ဒီအကြောင်းကတော့ လွန်ခဲ့တဲ့ နှစ် ၄၀ခန့်က ဂန္တဝင်တွင်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယက လူငယ်လေးတစ်ဦးဟာ ဆွီဒင်က သူ့ရဲ့ချစ်သူထံသို့ စက်ဘီးတစ်စီးနဲ့အတူ မိုင်ပေါင်းထောင်ချီကို ဖြတ်သန်းကာ သွားရောက်ခဲ့တဲ့ ဖြစ်ရပ်ပါ။
သူ့နာမည်က ကူးမား။ အပြည့်အစုံဆိုရင်တော့ ပရာဂျူးမန ကူးမား မဟာနန်ဒီးယား ပါ။ သူ့ကို အိန္ဒိယနိုင်ငံက ကန်ဒါပဒါ ဆိုတဲ့ရွာငယ်လေးမှာ ၁၉၄၉ခုနှစ်က မွေးဖွားခဲ့ပါတယ်။ ကူးမား ကိုမွေးခဲ့တုန်းက ဗေဒင်ဆရာတစ်ယောက်က ဒီလို ထူးထူးခြားခြားဟောခဲ့ပါတယ်။ ကူးမား ဟာ တချိန်မှာ အလွန်ဝေးတဲ့ နိုင်ငံရပ်ခြားတိုင်းပြည်တစ်ခုက သစ်တောတစ်တောကိုပိုင်တဲ့ ပြိဿရာသီဖွား ဂီတပညာရှင်အမျိုးသမီးနဲ့ ဖူးစာဆုံပြီး လက်ထပ်ရလိမ့်မယ် ဆိုတဲ့ဟောချက်ပါ။
“ဗေဒင် ဆရာရဲ့ ဟောပြောချက်ကို ကျွန်တော်စွဲစွဲမြဲမြဲယုံကြည်ခဲ့တယ်။ အခုသူပြောခဲ့တာ တစ်ခုမှမလွဲပဲ မှန်နေခဲ့ပြီလေ” လို့ ကူးမားက Nat Geo သတင်းကို ပြောပါတယ်။

ဗေဒင်ဆရာရဲ့ဟောပြောချက် ဟာ တကယ်ပဲမှန်လာခဲ့ပါတယ်။ ကူးမားဟာ သူ့ရဲ့ဘဝကို ပုံမှန်အတိုင်းဖြတ်သန်းခဲ့ပြီး လမ်းဘေးပန်းချီဆရာတစ်ယောက်အဖြစ် အသက်မွေးခဲ့ပါတယ်။ ဗေဒင်မှန်ဖို့အစပြုလာတဲ့နေ့က ၁၉၇၅ခုနှစ် ဒီဇင်ဘာလ ၁၇ရက်နေ့ပါ။ အဲဒီနေ့က ကူးမား ဆီကို မျက်လုံးအပြာနဲ့ လူမျိုးခြားအမျိုးသမီးတစ်ယောက် ရောက်လာခဲ့တယ်။ သူမနာမည်က Charlotte Von Schedvin လို့ သိရတယ်။ သူမက ကူးမားကို သူမရဲ့ပုံတူရေးပေးဖို့ အပ်ခဲ့ပါတယ်။ အမျိုးသမီးနဲ့ စဆုံစဉ်မှာပ ကူးမားစိတ်တွေအရမ်းလှုပ်ရှားခဲ့ရပြီး လက်တွေတုန်နေတာကြောင့် နောက်တစ်နေ့မှ ပြန်လာပြီး ပုံတူအဆွဲခံဖို့မှာလိုက်ရတယ်။
“သူနဲ့ စတွေ့တုန်းက ခံစားချက်ကိုဖော်ပြလို့တောင်မရပါဘူး။ သူ့မျက်လုံးတွေက ကြီးတယ်၊ ဝိုင်းတယ် ၊ ပြီးတော့အပြာရောင် … သူ ကျွန်တော့်ကို ကြည့်တဲ့အချိန်မှာ သူ့အကြည့်တွေက X-ray စက်တစ်ခုလို ကျွန်တော့်တစ်ကိုယ်လုံး ထွင်းဖောက်သွားသလို ခံစားရပါတယ်”
နောက်တစ်နေ့ အမျိုးသမီးပြန်လာတယ်။ ကူးမားက သူမရဲ့ပုံတူ ၃ပုံဆွဲပေးခဲ့တယ်။ မေးမြန်းကြည့်တဲ့အခါမှာတော့ အမျိုးသမီးဟာ ပြိဿရာသီဖွား flute နဲ့ Piano တီးတယ်ဆိုတာသိလိုက်ရတယ်။ ထူးခြားတာက အမျိုးသမီးမှာ ကိုယ်ပိုင်သစ်တောငယ်လေးတစ်ခုရှိနေတယ်ဆိုတာပါ။ ဗေဒင်ဆရာဟောခဲ့တဲ့ သူ့နဲ့ဖူးစာဆုံမယ့် အမျိုးသမီးလို့ ကူးမားသိလိုက်တယ်။ ချာလော့တီကလည်း ကူးမားကို လူမျိုးခြားပေမယ့် မြင်မြင်ချင်းချစ်ခဲ့တယ်။ အဲဒီနောက်တော့ ရက်ပိုင်းအတွင်းမှာပဲ သူတို့နှစ်ဦး ချစ်သူတွေဖြစ်ပြီး ပျော်ရွှင်ခဲ့ကြတယ်။
ဒါပေမယ့် ဘဝအခြေအနေချင်း မတူညီတာကြောင့် ၃ပတ်ကြာတဲ့အခါ ချာလော့တီဟာ ဆွီဒင်နိုင်ငံကိုပြန်သွားခဲ့ရတယ်။ အဲဒီတုန်းက သူမအသက်က ၁၉နှစ်ပဲ ရှိသေးခဲ့တာကို။ ဒါပေမယ့် သူမဟာ ကူးမားအတွက် စာနှစ်စောင်ချန်ထားခဲ့ပါတယ်။ စာထဲမှာပါတဲ့ အဓိက အကြောင်းကတော့ သူမကို တစ်ကယ်ချစ်ရင် သူမရှိရာ ဆွီဒင်ကို လိုက်လာခဲ့ပါ ဆိုပြီးဖြစ်ပါတယ်။
ဒီမှာတင် သူတို့ရဲ့အချစ်ဇာတ်လမ်းက ဒီမှာတင်ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ပဲ ရပ်တန့်သွားခဲ့ရပါပြီ။ ဒါပေမယ့် ကူးမားက ရပ်တန့်ခွင့်မပြုခဲ့ပါဘူး။ တစ်နှစ်ခွဲလောက်ကြာအောင် သူဟာ ချစ်သူကို လွမ်းတဲ့ဒုက္ခကို ခံစားခဲ့တယ်။ မခံစားနိုင်တော့တဲ့အဆုံးမှာ သူ့ပိုင်ဆိုင်သမျှကိုရောင်းချခဲ့ပြီး စက်ဘီးအဟောင်းတစ်စီးလေးဝယ်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ရွာကနေ ချစ်သူရှိတဲ့ ဆွီဒင်နိုင်ငံကို ဒီစက်ဘီးအဟောင်းကို စီးသွားခဲ့တယ်။
သူ့လက်ထဲမှာ ရှိတာက ဒေါ်လာ၈၀ သွားရမယ့်ခရီးက မိုင်ပေါင်း ၄၀၀၀..။ လမ်းခရီးမှာ ဒုက္ခပေါင်း သောင်းခြောက်ထောင်ကို ကြုံခဲ့ရတယ်။ လမ်းခရီးတစ်လျှောက် လမ်းဘေးမှာအိပ်ခဲ့တယ် ၊ တခါတရံကုန်တင်ကားတွေနဲ့လိုက်တယ် ၊ ကူညီမယ့်သူရှိတဲ့အခါ သူတို့အိမ်မှာလိုက်တည်းတယ် ၊ သူတို့ကျွေးတဲ့အစာကိုစားခဲ့တယ် ၊ မစားရတဲ့အခါလည်းရှိခဲ့တယ်။
“ကျွန်တော့်အိတ်ထဲမှာ ဒေါ်လာ ၈၀ပဲ ရှိတဲ့အတွက် ဒီခရီးဟာ မဖြစ်နိုင်သလောက် စိတ်ဓာတ်ကျစရာခရီးပါ။ ဒါပေမယ့် ကျွန်တော်လုံး၀ စိတ်ဓာတ်မကျခဲ့ပါဘူး။ ကမ္ဘာသစ်တစ်ခုကို သွားရတယ်လို့ပဲထင်တယ်။ လမ်းမှာလူမျိုးပေါင်းစုံနဲ့ ဆုံတယ်။ သူတို့ကျွန်တော့်ရဲ့ အခက်အခဲတွေကို ကူညီကြတယ်။ ကျွန်တော့်ကိုအားပေးတယ် လမ်းညွှန်ကြတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ချစ်သူထံကလည်း ကျွန်တော့်ကိုအားပေးတဲ့ စာတွေရခဲ့တယ်လေ။ ဒါကြောင့်လည်း ကျွန်တော်ဒီခရီးကို ပျော်ပျော်ကြီးသွားခဲ့တာပေါ့” လို့ ကူးမားက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က သူ့ရဲ့အတွေ့အကြုံကို ပြန်ပြောခဲ့ပါတယ်။
အဲဒီတုန်းက နိုင်ငံတွေမှာ ပြည်ဝင်ခွင့် သိပ်မတင်းကျပ်သေးတဲ့အတွက် ခင်ဗျားသွားလို့ရခဲ့တာ။ ဒီနေ့ဆိုရင်ရောဖြစ်နိုင်ပါ့မလား ဆိုတဲ့ သတင်းထောက်ရဲ့အမေးကို ကူးမားက ဒီလိုပြန်ဖြေပါတယ်။
“မှန်ပါတယ်။ အဲဒီတုန်းက သိပ်မခက်ဘူး။ အခုတော့ ခက်သွားပြီ။ ပိုခက်သွားပေမယ့် ဖြစ်နိုင်ပါသေးတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အရေးကြီးတာက ခင်ဗျားဘယ်လိုတွေးသလဲ ဆိုတာပေါ်မှာပဲ မူတည်ပါတယ်။
အကြောက်တရား နဲ့ သံသယ နှစ်ခုကို တိုက်ထုတ်နိုင်ရင် အောင်မြင်ပါတယ်။ ကျွန်တော်တို့ဘဝတွေခက်ခဲနေရာ ဒီရန်သူတော်နှစ်ယောက်ကြောင့်ပါ။ အကြောက်တရား နဲ့ သံသယ တွေကို တိုက်ထုတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မယ် ဆိုရင် ဘယ်အခက်အခဲကို မဆိုကျော်ဖြတ်ဖို့နည်းလမ်းတွေ့နိုင်ပါတယ်”
အချစ်အတွက် ဘာမဆိုဖြတ်ကျော်ဖို့တွေးထားတဲ့ ကူးမားဟာ ဒုက္ခပေါင်းများစွာကိုခံစားအပြီး ၊ နိုင်ငံပေါင်းများစွာကို ဖြတ်ကျော်အပြီး ၊ မိုင်ပေါင်း ၄၀၀၀ကို သွားခဲ့အပြီး အချိန် ၄လနဲ့ ၃ပတ် ကြာတဲ့အခါမှာတော့ သူ့ချစ်သူရှိရာ ဆွီဒင်နိုင်ငံ Gothenburg မြို့ကိုရောက်ရှိခဲ့ပါတယ်။ အဲဒီနောက်တော့ သူတို့ချစ်သူနှစ်ဦး လက်ထပ်ခဲ့ကြပါတယ်။ အခုတော့ ကူးမားဟာ ဆွီဒင်မှာ နာမည်ကြီးတဲ့ ပန်းချီဆရာ အနုပညာရှင် တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ သူ နဲ့ သူ့ချစ်သူချာလော့တီ တို့မှာ သားသမီးနှစ်ယောက်တောင်ရှိနေပြီး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ နဲ့ ဘဝကို ဖြတ်သန်းလျှက်ရှိနေဆဲပါ။

ချစ်သူအတွက် ဘယ်အခက်အခဲမဆို ဖြတ်ကျော်နိုင်တယ် ဆိုတဲ့ ကူးမားရဲ့စိတ်ဓာတ် နဲ့ ဇွဲလုံ့လ ကတော့ အံ့မခန်းပါပဲ။ ဒါကြောင့်လည်း သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းဟာ ဂန္တဝင်တွင်ခဲ့ပြီး ကမ္ဘာ့သတင်းစာ မဂ္ဂဇင်းအသီးသီးမှာဖော်ပြခဲ့ကြပါတယ်။ ကဲ..အကြောင်းပြချက် သေးသေးလေးတွေကြောင့် ကိုယ့်ရဲ့ချစ်သူဆီ မလာနိုင်ကြသူများ ..ကူးမားလိုမိုင်ပေါင်း ၄၀၀၀ သွားရမယ်ဆိုရင်ရော…