ပလေတို (၄၂၇ ဘီစီ – ၃၄၇ ဘီစီ)
ဂရိရှေးဟောင်းဒဿနပညာရှင် ပလေတို (Plato)က အနောက်တိုင်းနိုင်ငံရေး ဒဿန (political philosophy)ကိုလည်းကောင်း၊ ကျင့်ဝတ် (ethical) နဲ့ တက္ကိက (metaphysical) တွေကိုလည်းကောင်း စတင်ပြောဟောသူ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူ့တွေးဆချက်တွေ ဖတ်ကြ၊ သင်ယူကြတာ အနှစ် ၂၃၀၀ ကျော်ခဲ့ပါပြီ။ အဲဒါကြောင့် ပလေတိုကို အနောက်တိုင်းအတွေးအခေါ်ရဲ့ ဖခင်ကြီးလို့ ပြောစမှတ်ပြုကြတာပဲ ဖြစ်ပါတယ်။
အေသင်မျိုးကြီးဆွေကြီးထဲက ခရစ်မပေါ်မီ ၄၂၇ လောက်မှာ ပလေတိုကို မွေးဖွားခဲ့ပါတယ်။ လူငယ်ဘဝက ထင်ရှားကျော်ကြားတဲ့ ဆိုကရေးတိစ် (Socrates) ကို ကြုံတွေ့ခဲ့ရလို့ ခင်မင်ရင်းနှီးပြီး ဆရာတင်ခဲ့ပါတယ်။ အသက် ၇၀ ရွယ် ဆိုကရေးတိစ်ကို၊ ဘုရားတွေကို မကြည်ညိုမလေးစားဘူး၊ အေသင်လူငယ်တွေကို လမ်းမှားပို့နေသူလို့ မရေရာတဲ့စွဲချက်တွေနဲ့ ခရစ်မပေါ်မီ ၃၉၉ မှာ သူ့ကိုသေဒဏ်ပေးခံခဲ့ရတယ်။ ပလေတိုက ဒါနဲ့ပတ်သက်ပြီး ‘ငါတွေ့ဖူးသမျှလူတွေထဲမှာ ဆိုကရေးတိစ်ဟာ ပညာဉာဏ်အကြီးဆုံး၊ တရားအမျှတဆုံးဖြစ်လို့ သူ့ကိုသုတ်သင်လိုက်တာဟာ ဒီမိုကရေစီအုပ်ချုပ်ရေးရဲ့ အမှားဖြစ်တယ်’ လို့ နာကြည်းစိတ် စွဲလမ်းကျန်ရစ်တယ်။
ဆိုကရေးတိစ်ကွယ်လွန်ပြီး နောက်မကြာခင် ပလေတိုက အေသင်ကို စွန့်ခွာပြီး နိုင်ငံရပ်ခြားတွေကို အနှစ်တစ်ဆယ်ကျော် တစ်ဆယ့်နှစ်နှစ်တိုင်အောင် ခရီးလှည့်လည်ခဲ့တယ်။ ခရစ်မပေါ်မီ ၃၈၇ မှာ အေသင်ကိုပြန်လာပြီး ‘အကယ်ဒမီ’ (Acedamy) နာမည်နဲ့ ကျောင်းတစ်ကျောင်းကို ထောင်တယ်။ အဲဒီကျောင်းဟာ အနှစ် ၉၀၀ ကျော် သက်တမ်းရှည်တယ်။ ပလေတိုဟာ သူ့တစ်သက်ရဲ့နောက်ပိုင်း အနှစ်လေးဆယ်ကျော်ကို အေသင်မှာပဲ ဒဿနိကပညာကို ရေးတယ်။ သင်တယ်။ သူ့တပည့်တွေထဲမှာ ကျော်ကြားသူက အရစ္စတိုတယ် (Aristotle) ဖြစ်တယ်။ ဒီတပည့်က အကယ်ဒမီကိုရောက်လာတော့ အသက်တစ်ဆယ့်ခုနစ်နှစ်၊ ဆရာပလေတိုက အသက် ခြောက်ဆယ်။ ပလေတို အသက်ရှစ်ဆယ်၊ ခရစ်မပေါ်မီ ၃၄၇ မှာ ကွယ်လွန်ခဲ့ပါတယ်။
ပလေတိုက နိုင်ငံရေးနဲ့ ကိုယ်ကျင့်တရားအကြောင်းရေးတာ များတယ်။ တက္ကိကနဲ့ ထာဝရဘုရား လေ့လာရေးပညာ (theology) လည်း ရေးပါတယ်။ အစုစု ကျမ်းပေါင်း သုံးဆယ့်ခြောက်ကျမ်းရေးတယ်။ အဲဒီကျမ်းတွေအကြောင်းကို စာတစ်ကြောင်းနှစ်ကြောင်းစီနဲ့ အချုပ်ရေးပေးဖို့ မလွယ်တာ အမှန်ပါ။ သူ့အတွေးကို သေးနုပ်အောင် တမင်ပေါ့ပေါ့တန်တန် ရေးလေတယ်လို့ အပြစ်မယူဘူးဆိုရင် ပလေတိုရဲ့ အကျော်ကြားဆုံး သမ္မတနိုင်ငံ (The Republic) ဆိုတဲ့ကျမ်းမှာ၊ ‘နှစ်သက်စရာ လူအဖွဲ့အစည်း (an ideal society)’ ဆိုတာ၊ သူ့သဘောထားအရ ဘယ်လိုဖြစ်မှ ဒီအဆင့်ရောက်မယ်ဆိုတဲ့အချက်ကို အချုပ်ရေးပြပါမယ်။
အုပ်ချုပ်ရေးမှာ အကောင်းဆုံးက ပလေတိုအထင် ‘မျိုးရိုးစဉ်ဆက်မင်း၊ မင်းညီမင်းသာအုပ်ချုပ်ရေး (Aristocracy) ဖြစ်တယ်။ ဒါပေမယ့် ဒီနေရာမှာ ခြွင်းချက်တစ်ခုကို သူကတင်ပြတယ်။ မင်းစဉ်မင်းဆက်ရိုးရာ သူကောင်းကို သူကြိုက်တာ မဟုတ်ပါ။ သူ့ရဲ့သူကောင်းက အရည်အချင်းမြင့်သူကို ဆိုလိုတယ်။ နိုင်ငံအတွင်း ဉာဏ်အကောင်းဆုံး အကျင့်အကောင်းဆုံး ပုဂ္ဂိုလ်ကို လူအများက မဲပေးပြီးရွေးတာမျိုးလည်း မလုပ်ပါနဲ့။ ပချင်းချင်း အကျွမ်းတဝင် (coopt) သိတဲ့အနေနဲ့ စိတ်ကြိုက်ရှာရမှာ ဖြစ်တယ်။ တစ်မျိုးပြောတော့ စောင့်ရှောက်ရေးအဖွဲ့ဝင် (guardidam class) လူတစ်စုက သူတို့အထဲမှာ ငါဖြည့်မယ်ဆိုရင် အစဉ်းသိလူတော်ကို ရှာဖြည့်ရမယ်။ ပလေတိုက ယောက်ျားရောမိန်းမပါ သူဟာ စောင့်ရှောက်ရေးအဖွဲ့ဝင် ဖြစ်ထိုက်တယ်လို့ အရည်အချင်း ပြခွင့်ပေးရမယ်။
ပထမဆုံးထင်ရှားတဲ့ ဒဿနိကဆရာတွေထဲမှာ ပလေတိုဟာ ‘အခြေခံအရ ယောက်ျား-မိန်းမ အရည်အချင်းမကွာဘူး’ ဆိုတာကို ပထမဆုံးစပြောသူ။ သူ့ကို ဒီသဘောထားမှာ ဘယ်သူမှ မထောက်ခံဘဲ သူတစ်ဦးတည်းသော ရပ်တည်ဝံ့သူဖြစ်တယ်။ အဲဒီလို တန်းတူညီတူဖြစ်ဖို့ ကလေးတွေကို ငယ်ငယ်ကစပြီး နိုင်ငံတော်က တာဝန်ယူပြီး မွေးရမယ်။ ပညာသင်ပေးရမယ်။ ကလေးအားလုံးကို ကိုယ်လက်ဖွံ့ဖြိုးဖို့ လေ့ကျင့်ခန်းတစ်ညီတည်း ပေးရမယ်။ ဒါပေမယ့် အတီး၊ အမှုတ်၊ အဆို၊ အက၊ သင်္ချာနဲ့ တခြားအကယ်ဒမီပညာချွန်ကျောင်းရဲ့ နည်းပညာတွေကိုလည်း လက်မလွှတ်ပဲ သင်ရမယ်။
မကြာခဏ အချိန်ကာလပိုင်းပြီး ဘာသာစုံစာစစ်ပွဲကြီး လုပ်ပေးရမယ်။ အဲဒီမှာ သိပ်ပြီးမထူးချွန်ဘူးဆိုရင် (အဲဒီလူငယ်ကို) လူအားလုံးပေါင်းစပ်လုပ်တဲ့ ကုန်ထုတ်ဝန်ထမ်းအဖြစ် ပို့အပ်ရမယ်။ ထူးချွန်သူတွေကို ဆက်ပြီး ကျောင်းတော်ထုံးစံက သတ်မှတ်သင်ကြားပေးတဲ့ ပညာအပြင် ဒဿနိကသင်ပေးမယ်။ ပလေတိုက ဒီနေရာမှာ တက္ကိကအယူအဆတွေကို သူ့စိတ်ကြိုက်သင်ကြားပေးနိုင်ဖို့ ရည်ရွယ်တယ်။
အသက်သုံးဆယ့်ငါး ရောက်တဲ့အခါ လူငယ်တစ်ဦးဟာ တကယ်ပဲ စိတ်ချလက်ချ ဦးတည်ချက် သဘောတရားရေးရာမှာ တတ်မြောက်ပြီလို့ ထင်ရှားသိသာရင် သူ့ကို နောက်ထပ်တစ်ဆယ့်ငါးနှစ် လက်တွေ့ပညာဆည်းပူးခိုင်းရမယ်။ အဲဒီအခါကျမှ ဒီလူဟာ သူတတ်ထားတဲ့ပညာတွေရဲ့စာတွေ့ကို လက်တွေ့ကမ္ဘာလောက လူ့ဘောင်တွင်းမှာ ဖြစ်မြောက်အောင် ဆောင်ရွက်တတ်တယ်။အဲဒီအခါမှ သူ့ကို စောင့်ရှောက်ရေးအဖွဲ့ဝင်မှာ ထည့်သွင်းလိုက်ပါလို့ ပြောတယ်။
အဲဒါအပြင် လူအများရဲ့အကျိုးစီးပွားကိုသာ လိုလားသူဖြစ်ကြောင်း ထင်ရှားသိသာတဲ့အခါမှာ စောင့်ရှောက်သူအဖြစ် ရွေးချယ်သင့်တယ်လို့ ဆိုပါတယ်။ စောင့်ရှောက်ရေးအဖွဲ့ဝင် ဖြစ်ချင်သူ နည်းပါတယ်။ စောင့်ရှောက်သူဟာ စီးပွားဥစ္စာရှိသူ မဖြစ်ရပါ။ ခေါင်းဆောင်သူမှာ ကိုယ်ပိုင်ပစ္စည်း လိုသလောက်ပဲရှိရမယ်။ မြေပိုင်အိမ်ပိုင် မရှိမှ ဖြစ်မယ်။ သိပ်မများတဲ့ ပုံသေလစာ ရမယ်။ ရွှေငွေမရှိစေရ။ သား မယားရယ်လို့ မရှိရ၊ အဖွဲ့ဝင်တွေ အတူစား၊ ကြင်ဖော်လည်း ဘုံဆိုင် (mates in common) ပဲတဲ့။ ဒီလို ဒဿနိကဘုရင် (Philosopher- Kings) တွေဟာ ပစ္စည်းဥစ္စာချမ်းသာကို မမက်၊ မရှိ၊ ပြည်သူ့ဝန်ကိုထမ်းရတာပဲ နှစ်သက်ပျော်ပိုက်မယ်။ အဲဒီလိုမှ ပလေတိုအယူနဲ့ အကောင်းဆုံးသမ္မတနိုင်ငံ ဖြစ်လာပါတယ်။
သမ္မတနိုင်ငံကျမ်းကို ရာစုနှစ်ပေါင်းများစွာအတွင်း လူတွေအနှံ့အပြား ဖတ်ကြပါတယ်။ ဒါပေမယ့် အကောင်းဆုံးလို့ သတ်မှတ်တဲ့ အစိုးရအဖွဲ့ကိုတော့ ပုံစံကျအောင် ဘယ်မှာမှ စမ်းသပ်တည်ဆောက် မကြည့်ကြပါ။ ပလေတိုရဲ့ခေတ်နဲ့ ကျွန်တော်တို့ရဲ့ခေတ်အကြား ဥရောပနိုင်ငံအများစုမှာ အစဉ်အဆက် မင်းတွေအုပ်ချုပ်ခဲ့တယ်။ ကျွန်တော်တို့နဲ့ နီးကပ်တဲ့ရာစုနှစ်တွေမှာတော့ နိုင်ငံအတော်များများမှာ ဒီမိုကရေစီအစိုးရတွေ ပေါ်ပေါက်လာပါတယ်။ စစ်အုပ်ချုပ်ရေး၊ ဟစ်တလာ၊ မူဆိုလီနီတို့လို အများသဘောကျအောင် လှုံ့ဆော်ဟောပြောပြီး နိုင်ငံရေးအာဏာယူတဲ့ အစိုးရလည်း ရှိတယ်။ ဘယ်အစိုးရမှ ပလေတိုရဲ့ စိတ်ကြိုက်သမ္မတနိုင်ငံ ဖြစ်မလာပါ။
ပလေတိုရဲ့သီအိုရီကို ဘယ်နိုင်ငံရေးပါတီကမှ ယူမသုံးပါ။ ကားလ်မာ့က်စ်ရဲ့ သီအိုရီကို နိုင်ငံရေးလှုပ်ရှားမှုမှာ ယူသုံးသလို မသုံးဖူးပါ။ ဒီလိုဆိုရင် ပလေတိုရဲ့ကျမ်းတွေကို အင်မတန်လေးစားပါတယ် ပြောပေမယ့် လက်တွေ့မှာ မသုံးဘူးလို့ ပြောကြတော့မှာလား။ ကျွန်တော်မထင်ပါ။ ဥရောပမှာ ဘယ်ပြည်ပိုင်အစိုးရ (civil government) ကိုမှ ပလေတိုပုံစံနဲ့ မတည်ထောင်ပါ။ ဒါပေမယ့် ခေတ်လယ်ဥရောပက ကက်သလစ်ကျောင်းတော် ဖွဲ့ပုံဟာ ပလေတိုရဲ့ စောင့်ရှောက်ရေးအဖွဲ့နဲ့ သိပ်ပြီးနီးစပ်အောင် တူတယ်။ ခေတ်လယ်ကျောင်းတော် (medieval church) မှာ ထိပ်တန်းလွှာ (elite) ဟာ သူတို့ဘာသာ ရွေးချယ်ဖွဲ့စည်းတယ်။ အဖွဲ့ဝင်အားလုံးဟာ သတ်မှတ်ထားတဲ့ပုံစံနဲ့ ဒဿနိကကို လေ့လာဆည်းပူးရတယ်။ ယောက်ျားမှန်ရင် အမျိုးအနွယ်မရွေး ရဟန်းပြုခွင့်ရတယ်။ (အမျိုးသမီးကိုတော့ ခွင့်မပေးပါ။)
အခြေခံသဘောမှာတော့ ဘုန်းကြီးမှာ အိမ်ထောင်မရှိ။ သူ့တာဝန်က သူအုပ်ထိန်းတဲ့သင်းပင်း ကောင်းစားရေးပဲ အရေးကြီးဆုံးကိစ္စဖြစ်တယ်။ ငါတစ်ကိုယ်တည်းအတွက် ကြီးမြင့်ကောင်းစားဖို့ မပါပါ။ ပလေတိုရဲ့ စိတ်ကြိုက်ကို အမေရိကန်ပြည်ထောင်စု (United States) ဖွဲ့တဲ့အခါ ပါလာတာကို မြင်သာတယ်။ အမေရိကန်အခြေခံအုပ်ချုပ်ရေး စည်းမျဉ်းရေးဆွဲတဲ့အဖွဲ့ (American Constitutional Convention) အဖွဲ့ဝင်တွေ အတော်များများက ပလေတိုရဲ့ နိုင်ငံရေးစိတ်ကြိုက် (political idea) ကို နားလည်ထားကြတယ်။ တကယ်လည်း အမေရိကန်ပြည်ထောင်စုစည်းမျဉ်း (United States Constitution) ဟာ လူအများရဲ့ဆန္ဒကို သိအောင်လုပ်ပြီး၊ အဲဒီဆန္ဒကို ဖြစ်အောင်လုပ်ပေးဆိုတဲ့ ခံယူချက်ရှိတယ်။ အဲဒါအပြင် ပညာဉာဏ်အရှိဆုံး၊ အရည်အသွေး အကောင်းဆုံးပုဂ္ဂိုလ်ကို နိုင်ငံအုပ်ချုပ်ရေးတာဝန်ပေးနိုင်အောင် လမ်းခင်းထားတယ်။
ပလေတိုရဲ့အရာရောက်ပုံကို အဆင့်ခွဲပြီး ပြောကြစို့ဆိုရင်၊ အလွန်ကျယ်ပြန့်လို့ မဆုပ်မကိုင်သာဖြစ်တယ်လို့ ပြောရမှာဖြစ်တယ်။ သူ့အတွေးအခေါ်က သိမ်မွေ့တယ်။ တိုက်ရိုက်ယူသုံးဖို့ မလွယ်ပါ။ ပြီးတော့ သူပြောဟောသွားတဲ့ ကျင့်ထုံး (ethics) နဲ့ တက္ကိက (metaphysics) တွေကို ဆက်ခံတဲ့ ဒဿနိကဆရာတွေကတော့ အများကြီးလေးစားကြတယ်။
အခု ဒီကျော်စွာတစ်ရာစာအာအုပ်မှာ အရစ္စတိုတယ်ထက် နောက်က အများကြီးခွာပြီး သူ့ကိုနေရာပေးထားရတာကတော့ အရစ္စတိုတယ်က ဒဿနိကဆရာအပြင် အရာရောက်တဲ့သိပ္ပံပညာရှင် ဖြစ်လို့ပါပဲ။ နောက်တစ်ချက်က ပလေတိုက တခြားတွေးခေါ်ရှင်တွေဖြစ်တဲ့ အမေရိကန်သမ္မတ သောမတ်စ်ဂျက်ဖာဆင် (Thomas Jefferson) နဲ့ ဗော်လ်တဲ (Voltaire) တို့ထက်သာတယ်။ ဘာပြုလို့လဲဆိုတော့ အဲဒီပုဂ္ဂိုလ်တွေရဲ့ သြဇာဟာ နှစ်နဲ့ပြောရင် ရာစုနှစ်သုံးခုပဲရှိတယ်။ ပလေတိုရဲ့သြဇာက နှစ်ဆယ့်သုံးရာစုနှစ်ကျော်ရှိပါတယ်။
ဒေါက်တာသန်းထွန်း – ကျော်စွာ ၁၀၀ မှ
A Lin Khit Library မှ တဆင့်