ဂျမေကာနိုင်ငံ အကြောင်း သိကောင်းစရာ

Posted on

ဂျမေကာ နိုင်ငံဟာ ကာရစ်ဘီယံပင်လယ်အတွင်းမှာတည်ရှိတဲ့ ကျွန်းစုနိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဂရိတ်တားအန်တီးလီစ်ကျွန်းစုအတွင်းမှာ ပါဝင်ပြီး ကာရစ်ဘီယံထဲမှာဆိုရင် ကျူဘား နဲ့ ဟစ်ပါနီယိုလာ ကျွန်းတွေပြီးတဲ့နောက် တတိယအကြီးဆုံးကျွန်းလည်းဖြစ်ပါတယ်။ ကျူးဘားနိုင်ငံရဲ့တောင်ဘက် မိုင် ၉၀ အကွာ ၊ ဟေတီ နဲ့ ဒိုမီနီကန် နိုင်ငံတွေ တည်ရှိတဲ့ ဟစ်ပါနီယိုလာ ကျွန်းရဲ့အနောက်ဘက် ၁၁၉မိုင် အကွာမှာ တည်ရှိနေပါတယ်။

ဧရိယာစတုရန်းမိုင်ပေါင်း ၄၂၄၄ ကျယ်ဝန်းပြီး ကမ္ဘာပေါ်မှာတော့ ၁၆၀ ခု မြောက်အကြီးဆုံး နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်စာရင်းအရ ဂျာမေကာနိုင်ငံရဲ့ လူဦးရေဟာ ၂.၇သန်း ကျော်ရှိပြီး ကမ္ဘာမှာတော့ ၁၄၁ ခု မြောက် လူဦးရေအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကို ရုံးသုံးဘာသာအဖြစ် သတ်မှတ်ထားပြီး Jamaican Patois ကိုတော့ အမျိုးသား ဘာသာစကားအဖြစ် သတ်မှတ်ထားပါတယ်။

နိုင်ငံရဲ့အကြီးဆုံးမြို့ နဲ့ မြို့တော်ကတော့ ကျွန်းရဲ့အရှေ့တောင်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ကင်းစတန်မြို့ ဖြစ်ပါတယ်။ မြို့နေလူဦးရေ ၁သိန်းခန့်သာ ရှိပြီး ဒေသတခုလုံး ဆိုရင်တော့ လူဦးရေ ၆သိန်းကျော် နေထိုင်ကြပါတယ်။ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ပြီး ကမ္ဘာ့ ၇ ခုမြောက်အကြီးဆုံး သဘာ၀ ပင်လယ်ဆိပ်ကမ်းရှိရာ မြို့လည်းဖြစ်ပါတယ်။ ဂျမေကာမှာ မြို့ကြီး ၃ မြို့သာ ရှိပြီး နောက်ထပ် ၂မြို့ကတော့ Portmore နဲ့ Montego Bay တို့ ဖြစ်ပါတယ်။

ယခု ဂျမေကာနိုင်ငံရှိရာနေရာမှာ ဘီစီ ၁၀၀၀ မတိုင်မီကာလကတည်းက လူတွေ အခြေချနေထိုင်ခဲ့ကြပါတယ်။ ၈၀၀ အေဒီ ခန့်မှာတော့ တောင်အမေရိကန်နေ Taíno လူမျိုးတွေ ရောက်ရှိလာခဲ့ပါတယ်။ ဂျမေကာကို ပထမဆုံး တွေ့ရှိခဲ့သူ ဥရောပသားကတော့ ကိုလံဘတ်ဖြစ်ပြီး စပိန်တွေဟာ ၁၅ စုအကုန်မှာ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေရာဟာ ၁၅၀၉ ခုနှစ်ကနေစလို့ နှစ်ပေါင်း ၁၅၀နီးပါး စပိန်တို့ရဲ့နယ်မြေတခု ဖြစ်ခဲ့ပါတယ်။

စပိန်တွေကို အင်္ဂလိပ်တွေက အနိုင်ရလိုက်ပြီးတဲ့နောက် ဒီနယ်မြေဟာ ဗြိတိသျှတို့ရဲ့နယ်မြေတခု ဖြစ်လာပြန်ပါတယ်။ အဲဒီအချိန်က ဒီကျွန်းမှာနေထိုင်သူ အများစုက လူဖြူတွေဖြစ်ပေမယ့် အင်္ဂလိပ်တွေဟာ ကြံစိုက်ပျိုးရေးအတွက် အာဖရိက လူမည်းတွေကို ခေါ်ဆောင်လာခဲ့ရာကနေ အာဖရိကသားတွေ အလွန်များပြားလာခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း နေထိုင်သူ စုစုပေါင်းရဲ့ ၉၂% ကျော်က အာဖရိကန်-ဂျမေကာ တွေ ဖြစ်ကြပါတယ်။

အင်္ဂလိပ်တို့ထံကနေ ၁၉၆၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့ ဂျမေကာ နိုင်ငံရေးသမား အလုပ်သမားခေါင်းဆောင် Alexander Bustamante က ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ဂျမေကာဟာ ဓနသဟာယအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်ပြီး ပါတီစုံ စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးပါတယ်။ ဗြိတိန်ဘုရင်မကြီးကို အကြီးအမှူးထားပြီး အုပ်ချုပ်ရေးမှူးချုပ် နဲ့ ဝန်ကြီးချုပ်တို့က အဓိကဆောင်ရွက်ရပါတယ်။ ဂျမေကာ အမျိုးသားပါတီ နဲ့ ဂျမေကာ အလုပ်သမားပါတီ တို့က ဂျမေကာရဲ့ အင်အားအကြီးဆုံး နိုင်ငံရေး ပါတီတွေ ဖြစ်ပါတယ်။

စီးပွားရေးကဏ္ဍအနေနဲ့ စိုက်ပျိုးရေး ၇.၅% ၊ စက်မှု ၂၁.၃% နဲ့ ဝန်ဆောင်မှု ၇၁.၂% ကို လုပ်ကိုင်ကြပါတယ်။ အဓိကလုပ်ကိုင်ကြတဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ ခရီးသွားလာရေးဝန်ဆောင်မှု ၊ အလူမီနာ ၊ အစားအစာ ၊ ဘိလပ်မြေ ၊ သတ္တူ ၊ စက္ကူ ၊ ဓာတုပစ္စည်း ၊ ဆက်သွယ်ရေး စတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ နိုင်ငံရဲ့ ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၅.၄၆ ဘီလျံဖြစ်ပါတယ်။ အလယ်အလတ်ဝင်ငွေရှိတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံသားတွေရဲ့နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၉၄၇၃ ဖြစ်ပါတယ်။ ဂျမေကာဒေါ်လာ JMD ကိုသုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ ဂျမေကာဒေါ်လာ ၁၅၀ နဲ့ ညီမျှပါတယ်။

ဂျမေကာ ဆိုတဲ့ စကားလုံးက Taíno တိုင်းရင်းသား ဘာသာစကားက Xaymaca ကနေ ဆင်းသက်လာခဲ့တာဖြစ်ပြီး သစ်သား နဲ့ ရေတွေရှိရာ မြေ လို့ အဓိပ္ပါယ်ရပါတယ်။ တကျွန်းလုံးမှာ သစ်တောတွေ ဖုံးလွှမ်းနေပြီး စမ်းချောင်းတွေကလည်း အနှံ့အပြားမှာ ရှိနေတာကြောင့် ဒီနာမည်ကို ပေးခဲ့ကြခြင်း ဖြစ်ပါတယ်။

Blue Mountain တောင်ဟာ ဂျမေကာရဲ့ အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ ၇၄၀၂ ပေ မြင့်ပါတယ်။ ဂျမေကာရဲ့ ကမ်းရိုးတန်းအရှည်က ၆၃၅ မိုင်ဖြစ်ပြီး ကမ်းခြေပေါင်းများစွာကို ပိုင်ဆိုင်ပါတယ်။ ဒီကမ်းခြေတွေအနက် ဖြူလွှလွှသဲသောင်ပြင်နဲ့ ၅ မိုင်ခန့် ရှည်လျားတဲ့ Negril ကမ်းခြေက အထင်ရှားဆုံး ဖြစ်ပါတယ်။

ဂျမေကာမှာ ဥယျာဉ်နယ်မြေ ၊ ဘေးမဲ့တော ကာကွယ်ထိန်းသိမ်းရေးနယ်မြေတွေ အမြောက်အများ ရှိနေပါတယ်။ ဒီအထဲမှာ အထင်ရှားဆုံးကတော့ Blue and John Crow Mountains အမျိုးသားဥယျာဉ်ကြီး ဖြစ်ပါတယ်။ စတုရန်းမိုင် ၁၉၁ ကျယ်ဝန်းပြီး နိုင်ငံဧရိယာစုစုပေါင်းရဲ့ ၄.၅% ကို ရယူထားတဲ့ ဥယျာဉ်ကြီးဖြစ်ပါတယ်။ များပြားလှတဲ့ အပင် နဲ့ သက်ရှိတိရစ္ဆာန်တွေကြောင့် ကမ္ဘာမှာထင်ရှားပြီး ၂၀၁၅ ခုနှစ်မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နယ်မြေ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဂျမေကာမှာ ရေတံခွန်တွေလည်း ရှိနေပြီး ဒီအထဲက ခရီးသွားတွေ အနှစ်သက်ဆုံးရေတံခွန်ကတော့ အမြင့်ပေ ၁၈၀ ခန့် ရှိတဲ့ ဒန်းမြစ်ရေတံခွန်ဖြစ်ပါတယ်။ ဒီရေတံခွန်ဟာ ဒေါင်လိုင် တဆက်တည်း စီးဆင်းနေတာမဟုတ်ပဲ တဆင့်ပြီး တဆင့်စီးဆင်းကာ စီးဆင်းရာတလျှောက်မှာ ရေအိုင်ငယ်လေးတွေ ရှိနေပါတယ်။ မြို့ငယ်လေး Ocho Rios အနီးမှာ ရှိနေပြီး နှစ်စဉ် ထောင်ပေါင်းများစွာသော ခရီးသွားတွေ လာရောက်လေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဂျမေကာဟာ ၁၉၃၀ ခုနှစ်မှာ ပေါ်ထွန်းခဲ့တဲ့ Rastafari ဆိုတဲ့ ကိုးကွယ်ယုံကြည်မှုအသစ် ပေါက်ဖွားရာနယ်မြေ ဖြစ်ပါတယ်။ ဒါအပြင် ငြိမ်းချမ်းရေးဂီတလို့ သိကြတဲ့ ရက်ဂေးဂီတရဲ့ မူလအစကလည်း ဂျမေကာပဲ ဖြစ်ပါတယ်။ ရက်ဂေးဂီတကို သိမ်မွေ့နက်နဲတဲ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနက်စကို စာရင်းထဲ မှာပါ ထည့်သွင်းထားခြင်း ခံရပါတယ်။ ရက်ဂေး ဂီတဟာ ဂျမေကန်လူမျိုးတွေရဲ့ ထူးခြားတဲ့ ဂီတဖြစ်ပြီး တီထွင်ကြံဆမှု၊ လူမှု နိုင်ငံရေးနဲ့ ဘာသာရေး နွယ်တဲ့ ဂီတ ဖြစ်တယ်လို့ သိရပါတယ်။

ရက်ဂေးလို့ ပြောလိုက်တာနဲ့ အတူယှဉ်တွဲပါလာသူကတော့ ဂျမေကာ အဆိုတော်ကြီး ဘော့မာလေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ဂီတနဲ့ဖော်ဆောင်တဲ့သူ လို့ လူသိများပါတယ်။ ဘော့မာလေကို ဂုဏ်ပြုတဲ့အနေနဲ့ ဘော့မာလေပြတိုက်ကို သူ့ရဲ့ဇာတိ ကင်းစတန်မြို့မှာ ဖွင့်လှစ်ထားပါတယ်။ ဘော့မာလေ နဲ့ ပတ်သက်တဲ့အရာတွေကို ပြသထားတဲ့ ဒီပြတိုက်ဟာ ကင်းစတန်မြို့ရဲ့ ခရီးသွားလာရောက်မှု အများဆုံးနေရာလည်း ဖြစ်ပါတယ်။

လင်းပိုင်ပင်လယ်ကွေ့ ဆိုတဲ့နေရာမှာတော့ လာရောက်လည်ပတ်သူတွေဟာ ရေကူးနိုင်သလို ဂျမေကာလင်းပိုင် ၊ ကာရစ်ဘီယံ ငါးမန်း နဲ့ ငါးလိပ်ကျောက်တွေရဲ့ သဘာဝတွေကို စူးစမ်းလေ့လာနိုင်ပါတယ်။

ဂျမေကာ မှာ သစ်ခွအမျိုးအစား ၂၀၀ ဝန်းကျင်လောက်ပေါက်ရောက်နေပြီး ဒီအထဲက အမျိုး ၇၀ လောက်က ကမ္ဘာ့တခြားနေရာမှာ မြင်တွေ့ရဖို့ ခဲယဉ်းတဲ့ မျိုးစိတ်တွေဖြစ်ပါတယ်။ ငှက်မျိုးစိတ်ပေါင်းလည်း ၂၅၀ လောက်ရှိပြီး ၂၆မျိုးဟာ ရှားပါးငှက်မျိုးတွေဖြစ်ပါတယ်။

ဂျမေကာမှာ Homerus swallowtail လိပ်ပြာတွေကိုလည်း နေရာအနှံ့မှာ တွေ့ရလေ့ရှိပါတယ်။ တောင်ပံအကျယ် ၆လက်မဝန်းကျင်အထိရှိတဲ့ လိပ်ပြာအကြီးစားတွေဖြစ်ပြီး ငှက်တော်တော်များများထက် ကြီးမားတဲ့ အရွယ်အစားရှိပါတယ်။

ခရစ်ကတ်ကစားနည်း နဲ့ ပြေးခုန်ပစ်တွေက ဂျမေကာရဲ့ လူကြိုက်အများဆုံး အားကစားတွေဖြစ်ပါတယ်။ George Headley, Courtney Walsh, Chris Gayle နဲ့ Michael Holding စတဲ့ ဂျမေကာသားတွေဟာ ထင်ရှားတဲ့ ကမ္ဘာကျော် ခရစ်ကတ်ကစားသမားတွေဖြစ်ပါတယ်။ ဂျမေကာဟာ အပြေးချန်ပီယံပေါင်းများစွာ ထွက်တဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်မှာ အမြန်ဆုံးလူသားလို့ကျော်ကြားတဲ့ အူစိန်ဘော့ဟာ ဂျမေကာနိုင်ငံသားဖြစ်ပါတယ်။ သူဟာ ဂျမေကာ ကိုယ်စားပြုပြီး နိုင်ငံတကာပြိုင်ပွဲအရပ်ရပ်မှာ ၂၃ကြိမ် ချန်ပီယံ ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။

Norman Manley ၊ Ian Fleming နဲ့ Sir Donald Sangster တို့ဟာ ဂျမေကာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာလေဆိပ် ၃ ခုဖြစ်ပါတယ်။ ဒီအထဲမှာ Sir Donald Sangster နိုင်ငံတကာလေဆိပ်ဟာ နိုင်ငံရဲ့ အကြီဆုံး နဲ့ အလုပ်အရှုပ်ဆုံးလေဆိပ်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တုန်းက ခရီးသွား ၁.၆သန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့ပါတယ်။

ကိုးကွယ်ယုံကြည်မှုအနေနဲ့ ခရစ်ယာန်ဘာသာကို အများဆုံးကိုးကွယ်ကြပါတယ်။ ပရိုတက်စတင့် ၆၄.၈% ၊ အခြားခရစ်ယာန် ၄.၁% ၊ Rastafarianism ၁.၁% ၊ အခြားဘာသာကိုးကွယ်သူ ၆.၅% နဲ့ ကိုးကွယ်ယုံကြည်မှုမရှိသူ ၂၁.၃% တို့ နေထိုင်ကြပါတယ်။

ဂျမေကာဟာ ဧရိယာနဲ့ အချိုးကျတွက်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ခရစ်ယာန်ဘုရားကျောင်း အများဆုံးနိုင်ငံဖြစ်ပါတယ်။ ၁မိုင်ပတ်လည်တိုင်းမှာ ဘုရားကျောင်း ၂ ခုထက်မက ရှိနေပြီး တနိုင်ငံလုံးမှာဆိုရင် ခရစ်ယာန်ဘုရားကျောင်းပေါင်း ၁၆၀၀ ကျော် ရှိနေပါတယ်။

ဂျမေကာအလံဟာ အစိမ်းရောင် နဲ့ အနက်ရောင်တွေပေါ်မှာ အဝါရောင် မျဉ်းနှစ်ကြောင်းကို ကြက်ခြေခတ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ အဝါရောင်က နေရောင်တောက်ပမှု နဲ့ တိုင်းပြည်ရဲ့ကြွယ်ဝမှု ၊ အစိမ်းရောင်က မျှော်လင့်ချက် နဲ့ စိုက်ပျိုးရေး ရင်းမြစ်ဖြစ်ထွန်းမှု ၊ အနက်ရောင်က နိုင်ငံသားတို့ရဲ့ သန်စွမ်းမှု နဲ့ ဖန်တီးနိုင်မှုစွမ်းရည် စတာတွေကို ကိုယ်စားပြုပါတယ်။