မာရီလင်မွန်ရိုး ဆိုတဲ့ နာမည်ကို တော်တော်များများကြားဖူးကြမှာပါ။ ပုရိသတွေကို အဆွဲဆောင်နိုင်ဆုံး ကမ္ဘာကျော်ဟောလိဝုဒ် မင်းသမီးအဖြစ် နာမည်ကြီးပါတယ်။ လက်ရှိအချိန်အထိ သူ့နာမည်က မှေးမှိန်မသွားသလို သူ့ရဲ့အောင်မြင်ကျော်ကြားမှုကို လိုက်မီတဲ့ နောက်တစ်ယောက်လည်း မရှိသေးပါဘူး။
မွန်ရိုး မရှိတော့တာ နှစ်ပေါင်း ၅၀ ကျေ်ာခဲ့ပြီဖြစ်ပေမယ့် သူဟာအောင်မြင်ကျော်ကြားနေဆဲပါ။ သူ့ရဲ့ပုံရိပ် နဲ့ နာမည်အသုံးပြုခ အတွက် လက်ရှိအချိန်ထိအောင် ဒေါ်လာ သန်းပေါင်းများစွာ ရရှိနေပါသေးတယ်။ ၂၀၁၉ ခုနှစ်အတွက် မွန်ရိုးရဲ့ဝင်ငွေဟာ အမေရိကန် ဒေါ်လာ ၁၃ သန်းဖြစ်ပါသတဲ့။ ဒီလောက်နာမည်ကြီးပြီး ဝင်ငွေကောင်းတဲ့ မွန်ရိုးဟာ ဘာကြောင့် ဂုန်နီအိတ်ကို ဝတ်ရပါသလဲ။ သူ့နောက်ကွယ်မှာ ဇာတ်လမ်းရှိပါတယ်။
ဒီဖြစ်ရပ်ဟာ ၁၉၅၁ ခုနှစ် မွန်ရိုး ၂၅နှစ် အရွယ် လျမ်းလျမ်းတောက် အောင်မြင်နေချိန်မှာဖြစ်ခဲ့တာပါ။ အဲဒီတုန်းက မွန်ရိုးဟာ ကယ်လီဖိုးနီးယား Beverly Hills ဟိုတယ်မှာ ကျင်းပတဲ့ ပါတီတစ်ခုကို အောက်ပိုင်းအနည်းငယ်တိုတဲ့ အနီရောင်ဝတ်စုံ ကို ဝတ်ကာ တက်ရောက်ခဲ့ပါတယ်။ ထုံးစံအတိုင်း မွန်ရိုးရဲ့အလှကို အားလုံးက ချီးကျူးကြပါတယ်။
ဒါပေမယ့် သတင်းစာတစ်စောင်ရဲ့ ပင်တိုင်ဆောင်းပါးရှင် ၊ ဂျာနယ်လစ် အမျိုးသမီးတစ်ယောက်ကတော့ ဒီမြင်ကွင်းကိုဒေါသထွက်ခဲ့တယ်လို့ ဆိုပါတယ်။ မွန်ရိုးဟာ တဏာအသားပေး အတိုအပျက်တွေကိုဝတ်ကာ ယောင်္ကျားတွေကို ဆွဲဆောင်ထားတာဖြစ်ကြောင်း ၊ အပေါစားဆန်တဲ့ အပျက်မ စတဲ့ စကားတွေကိုသုံးကာ ရှုံချခဲ့ပါတယ်။ ဒီမှာတင်မရပ်သေးပဲ ဒီလိုအဝတ်အစားတွေဝတ်မယ့်အစား ဂုန်နီအိတ်(သူတို့အခေါ်အာလူးအိတ်) ဝတ်တာကမှ ကြည့်လို့ကောင်းဦးမယ် လို့ ပြင်းပြင်းထန်ထန် ပြစ်တင်ခဲ့ပါတယ်။
ဒီဝေဖန်မှုဟာ လူတွေကြားမှာ အတော်ရေပန်းစားခဲ့ပါတယ်။ ဒီဝေဖန်မှုအတွက် ဂျာနယ်လစ်ကို စိတ်ဆိုးရမယ့် အစား မွန်ရိုးဟာ နာမည်ကျော်ရုပ်ရှင်ကုမ္ပဏီ Twentieth Century Fox နဲ့ ပူးပေါင်းကာ ထူးခြားတဲ့ အရာတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ဂျာနယ်လစ် အမျိုးသမီး ပြောခဲ့သလို ဂုန်နီအိတ်ကို အင်္ကျီသဏ္ဍာန်ပြင်ဆင်ကာ ဓာတ်ပုံရိုက်ခဲ့ခြင်းပါ။ အာလူးအိတ်ဝတ်စုံကို ဝတ်ကာ ပိုစ့်အမျိုးမျိုးပေးပြီး ရိုက်လိုက်တဲ့အခါမှာတော့ ဒီနာမည်ကျေ်ာ ဓာတ်ပုံတွေ ထွက်လာပါတော့တယ်။
ဘာဝတ်စုံပဲဝတ်ဝတ် မွန်ရိုးဟာ မွန်ရိုးပါပဲ။ အာလူးအိတ် ဝတ်လည်း မွန်ရိုးရဲ့အလှက လျော့မသွားပါဘူး လို့ မွန်ရိုးကပြောခဲ့တာပါ။ ဒီဓတ်ပုံတွေ ရိုက်ပြီးတဲ့နောက်မှာတော့ အာလူးအိတ်တွေဟာ ဖက်ရှင်တစ်ခုအဖြစ် မွန်ရိုးရဲ့အာလူးအိတ်ဝတ်စုံ Monroe’s Potato Sack Dress ဆိုပြီး အမေရိကမှာ နာမည်ကြီးသွားပါတော့တယ်။