ခရိုအေးရှားနိုင်ငံ (တရားဝင်အခေါ်အားဖြင့် ခရိုအေးရှား သမ္မတနိုင်ငံ) သည် ဥရောပ အလယ်ပိုင်း နှင့် အရှေ့တောင်ပိုင်း တွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဒေသ အခေါ်အဝေါ်မှာ ဟာဗက်ဆကာ(Hrvatska) ဖြစ်သည်။ ပင်နိုနီယန်လွင်ပြင် (Pannonian Plain)၊ ဘော်လ်ကန်ဒေသ နှင့် အေဒရီယက်တစ်ပင်လယ် တို့သို့ ဖြတ်လမ်းတွင် တည်ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဇာဂရက်မြို့ ဖြစ်သည်။
မြောက်ဘက်တွင် ဆလိုဗေးနီးယားနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ဟန်ဂေရီနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ၊ အရှေ့ဘက်တွင် ဆားဘီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် မွန်တီနီဂရိုးနိုင်ငံ တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက် ရှိသည်။ အကျယ်အဝန်းမှာ ၂၁၈၅၁ စတုရန်းမိုင် ရှိပြီး ကမ္ဘာပေါ်တွင် ၁၂၄ခုမြောက် ဧရိယာအကြီးဆုံးနိုင်ငံဖြစ်သည်။ ကျွန်းကြီးကျွန်းငယ်ပေါင်း ၆၀၀ကျော်လည်း ရှိသည်။
သမိုင်း
ခရုတ် (Croats) လူမျိုးများသည် ယခုဒေသတွင်းသို့ (၇)ရာစုနှစ်ကပင် စတင်အခြေချနေထိုင်ခဲ့ကြသည်။ နယ်စားအုပ်ချုပ်သောတိုင်းပြည် (dukedom) ၂ခု အဖြစ်စတင်ခဲ့သည်။ အေဒီ ၉၂၅တွင် ပထမဆုံးဘုရင် တိုမီဆလပ်ဗ် နန်းတက်ခဲ့သည်။ ထို့နောက် ဘုရင့်နိုင်ငံဖြစ်လာခဲ့သည်။ ခရိုအေးရှားဘုရင့်နိုင်ငံ၏ ဩဇာအာဏာသည် ၁၁၀၂ခုနှစ် Peter Krešimir IV လက်ထက်တွင် အထွတ်အထိပ်ရောက်ခဲ့သည်။ ၁၅၂၇တွင် ခရိုအေးရှားပါလီမန်မှ ဖာဒီနန် (Ferdinand) အား မင်းအဖြစ် တင်မြှောက်ခဲ့သည်။
၁၉၁၈တွင် ခရိုအေးရှားသည် ဩစတြီးယား-ဟန်ဂေရီအင်ပါယာ လက်အောက်မှ လွတ်လပ်ရေးကြေညာခဲ့သည်။ ယူဂိုဆလားဗီးယားဘုရင့်နိုင်ငံ (Kingdom of Yugoslavia) ကို ပူးတွဲတည်ထောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ဖက်ဒရယ်ပြည်ထောင်စုဆိုရှယ်လစ်သမ္မတယူဂိုဆလားဗီးယားနိုင်ငံ (Socialist Federal Republic of Yugoslavia|Second Yugoslavia) ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။ ၁၉၉၁တွင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ကြေညာခဲ့သည်။
ခရိုအေးရှားသည် ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပကောင်စီ၊ နေတိုး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ နှင့် CEFTA တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ဥရောပသမဂ္ဂသို့ ဝင်ရောက်ခွင့်အတွက် လျှောက်ထားဆဲ ဖြစ်သည်။ မြေထဲပင်လယ်သမဂ္ဂ (Union for the Mediterranean) ၏ စတင်တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) မှ စီးပွားရေးတိုးတက်မှုမြင့်မားသောနိုင်ငံအဖြစ်လည်းကောင်း၊ ကမ္ဘာ့ဘဏ်မှ ဝင်ငွေမြင့်မားသောနိုင်ငံအဖြစ်လည်းကောင်း သတ်မှတ်ထားသည်။
ခရိုအေးရှားနိုင်ငံသည် ပုံမှန်အားဖြင့် အနည်းငယ်နွေးပြီး မိုးများသောရာသီဥတုမျိုးကိုပိုင်ဆိုင်သည်။ သို့သော်တချို့နေရာများတွင်မူ အလွန်အေးတတ်ပြီး ရေခဲမှတ်အောက် ၃ဒီဂရီအထိ ကျရောက်တတ်သည်။ အအေးဆုံးဒေသများမှာ လီကာဒေသ နှင့် Gorski Kotar တောင်တန်းဒေသများဖြစ်ကာ ထိုဒေသများသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၉၀၀ခန့်တွင်ရှိပြီး နှင်းများကျဆင်းနေတတ်သည်။
၂၀၁၇ စာရင်းအရ ခရိုအေးရှားနိုင်ငံ၏ လူဦးရေမှာ ၄.၁၅သန်းဖြစ်သည်။ ခရုတ်လူမျိုး ၉၀% ၊ ဆာ့ဗ်စ်လူမျိုး ၅.၂% နှင့် အခြားလူမျိုးအနည်းငယ်နေထိုင်ကြသည်။ လူဦးရေ စုစုပေါင်း၏ ၉၁% မှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ ခရိုအေးရှန်း(Croatian) ဘာသာစကားသည် ရုံးသုံးဘာသာစကားဖြစ်ပြီး ရေးသားရာတွင်မူ လက်တင်ဘာသာဖြင့်ရေးသားလေ့ရှိကြသည်။ အုပ်ချုပ်ရေးတွင် ကိုယ်စားပြု အုပ်ချုပ်သော ဒီမိုကရေစီ (Representative Democracy) လွှတ်တော်စနစ်ကိုကျင့်သုံးပြီး သမ္မတမှာ Kolinda Grabar-Kitarovi ဖြစ်ပြီး ဝန်ကြီးချုပ်မှာ Andrej Plenkovi ဖြစ်သည်။

ခရိုအေးရှားနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၉၉.၂% ဖြစ်ပြီး ပညာရေးစနစ်ကောင်းမွန်သောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ အများဆိုင်ရာတက္ကသိုလ်ကြီး ၈ခုရှိ၍ သီးသန့်တက္ကသိုလ် ၂ခုရှိသည်။ အစောဆုံးတက္ကသိုလ်မှာ Zadar တက္ကသိုလ်ဖြစ်ပြီး ၁၃၉၆ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် တက္ကသိုလ်ဖြစ်သည်။ ထို့ပြင် ပိုလီတက်ကနစ်နည်းပညာကျောင်းပေါင်း ၁၅ကျောင်းရှိသေးသည်။ ဇာဂရက်မြို့ရှိ ခရိုအေးရှန်း သိပ္ပံနှင့် အနုပညာ အကယ်ဒမီကျောင်းသည်လည်း နာမည်ကျော်သည်။ ထိုအကယ်ဒမီကျောင်းတွင် ဘာသာစကား ၊ ယဉ်ကျေးမှု ၊ အနုပညာ နှင့် သိပ္ပံဘာသာရပ်များကိုသင်ယူနိုင်သည်။
ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကောင်းမွန်သော်လည်း ခရိုအေးရှားနိုင်ငံသားများ၏ ကျန်းမာရေးမှာ သာမန်အဆင့်သာရှိသည်။ ဆေးရုံကြီးပေါင်း ၇၉ရုံ ရှိပြီး တစ်နှစ်တွင် လူနာပေါင်း ၇သိန်းခန့်ကို ဆေးရုံဆေးခန်းများမှ ကုသပေးနေရသည်။ ကမ္ဘာ့အကျန်းမာဆုံးစာရင်းတွင် အဆင့် ၃၆နေရာတွင်ရှိပြီး ပျမ်းမျှသက်တမ်းမှာ ၇၈နှစ် ဖြစ်သည်။ အရွယ်ရောက်ပြီး ခရိုအေးရှားနိုင်ငံသား ၂၂% မှာ အဝလွန်ရောဂါကို ခံစားနေရသည်။
ခရိုအေးရှားနိုင်ငံသားများ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၄၀၉၅ ဖြစ်သည်။ အဓိကစီးပွားရေးလုပ်ငန်းများမှာ ဓာတုဗေဒပစ္စည်း နှင့် ပလတ်စတစ်ထုတ်လုပ်ရေး ၊ စက်မှုကိရိယာများ ၊ အီလက်ထရောနစ် ၊ အလူမီနီယမ် ၊ စက္ကူ ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်ရေး ၊ သင်္ဘောတည်ဆောက်ရေး ၊ ချည်မျှင် ၊ ရေနံ နှင့် ရေနံသန့်စင်ရေး ၊ အစားအစာ နှင့် အဖျော်ယမကာ ၊ ခရီးသွားလာရေး လုပ်ငန်းများဖြစ်သည်။
အကြီးဆုံးမြို့နှင့် မြို့တော်ဖြစ်သည့် ဇာဂရက်တွင် လူဦးရေ ၈သိန်းကျော်နေထိုင်ကြသည်။ ဇာဂရက်အပါအဝင် လူဦးရေ ၁သိန်းကျော်နေထိုင်သည့် မြို့ ၄မြို့သာရှိပြီး ကျန် ၃မြို့မှာ Split ၊ Rijeka နှင့် Osijek မြို့များဖြစ်သည်။
ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းမှာ ခရိုအေးရှားစုစုပေါင်း စီးပွားရေး၏ ၂၀% ဖြစ်ပြီး ၂၀၁၇တွင် ဝင်ငွေပေါင်း အမေရိကန်ဒေါ်လာ ၉.၅ဘီလျံ ရရှိခဲ့သည်။ ခရိုအေးရှားနိုင်ငံသို့ နှစ်စဉ်လာရောက်လည်ပတ်သော ခရီးသွားဦးရေမှာ ၁၇.၄သန်းခန့်ရှိသည်။ ခရိုအေးရှားနိုင်ငံ၏ အထင်ရှားဆုံးနေရာများမှာ Dubrovnik မြို့ဟောင်း ၊ Plitvice အမျိုးသားဥယျာဉ်ရေကန် ၊ Istria ကျွန်းဆွယ် ၊ မြို့တော်ဇာဂရက် ၊ Hvar ကျွန်းမြို့ ၊ Brac ကျွန်း ၊ Korcula ကျွန်းမြို့တို့နှင့် တောင်တန်းများပေါ်မှ အပန်းဖြေစခန်းများဖြစ်သည်။
လက်ရှိ ခရိုအေးရှား အမျိုးသား ဘောလုံးအသင်းကို ၁၉၉၀ခုနှစ်တွင်တည်ထောင်ခဲ့သည်။ ခရိုအေးရှားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ ၁၉၉၈ ခုနှစ်မှစ၍ ယခုအချိန်ထိ ကမ္ဘာ့ဖလားပွဲတိုင်းဝင်ခွင့်ရခဲ့ပြီး အအောင်မြင်ဆုံးမှာ ၁၉၉၈ခုနှစ်ဖြစ်ပြီး တတိယနေရာရရှိခဲ့သည်။ ၂၀၁၈ ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီး ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့သဖြင့် ဒုတိယဆုနှင့်သာ ကျေနပ်ခဲ့ရသည်။ လက်ရှိအချိန်တွင် ခရိုအေးရှား ဘောလုံးအသင်းသည် ဘယ်လ်ဂျီယံ ၊ ပြင်သစ် ၊ ဘရာဇီး ၊ အင်္ဂလန်တို့နောက် ကမ္ဘာ့အဆင့် ၅နေရာတွင် ရပ်တည်လျှက်ရှိသည်။
Myanmar Wikipedia
Facts of Croatia
သုတဇုန်