ရေးသားသူ – နိုင်းနိုင်းစနေ
ကျွန်တော်က နာမည်မရှိတဲ့ကလေးသရုပ်ဆောင်ဘဝက စခဲ့တာပါ။ ကျွန်တော် အသက်(၆)နှစ်အရွယ်မှာ ကျွန်တော့်ဖေဖေက ပြဇာတ်ရုံမှာ ကျွန်တော်ကို”ရောင်း”ခဲ့သလားတောင် ထင်ရပါတယ်။ အဲဒီကစ ပြဇာတ်တွေကို ကျွန်တော်စသင်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်အရမ်းပင်ပန်းခဲ့တယ်။ စားဖို့ရှိရင်၊ အိပ်ရရင်ပဲ ကျွန်တော်အရမ်းကျေနပ်ခဲ့တယ်။ ကျွန်တော်ရဲ့ပထမဦးဆုံးကားဖြစ်တဲ့ “Butterfly Lovers”ကို ရိုက်တုန်းက အဲဒီဇာတ်မှာ ကျွန်တော်လူသေကောင်အဖြစ် သရုပ်ဆောင်ရတယ်။ ပထမဆုံးအကြိမ် သရုပ်ဆောင်တော့ ဒါရိုက်တာက ကျွန်တော့်ကိုဒေါသတကြီး ဆဲတယ်။
“မလှုပ်နဲ့.. မင်း သေနေပြီ။ မင်းဗိုက်က ဘာလို့လှုပ်နေသေးလဲ” တဲ့။ အဲဒီမှာ ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းစိတ်ပျက်မိတယ်။ လူသေကောင်အဖြစ် သရုပ်ဆောင်တာတောင် ကျွန်တော်ကောင်းကောင်း သရုပ်မဆောင်နိုင်ခဲ့ဘူး။ အဲဒီနောက် ကျွန်တော်အသေးစိတ်ဂရုစိုက်ခဲ့တယ်။ ဘယ်အချိန်မှာ အသက်ရှုရမယ်။ ဘယ်အချိန်မှာ အသက်အောင့်မယ်။ ဘယ်အချိန်မှာ ကင်မရာက လူသေကောင်ဖက်လှည့်မယ်။ ဘယ်လိုသေရမယ်။ အဲဒီလိုနဲ့ တစ်ကြိမ်ပြီးတစ်ကြိမ်… နောက်ဆုံးမှာ ကျွန်တော်အကောင်းဆုံး “သေ”နိုင်ခဲ့ပါတယ်။
အဲဒီတုန်းက သိုင်းနည်းပြတစ်ဦးဖြစ်ဖို့ ကျွန်တော်စိတ်ကူးအိပ်မက်မက်ခဲ့တယ်။ သိုင်းနည်းပြရဲ့ဟန်ပန်က ခန့်ညားလို့ဖြစ်တယ်။ သိုင်းနည်းပြတစ်ဦးလုပ်ချင်ရင် ကင်မရာရိုက်ကွက်ကို အရင်နားလည်ရတယ်။ ဒီလိုနဲ့ ကင်မရာထမ်းသူအဖြစ် ကျွန်တော်(၂)နှစ်လုပ်ခဲ့တယ်။
အဲဒီခေတ်တုန်းက ရုပ်ရှင်သိုင်းလောကမှာ အရမ်းနာမည်ကြီးတဲ့ လူတစ်ဦးရှိတယ်။ သူက နေရာမြင့်တယ်။ နောက်လိုက်တွေများတယ်။ အဲဒီနောက်လိုက်တွေထဲမှာ ကျွန်တော်လည်း အပါအဝင်ဖြစ်တယ်။ ကျွန်တော်ကတော့ နောက်လိုက်ရဲ့နောက်လိုက်ပေါ့။ အဲဒီလူ ကျွန်တော့်ကိုသတိထားမိဖို့ သူရိုက်ကွင်းသွားတဲ့လမ်းကို ကျွန်တော်သိအောင်လုပ်ခဲ့တယ်။ သိသွားတော့ သူသွားတတ်တဲ့လမ်းတွေမှာ ကျွန်တော်နေ့တိုင်းသွားရပ်ပြီး သူ့ကိုမျက်နှာပြခဲ့တယ်။
အဲဒီလိုနဲ့ တစ်နေ့ရောက်တော့ သူက ကျွန်တော့်ရှေ့မှာကားရပ်ပြီး မေးတယ် “မင်းက ငါ့အဖွဲ့ကလား?”။ ကျွန်တော်က ဟုတ်တယ်လို့ဆိုတော့ ကျွန်တော့်ကို သူကားနဲ့လမ်းကြုံလိုက်စေတယ်။ တလမ်းလုံး ကျွန်တော်စကားတစ်ခွန်းမှမပြောဘဲ ယဉ်ယဉ်ကျေးကျေးထိုင်ပြီး လိုက်ခဲ့တယ်။ ရိုက်ကွင်းရောက်တော့ သူ့ကားကို ကျွန်တော်ဖုတ်သုတ်ပေးတယ်။ ဒီတစ်သက်မှာ ကားကိုဒီလောက်ထိပြောင်လက်အောင် ကျွန်တော်မသုတ်ခဲ့ဖူးဘူး။ သူ့ကားကို ဂျောင်ဂျိုဂျောင်ကြားမကျန် သွားကြားထိုးတံနဲ့ ကျွန်တော်သန့်ရှင်းပေးခဲ့တယ်။ အဲဒီနောက်မှာ ရိုက်ကွင်းသွားတိုင်း ကျွန်တော်ကားကြုံလိုက်ခဲ့ရတယ်။ နေ့တိုင်း သူ့ကားကိုဖုတ်သုတ်ပေးတယ်။ နောက်ဆုံးမှာ ကျွန်တော်ဟာ အဲဒီသိုင်းဆရာနံဘေးက လူသိများသူဖြစ်လာခဲ့တယ်။
ခင်ဗျားတို့ကို ကပ်ဖားတတ်ဖို့ ကျွန်တော်သင်ပေးနေတာ မဟုတ်ပါဘူး။ အနုပညာအလုပ်လုပ်နေသူက ကိုယ့်ကို လူတွေသတိထားမိလာအောင် ရှာကြံလုပ်ရတယ်။ အဲဒီတုန်းက သတင်းစာထဲမှာပါရဖို့ ကျွန်တော်ဘာမဆိုလုပ်ခဲ့တယ်။ သတင်းထောက်တွေ သတိထားမိအောင်ဆိုပြီး နေကာမျက်မှန်မည်းကြီးကို တပ်ခဲ့တယ်။ ဒါပေမဲ့ သတင်းထွက်လာရင် ကျွန်တော်ပုံမပါခဲ့ဘူး။ ကျွန်တော့်ပုံ အညှပ်ခံခဲ့ရတယ်။ နောက်တော့ ဓာတ်ပုံရိုက်ရင် မင်းသား/မင်းသမီးဘေးမှာ ကျွန်တော်သွားရပ်ပြီးရိုက်တယ်။ ဒီလိုဆိုရင် ကျွန်တော်ပုံ အညှပ်မခံရတော့ဘူး။ အဲဒီလိုနဲ့ ကျွန်တော့်ပုံ သတင်းစာထဲပါခဲ့တယ်။
လူအများသိကြတဲ့အတိုင်း ဂျက်ကီချန်းရဲ့ သရုပ်ဆောင်ချက်တွေက အသက်ကိုတောင်မမူခဲ့ပါဘူး။ သူ့လောက်အလုပ်လေးစားတဲ့လူ သရုပ်ဆောင်လောကမှာ နောက်တစ်ယောက် မရှိနိုင်ခဲ့တော့ပါဘူး။ ရုပ်ရှင်ရိုက်တုန်း သူဘယ်လောက်ဒဏ်ရာရခဲ့သလဲလို့ သရုပ်ဆောင်သင်တန်းသားတစ်ယောက်က မေးခဲ့ဖူးတယ်။
ကျွန်တော်ရခဲ့တဲ့ ဒဏ်ရာတွေက မရေမတွက်နိုင်ခဲ့ပါဘူး။ ခန္ဓာကိုယ်နေရာအနှံ့ တစ်ကြိမ်ထက်မက ကျိုးကြေဖူးသလို မီးလောင်ရာ၊ ကွဲအက်ရာ၊ ခွဲစိတ်ရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ခြေဖျားကနေ ခေါင်းအထိ ဒဏ်ရာမရခဲ့ဖူးတဲ့နေရာဆိုတာ မရှိခဲ့ပါဘူး။ ဟိုးအရင်ရုပ်ရှင်ရိုက်တုန်းက အာမခံတွေမရှိခဲ့ဘူး။ မီးလောင်တဲ့ဇာတ်ကွက်ကို ရိုက်တော့ ကျွန်တော်က တကယ့်မီးကိုသုံးခဲ့တယ်။ ကျွန်တော့်မျက်ခုံးမွေးတွေတောင် မီးလောင်သွားခဲ့ပါတယ်။ မီးအစစ်နဲ့သုံးသုံး မီးအတုနဲ့သုံးသုံး ရုပ်ရှင်ရိုက်တယ်ဆိုတာ အသက်နဲ့ကစားတာပါပဲ။
ကျွန်တော်ရဲ့ရုပ်ရှင်တွေကို ဒီကနေ့ထိ လူတော်တော်များများက ဆွေးနွေးကြတယ်။ ပြင်သစ်နိုင်ငံက တက္ကသိုလ်တချို့မှာ သင်ရိုးညွှန်းတမ်းအဖြစ် အသုံးပြုခဲ့ကြတယ်။ ကျွန်တော်ဂုဏ်ယူပါတယ်။ ကျွန်တော်ဒဏ်ရာရခဲ့တဲ့အထဲက ဒီကနေ့ထိ ကျွန်တော်မှတ်မှတ်ရရရှိနေတာက ကျွန်တော်ဦးခေါင်း (၂)ခါခွဲစိတ်ခဲ့ရတာပါပဲ။ အဲဒီတုန်းက ယူရိုစလားဗီးယားမှာ ကျွန်တော်ရောက်နေတယ်။ အဲဒီနေရာက တိုက်ပွဲလည်းဖြစ်နေတယ်။ ဆေးကုသမှုအဆင့်ကလည်း မမြင့်ဘူး။ အဲဒီတုန်းက ကျွန်တော်သေမယ်လို့ ကျွန်တော်ထင်ထားခဲ့တယ်။
အဲဒီလိုအဖြစ်အပျက်မျိုး ကြုံခဲ့ပြီးတဲ့နောက် ကျွန်တော်အခုအလုပ်လုပ်ရင် ဒီနေ့အလုပ် ဒီနေ့ပြီးအောင်လုပ်တယ်။ ဒီနှစ်မှာဘာလုပ်မလဲလို့ တွေးတယ်။ နောက်နှစ်အတွက် ကျွန်တော်မတွေးဘူး။ အသက်က အင်မတန် ကျွတ်ဆတ်တယ်၊ ကျိုးလွယ်တယ်။ ဒါကြောင့် ကျွန်တော်ရဲ့ဘဝကို ကျွန်တော်တစ်ရက်တောင် မဖြုန်းပါဘူး။ လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တန်ဖိုးရှိခဲ့ပြီလို့ ကျွန်တော်မပြောဘူး။ အနည်းဆုံးတော့ ကျွန်တော့်အတွက် ကျွန်တော်တန်ဖိုးရှိခဲ့ပါတယ်။ ပြောရရင် ယူရိုစလားဗီးယားမှာ ခွဲစိတ်ခဲ့တဲ့အဖြစ်က လူ့ဘဝကိုမြင်တဲ့ ကျွန်တော့်အမြင်ကို ပြောင်းလဲစေခဲ့တာပါပဲ။
ဟိုးအရင် တစ်ချိန်တုန်းက ဘယ်ခုနှစ်မှာ ဂျက်ကီချန်းရဲ့တစ်နှစ်တာဝင်ငွေက သန်းဘယ်လောက်ဆိုပြီး သတင်းတွေက ကြေညာခဲ့ဖူးတယ်။ ဒါကို လူငယ်အများက အရမ်းအားကျခဲ့ကြတယ်။ ဒါဟာ ကျွန်တော်ရသင့်ရထိုက်တာပါ။ နှစ်အများကြီး ကျွန်တော်စတေးခံပြီး ရလာခဲ့တာပါ။ လူငယ်တွေက တခြားလူရယူတာကိုပဲ မကြည့်သင့်ဘူး။ သူတို့ပေးဆပ်တာကိုလည်း ကြည့်သင့်ပါတယ်။ သရုပ်ဆောင်အိပ်မက်မက်နေကြတဲ့ ထောင်သောင်းများစွာသော သင်တန်းသားတွေကို ဂျက်ကီချန်းက အားမနာတမ်း ဝေဖန်ပြောကြားခဲ့ပါတယ်။
နိုင်းနိုင်းစနေ
ဂျက်ကီချမ်းရဲ့ စတန့်ပြကွက်များ