ငယ်ငယ်က ကိုအောင်ဆန်း

Posted on

ကိုအောင်ဆန်းတို့နေထိုင်ရာ အိမ်ရှေ့တွင် ချောက်ကြီးရှိသည်။ ကိုအောင်ဆန်းတို့ သူငယ်ချင်းတစ်သိုက် ဘောလုံးကစားရာ ထိုချောက်ကြီး၏ အရှေ့ဘက်တွင် ဘီအိုစီ ကုမ္ပဏီမှ ကုလားစာရေးများ စု၍ငှားရမ်းနေထိုင်ကြသည်။ သူတို့မှာ လူပျိုလူလွတ်များဖြစ်သည်နှင့် အညီ ရယ်စရာ မောစရာများကို တဟားဟားပြောဆိုလေ့ရှိသည်ကို ကိုအောင်ဆန်းတို့အိမ်မှ အတိုင်းသားကြားရသည်။

တစ်ညတွင် ထိုအထဲမှ တစ်ယောက်က ကုလားသီချင်းတစ်ပုဒ်ကို အသံနေအသံထားနှင့် အော်ဆိုလိုက်သည်။ အတန်းကျောင်းသားမျှသာဖြစ်သော ကိုအောင်ဆန်းသည် အူယားလာကာ ကုလားစကားမတတ်ပဲ သံယောင်လိုက်ဆိုတော့သည်။ တကယ့်သီချင်းတစ်ပုဒ်ကို ကုလားသံကဲ့သို့ “ဟတပါ ၊ ဟတပါ” ဟု အော်ဆိုသည့်အခိုက် ၎င်း၏အစ်ကို ကိုဘဝင်းနိုးလာပြီး “ဒီကောင်လေး ရူးနေသလား” ဟု မာန်လိုက်မှ ရပ်တန့်သွားတော့သည်။ သူ၏ အကျင့်ကား တစ်ခါခါ အနားတွင် မည်သူရှိရှိ မရှိရှိ သူလုပ်ချင်တာကို လွတ်လွတ်လပ်လပ်လုပ်လိုက်ခြင်း ဖြစ်သည်။

သူသည် ငယ်စဉ်ကျောင်းသားဘဝကပင် တိုင်းပြည်ရေးကိစ္စများကို စိတ်ဝင်စားသူ ဖြစ်သည်။ သမ္မတကြီး ဦးစိုးသိန်း၏ ဝံသာနုတရားပွဲများကို သွားရောက်နားထောင်လေ့ရှိပြီး အိမ်သို့ပြန်ရောက်သည့်အခါတွင် “စိုးသိန်း စိုးသိန်း ၊ စိုးသိန်းကို ဂျာနယ်တစ်စောင်က ရေနံသည်သားလို့ခေါ်တယ်။ ဒါပေမယ့် ရေနံသည်ဆိုတဲ့အလုပ်ဟာ သမ္မာအာဇီဝဖြစ်တယ် ဆိုတာ သူတို့နားမလည်ဘူး” ဟု စားပွဲကို တူကလေးနှင့်ထုကာ ဦးစိုးသိန်းစတိုင်မျိုးနှင့်ပြောတတ်သည်။

ကိုအောင်ဆန်းသည် ဘောလုံးကစားနည်းမှ အပကျန်ကစားနည်းများကို စိတ်မဝင်စားချေ။ ကျောင်းသူမိန်းကလေးများနှင့် ဆက်ဆံသည့်အခါမျက်နှာတင်းတင်းနှင့် ခပ်တည်တည်နေတတ်သည်။ မိန်းကလေးအချို့က ကိုအောင်ဆန်းကို တွေ့သည့်အခါ “ဒါ ဆရာဦးဘဝင်းညီ” ဟု တီးတိုးပြောကာ ရေလာမြောင်းပေးကြသော်လည်း ကိုအောင်ဆန်းက တစ်ချက်ကလေးမျှ လှည့်မကြည့်တတ်ချေ။ မျက်နှာကတည်သလို အပေါင်းအသင်းလည်း သိပ်မရှိလှ။ အိမ်နီးနားချင်းကလေးများမှာ ကိုအောင်ဆန်းကို မြင်လျှင် ထွက်ပြေးလေ့ရှိတတ်ကြသည်။

ထိုစဉ်က ကိုအောင်ဆန်း၏ လေ့ကျင့်ခန်းစာအုပ်များကို ယူ၍ကြည့်လျှင် ပန်းချီဝါသနာပါသူတစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်။ သူအဓိကဆွဲသည့်ပုံများမှာ ဘီးဆံထုံးကြီးများကို ဆံမြိတ်ကွင်းချလျှက် မျက်စိမှိတ်နေသည်ဟု ထင်ရသော မိန်းမဦးခေါင်းပုံများဖြစ်သည်။ ထိုစဉ်ကတည်းက ကပိုကရိုနေတတ်ပြီး ၊ တစ်ခါတစ်ရံ ဖိနပ်မပါပဲ လမ်းသွားတတ်သူဖြစ်သည်။ ပေါင်းသင်းဆက်ဆံရေးတွင် ခွကျလှသဖြင့် မည်သူမျှလည်း မပေါင်းချင်ကြ။ကိုအောင်ဆန်းကလည်း ဘယ်သူပေါင်းပေါင်း မပေါင်းပေါင်း သိပ်ဂရုမစိုက်ပါ။

ငယ်ငယ်က စိတ်သိပ်မရှည်တတ်သူဖြစ်သည်။ မည်မျှ စိတ်မရှည်သလဲ ဆိုရင်စားပွဲတွင် ဟင်းခွက်အများအပြားရှိသည့်အနက် ဟင်းခွက်ထဲမှ ဟင်းဖတ်ကို ဇွန်းနှင့်ခတ်၍ မရလျှင် ဇွန်းကိုချကာ ဆက်မခပ်တော့ ၊ အခြားဟင်းခွက်များမှ ဟင်းများကိုသာ ပြောင်း၍ခတ်သည် အထိပင်။ ထိုစဉ်က သူ့ကို ပေါက်ပေါက်ရောက်ရောက်ဖြစ်မည်ဟု မည်သူမျှ မထင်ထားကြပါချေ။ ထိုသို့သော မျက်နှာထားတင်းတင်း နှင့် ကပိုကရိုနေတတ်သူ ၊ ခွကျလှသူ ၊ စိတ်မရှည်တတ်သူ ကိုအောင်ဆန်းသည် နောင်တွင် နိုင်ငံ၏ အရေးအပါဆုံးသူ ဖြစ်လာတော့သည်။

ကိုးကား :
ဆရာကြီးသခင်ကိုယ်တော်မှိုင်းတည်းဖြတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပတ္တိ စာအုပ်မှ