ဆရာကြည်နိုင်၏ ရေးသားမှုကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာစီ၍ တင်ပေးခြင်း ဖြစ်ပါသည်။
ချက်ကိုစလိုဗက်နိုင်ငံ၏ ဖက်ဆစ်ဆန့်ကျင်ရေး သူရဲကောင်း အာဇာနည် ဂျူးလိယက်ဖူးချစ် (၁၉၀၃-၁၉၄၃) သည် ဂျာမန်နာဇီတို့ လက်ထဲတွင် တိုင်းပြည်နှင့် လူမျိုး လွတ်မြောက်ရေး အတွက် အသက်ပေးသွားခဲ့သည်။
ဖူးချစ်၏ ဖခင်မှာ အလုပ်သမား တစ်ဦးဖြစ်၍ မိခင်မှာ အပ်ချုပ်သမ တစ်ဦးဖြစ်သည်။ ၁၉၀၃ ခုနှစ် ဖေဖေါ်ဝါရီ ၂၃ ရက်တွင် ဖူးချစ်အား ပရာဟာ မြို့တော်၊ စမီးခေါ့ အရပ်၌ ဖွားမြင်ခဲ့သည်။ သူသည် အလုပ်သမား ဆင်းရဲသား ပတ်ဝန်းကျင်၌ ကြီးပြင်းခဲ့ရသည်။ သူ့မိသားစု ပရာဟာ မြို့မှ ပဲလ်ဇ်မြို့သို့ ပြောင်းရွှေ့သွားသည့်အခါလည်း အလုပ်သမား အိမ်ထောင်တို့၏ ဒုက္ခများကို ဖူးချစ် ကိုယ်တွေ့မျက်မြင် ခံစားခဲ့ရသည်။
ပထမ ကမ္ဘာစစ် (၁၉၁၄-၁၈) ဖြစ်လာသောအခါ ဖူးချစ် အပါအဝင် အလုပ်သမား အများစုတို့ အငတ်ပြဿနာနှင့် ကြုံရသည်။ တစ်ခါက အစားအသောက်များ တင်လာသော စစ်ကားကို ကလေးတစ်စုက ဝင်လုရာ စစ်သားများက ကလေး လူမမယ်များကို ပစ်သတ်ခဲ့သည်။ ဖူးချစ်၏ မျက်မှောက်တွင်ပင် သူ့သူငယ်ချင်း ၅ ယောက် အသက် ပျောက်သွားခဲ့ရသည်။
ဖူးချစ်သည် စာအမြောက်အများ ဖတ်သည်သာမက ပတ်ဝန်းကျင်ကိုလည်း စူးစူးစိုက်စိုက် အကဲခတ်လေ့ရှိသဖြင့် ထိုခေတ်က ပြဿနာများကို နားလည်နိုင်ခဲ့သည်။ အချိန်မှာ ချက်နှင့် စလိုဗက် အမျိုးသားများ အနေဖြင့် ဩစတြီးယား၊ ဟန်ဂေရီ အင်ပါယာ၏ လက်အောက်သို့ ကျရောက်နေချိန် ဖြစ်သည်။ ပြည်သူလူထုက လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးကို တောင်းဆိုနေသည်။
အောက်တိုဘာ တော်လှန်ရေးကြီး ဂယက်ရိုက်နေသဖြင့်လည်း ဆိုရှယ်လစ် တိုင်းပြည် တည်ထောင်ရေးအတွက် ကြွေးကြော်နေကြသည်။ ထို့နောက် ချက်ကိုစလိုဗက်ကီးယား ပြည်နယ် လွတ်လပ်ရေး ရလာသည်။ ချက်ကိုစလိုဗက် ဓနရှင်များက အာဏာ သိမ်းပိုက်လိုက်သည့်အခါ အလုပ်သမား ပြည်သူများက”ဤသမ္မတနိုင်ငံသည် မိမိတို့ လိုလားသော သမ္မတနိုင်ငံ မဟုတ်” ဟု ကန့်ကွက်နေကြသည်။
ဖူးချစ်သည် အစဉ်သဖြင့် တော်လှန်ရေးဘက်တွင် ကြံ့ကြံ့ခိုင် ရပ်တည်နေခဲ့သည်။ အောက်တိုဘာ တော်လှန်ရေးကို ထောက်ခံ ယုံကြည်ခဲ့သည်။ ၁၉၂၁ တွင် ချက်ကိုစလိုဗက် ကွန်မြူနစ်ပါတီ ပေါ်လာသည်။ ၁၈ နှစ်သား ဖူးချစ်သည် ပါတီဝင် တစ်ယောက် ဖြစ်လာသည်။
ဖူးချစ် တက္ကသိုလ် ကျောင်းတက်စဉ်တွင် ငွေရေးကြေးရေး ချို့ငဲ့သဖြင့် စာသင်ပြခြင်းဖြင့် လည်းကောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွင် အလုပ်ကြမ်း ဝင်လုပ်ခြင်းဖြင့် တစ်ဖုံ လုပ်ခဲ့ရသည်။ စာနယ်ဇင်းများတွင်လည်း ဆောင်းပါးများ ဝင်ရေးသည်။ ကွန်မြူနစ်ပါတီ “ရုဒ်ပရားဗော” တွင်လည်း သတင်း၊ ရုပ်ရှင် ဝေဖန်ရေး ဆောင်းပါးများ ဝင်ရေးသည်။ နောင်အခါတွင် တဗောရဘာ ဂျာနယ်ကို ကြီးကြပ် ထုတ်ဝေခဲ့သည်။
ဖူးချစ်သည် ၁၉၃၀ တွင် ဆိုဗီယက်သို့ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့နှင့် ရောက်ရှိသွားသည်။ ပြန်လာသည့်အခါ “နက်ဖြန်သည် ယမန်နေ့ဟု အဓိပ္ပါယ် ပေါက်နေသော တိုင်းပြည်” ဟူသည့် သတင်းမှတ်တမ်း စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။ သတင်းအမှန် ရေးမှုကြောင့် ဖူးချစ် ထောင်အကြိမ်ကြိမ်ကျ၊ သတင်းစာ အကြိမ်ကြိမ် အပိတ်ခံခဲ့ရသည်။
၁၉၃၄ ခုနှစ်တွင် ဆိုဗီယက်သို့ ရူးဒ်ပရားဗော သတင်းစာ သတင်းထောက်အဖြစ် လျှို့ဝှက် ရောက်သွားပြီး ၂နှစ်ကြာမျှ နေထိုင်ခဲ့သည်။ ပြန်လာသည့်အခါ အဆိုပါ သတင်းစာ၏ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ဟစ်တလာ၏ ဖက်ဆစ် နာဇီများကလည်း ချက်ကိုစလိုဗက်ကီးယားကို သိမ်းမည်တကဲကဲ ခြိမ်းခြောက်နေသည်။
နောက်ဗြိတိသျှ နန်းရင်းဝန် ချိန်ဘာလိန်နှင့် ပြင်သစ်ဝန်ကြီးချုပ် ဒလဲဒီးယား တို့သည် ငြိမ်းချမ်းရေး ကာကွယ်ရန်ဟု အကြောင်းပြချက်ဖြင့် ဟစ်တလာ တောင်းဆိုသော မြူးနစ်စ်စာချုပ်ကို လက်မှတ်ထိုးလိုက်ကြသည်။ ချက်ကိုစလိုဗက် ဓနရှင်များကလည်း တိုင်းပြည်ကို သစ္စာဖောက်လိုက်ကြသည်။ ဟစ်တလာကလည်း ချက်ကိုစလိုဗက်ကီးယားပြည်ကို သိမ်းပိုက်လိုက်သည်။
ဖူးချစ်လည်း မြေအောက် လျှိုနေရသည်။ ၁၉၄၁ တွင် မြေအောက် ရောက်နေသော ကွန်မြူနစ် ပထမ ဗဟိုကော်မတီကို နာဇီများ ဖမ်းမိသွားသည့်အခါ ဗဟိုကော်မတီ အသစ်တစ်ခုကို ဖွဲ့ရသည်။ ဖူးချစ်သည် အခြားရဲဘော်များနှင့်အတူ တော်လှန်ရေး အလံကို မြှင့်တင်ထားခဲ့လေသည်။
၁၉၄၂ ဧပြီတွင် ဖူးချစ် အဖမ်းခံရသည်။ ဖက်ဆစ်နာဇီတို့၏ အကျဉ်းထောင်ထဲ ရောက်သွားသည်။ ရက်ရက်စက်စက် အညှဉ်းပန်းခံရသည်။
“မင်းဘယ်သူလဲ”
“ကျောင်းဆရာ ဟောရတ်”
“မင်းလိမ်တာ” ဖူးချစ် ပုခုံးတွန့်ပြလိုက်သည်။
“ငြိမ်ငြိမ်ထိုင် ပစ်လိုက်မယ်”
“ပစ်ချင်ပစ်ပေါ့”
ပစ်ရမည့်အစား လက်သီးမိုး၊ နံပါတ်ဒုတ်၊ ကျင်စက် ညှဉ်းပန်းမှု အမျိုးစုံ။ ဖူးချစ်သည် ဖက်ဆစ်နာဇီစနစ် လုံးဝ ချုပ်ငြိမ်း သွားရမည် ဟူသော အောင်ပွဲတွင် ခိုင်မြဲသော ယုံကြည်ချက်ဖြင့် လုံးဝ ဒူးမထောက်ခဲ့။ ထိုမျှ ကြပ်တည်းသော အချိန်၌ပင် “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” ကို လျှို့ဝှက်စွာ ရေးသားနိုင်ခဲ့သည်။
ဖူးချစ်၏ ဇနီး “ဂူစတီနာ ဖူးချစ်ကောဗား” လည်း အဖမ်းခံရသည်။ သူမအား အမျိုးသမီး အကျဉ်းသားများ ထားသည့် ဂျာမနီပြည်ရှိ ဗန်စဘရစ် အကျဉ်းထောင်တွင် ထားရှိသည်။
၁၉၄၄ခု၊ ဒီဇင်ဘာ ၂၈ ရက်တွင် ဂျာမန်နာဇီတပ်များ ချီတက်မှု ရပ်ဆိုင်းသွားသည်။ ၁၉၄၅ခု၊ ဇန်နဝါရီ ၁၇ ရက်တွင် တပ်နီတော်က ဝါဆောမြို့ကို သိမ်းပိုက်လိုက်သည်။ မေ ၂ ရက်တွင် ဘာလင်၌ ဂျာမဏီ လက်နက် ချသည် ။ မေ ၇ တွင် ကား ဂျာမန်တို့ ချွင်းချက်မရှိ လက်နက်ချသည်။
ဟစ်တလာ၏ လက်ရုံး ဒုဗိုလ်မှူးကြီး အိုက်ခမန်းသည် ၁၉၄၄ တွင် နာဇီတို့ စစ်ရှုံးမည့် အရိပ်လက္ခဏာ မြင်လာသည့်အခါ အမိန့်အရ သူတို့ဓါတ်ငွေ့ပေး သတ်ဖြတ်ခဲ့သော အလောင်းများနှင့် အရိုးပုံများမှာ မြင်မကောင်းအောင် ဖြစ်နေ၍ ဖျောက်ဖျက်ရန်အတွက် ၁၉၄၂-၄၃ ကပင် အရေးပေါ် မီးရှို့စက်ကြီး ၅ ခု တည်ဆောက်ခဲ့သည်။ စက်တစ်လုံး၏ စွမ်းအားသည် ၂၄ နာရီအတွင်း လူသေအလောင်း ၂ဝဝဝ ကျော်ကို တစ်စမကျန် ပြာချပေးနိုင်သည်။ စက်ကြီး ၅ ခုက ၂၄ နာရီအတွင်း အလောင်းပေါင်း ၉ဝဝဝ ကျော် ပြာချပေးနိုင်သည်။
တပ်နီတော်ယေ ရောက်လာသည့်အခါ ကျန်နေသည့် အကျဉ်းသားများကို မသတ်နိုင်တော့ဘဲ နာဇီများ ဆုတ်ခွာ သွားရသည်။ ဤသို့ဖြင့် နာဇီအကျဉ်းစခန်းမှ ဖူးချစ်၏ ဇနီး ဂူစတီနာ လွတ်မြောက်လာခဲ့သည်။ သူမက-
“ကျွန်မ ရာဘန် အကျဉ်းထောင် ရောက်နေစဉ် ဘာလင်မြို့ရှိ ရုံးတစ်ရုံးက ကျွန်မ၏ ယောက်ျားဖြစ်သူ “ရုဒ်ပရားဗော” သတင်းစာနှင့် “တဗောရဘာ” ဂျာနယ်အယ်ဒီတာ ယူးလိယုစ်ဖူးချစ်အား ၁၉၄၃ ခု၊ သြဂုတ် ၂၅ ရက်နေ့တွင် သေဒဏ်အမိန့် ချမှတ်လိုက်ကြောင်းဖြင့် ဘဝတူ အကျဉ်းသားများထံမှ သတင်းကြားခဲ့ရပါသည်” ဟု အစချီကာ ဖွင့်အံခဲ့သည်။
နာဇီတို့ ဖမ်းဆီးခံရသူများအား လွတ်မြောက်လာသူ လင်များ၊ ဇနီးများ၊ ကလေးများ၊ မိခင်များက ရှာဖွေခဲ့ကြသည်။ ထိုအထဲတွင် ဖူးချစ်၏ ဇနီးလည်း ပါဝင်ခဲ့သည်။ နောက်ဆုံးတွင် ၁၉၄၃ စက်တင်ဘာ ၈ ရက်တွင် ဘာလင်မြို့၌ ဖူးချစ် ကွပ်မျက်ခံရကြောင်း သူမ သိရှိခဲ့သည်။
ဖူးချစ် “ပန်းကရားစ်” ထောင်၌ရှိစဉ် စာပေများ ရေးသားခဲ့ကြောင်း၊ အဒေါလ် ကောလင်းစကီး ဆိုသူ ထောင်စောင့် တစ်ယောက်က အကျဉ်းခန်းထဲသို့ စက္ကူနှင့် ခဲတံ ခိုးသွင်းပေးကြောင်း၊ နောက်ရေးပြီးသား စာရွက်ကလေးများကိုလည်း တစ်ရွက်ပြီး တစ်ရွက် ထောင်အပြင်ဘက်သို့ လျှို့ဝှက်ထုတ်ယူခဲ့ကြောင်း၊ သို့ဖြင့် ဖူးချစ်စာရေးရန် ဖြစ်မြောက်ခဲ့ကြောင်း သူမ သိရှိလာခဲ့သည်။
ထိုထောင်စောင့်နှင့်လည်း သူမ တွေ့ဆုံခဲ့သည်။ ဖူးချစ် ထောင်တွင်း ရေးခဲ့သော လက်ရေးစာမူများကိုလည်း တစ်ဆင့်ပြီး တစ်ဆင့် စုဆောင်းမိခဲ့သည်။ နေရာမျိုးစုံ၊ လူပေါင်းစုံထံတွင် ဝှက်ထားခဲ့ရသော စာရွက်များကို တပ်ထားသော အမှတ်စဉ် အလိုက် အစီအစဉ် ပြုလုပ်ကာ သူမ စာအုပ်ထုတ်ခဲ့သည်။ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” ဟု ထင်ရှား ကျော်ကြားခဲ့သည်။
ဖူးချစ်၏ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” စာအုပ် ထွက်လာသည့်အခါ ကမ္ဘာ့လူထုကြီးသည် ဖက်ဆစ်နာဇီတို့၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများကို ပိုမို သိရှိသွားတော့သည်။ ဖူးချစ်သည် နာဇီတို့၏ ညှဉ်းပန်း ရက်စက်မှုများကို ကွက်ကွက်ကွင်းကွင်း မြင်အောင် တင်ပြခဲ့သည်။ ဖူးချစ်၏ စာအုပ် ထွက်လာသည့်အခါ ဖက်ဆစ်နာဇီ စစ်တရားခံများလည်း တုန်လှုပ် ခြောက်ခြားကုန်ကြသည်။
ဖူးချစ်သည် လွတ်မြောက်ရေး တိုက်ပွဲဝင် မျိုးဆက်များအား အလေးအနက်ထားကာ သူ့မှတ်တမ်းတွင် ထည့်သွင်း ရေးသားခဲ့သည်။
ဖူးချစ်၏ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ”ကို ဘာသာပေါင်း ၈၂ ဘာသာအထိ ပြန်ဆိုပြီးပြီဟု သိရ၏။ ကမ္ဘာကျော်ခဲ့သည်။ ချက် တစ်ပြည်လုံး စက်ရုံများ၊ သင်္ဘောများ၊ ဥယျာဉ်များ၊ ကျောင်းသား အသင်းများ၊ အလုပ်သမား အဖွဲ့များသည် ဤသူရဲကောင်း၏ အမည်ကို ခံယူထားကြသည်။ ကဗျာ၊ ဂီတ၊ ပြဇာတ်၊ စာပေ အနုပညာ သဘင်၊ ရုပ်ရှင်၊ သိပ္ပံပညာရှင်များပင် သူ့အမည်ကို ကျူးရင့် တင်စားကြသည်။ ဖူးချစ်တံဆိပ်ကို လူငယ်တို့ ရင်ဘတ်တွင် တပ်ဆင်ထားကြသည်။
ဖူးချစ်သည် လူအပေါင်းတို့အား အသဲနှလုံးထဲမှ ချစ်ခင်ခဲ့သည်။ သာယာသော ကမ္ဘာတွင် ပျော်ရွှင်စွာ နေထိုင်ကြစေရန် စေတနာထားသည်။ ငြိမ်းချမ်းရေး ရကြစေရန်၊ လူ့လောက တိုးတက်ရေးအတွက် အလုပ်လုပ်နိုင်ကြစေရန် စေတနာ ထားသည်။ သို့သော်လည်း လူ့လောကတွင် အန္တရာယ်များ ဝိုင်းနေလိမ့်ဦးမည်ကိုလည်း သဘောပေါက်ခဲ့သဖြင့် “လူအပေါင်းတို့ … နိုးနိုးကြားကြား ရှိကြလော့” ဟူ၍ သတိပေးခဲ့လေသည်။
ဆရာကြည်နိုင်၏ ရေးသားမှုကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာစီ၍ တင်ပေးခြင်းဖြစ်ပါသည်။