ဒီလိုနဲ့ အပင်ရဲ့နေရာတော်တော်များများမှာ အင်းဆက်ပိုးမွှားတွေအပြည့်ဖြစ်လာတတ်ပါတယ်။ ဒီအင်းဆက် ပိုးမွှားကောင်တွေဟာ ငှက်တွေကို စွဲဆောင်ပါတယ်။
ငှက်တွေဟာ ပိုးမွှားတွေကပ်နေတဲ့ အပင်ရှိရာကို နားပြီး ပိုးမွှားတွေစားသောက်တဲ့အခါ သူတို့ရဲ့အတောင်အမွှေးတွေမှာ သစ်ပင်က ကော်အစေးတွေဟာ ကပ်လာပါတယ်။ စားသောက်ပြီး ပျံသန်းတဲ့အခါမှာတော့ ကော်အစေးတွေကပ်နေတဲ့အတွက် ပျံသန်းလို့မရတော့ပါဘူး။
အကောင်ကြီးတဲ့ငှက်တွေကတော့ ရုန်းကန်ပျံသန်းနိုင်ပေမယ့် အကောင်ငယ်တဲ့ငှက်တွေကတော့ မပျံသန်းနိုင်တော့ပဲ အပင်မှာကပ်နေရင်ကပ် ၊ မကပ်နေရင် အမွှေးနဲ့ကော်နဲ့ ကပ်ကာ အောက်ကိုပြုတ်ကျပါတယ်။ အောက်ကိုပြုတ်ကျတဲ့ငှက်တွေဟာ တောကြောင် နဲ့ ခွေးတွေရဲ့ အစာဖြစ်သွားသလို အပင်မှာကပ်နေတဲ့ငှက်တွေကလည်း နာရီပေါင်းများစွာကြာပြီးတဲ့နောက် အစာရေစာပြတ်ကာ သေဆုံးသွားလေ့ရှိပါတယ်။
Parapara ပင်တွေ အများစု မှာ ငှက်ကလေးတွေဟာ မပျံသန်းနိုင်တော့ပဲ အမွှေးအတောင်များတုပ်နှောင်ခံရသလို ဖြစ်ကာ သေဆုံးနေတတ်ကြပါတယ်။ ဒါကြောင့်လည်း ငှက်ချစ်သူတွေဟာ Parapara ပင်တွေကို မုန်းကြသလို ရှိသမျှ Parapara ပင် အကုန်လုံးကို ခုတ်ပစ်ချင်ကြပါတယ်။
ဒါပေမယ့် ရှားပါးအပင်ဖြစ်တာကြောင့် သူတို့ရဲ့ဆန္ဒမပြည့်ဝပါဘူး။ အိမ်ခြံဝန်းတွေ မြေယာတွေမှာ ဒီအပင်တွေကို လုံးဝမစိုက်ဖို့ တော့ အမြဲဆော်သြနေတတ်ကြသလို Parapara ပင်တွေရှိရာကို မကြာခဏသွားကာ ငှက်ကလေးတွေကို ကယ်တင်လျှက်ရှိပါတယ်။
VIDEO