Yuya Khin
1) Grand Canyon
Arizona မြောက်ပိုင်းမှာရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်ခုဖြစ်ပါတယ်။ Grand Canyon ဟာ ၂၇၇ မိုင်ရှည်ပြီး ၁ မိုင် နက်ပါတယ်။ အကျယ်ကတော့ ၁၈ မိုင်အထိရှိပါတယ်။ ကော်လိုရာဒို (colorado) မြစ်ကြောင့် ဂရင်းကင်ညွန်ဖြစ်လာတာပါ။ ကော်လိုရာဒိုမြစ်ဟာ ဂရင်းကင်ညွန်ကို ဖြတ်ပြီးစီးဆင်းနေတာ ၂ ဘီလီယံနီးပါးရှိပါပြီ။ ဒေသခံအမေရိကန်တွေဟာ အဲဒီဂရင်းကင်ညွန်မှာနှစ်ပေါင်းများစွာနေထိုင်ခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာ နှစ်စဉ်ကမ္ဘာလှည့်ခရီးသည် ၆သန်းကျော် လာရောက်လည်ပတ်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။
2) Manhattan
မန်ဟက်တန်မြို့ဟာ နယူးယောက်မြို့ရဲ့စီရင်စုမြို့ ၅ မြို့အနက်မှ တစ်မြို့ဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင် ၃၃.၅၈ စတုရန်းမိုင်ကျယ်ဝန်းပြီး လူဦးရေ ၁.၆သန်းကျော်နေထိုင်တဲ့မြို့ဖြစ်ပါတယ်။ ၁မိုင်ပတ်လည်မှာ လူဦးရေ ၇သောင်းနီးပါးနေထိုင်တာကြောင့် လူဦးရေအထူထပ်ဆုံးစီရင်စုမြို့လည်းဖြစ်ပါတယ်။ လစ်ဘာတီရုပ်တု၊ ဘရော့ဒ်ဝေးဇာတ်ရုံ၊ ကမ္ဘာကျော်မိုးမျှော်တိုက်များ၊ ပြတိုက်များ၊ တံတားများ၊ ပန်းခြံများရှိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
3) Yellowstone National Park
Yellowstone National Park ကို သမ္မတယူလီးဆီးအက်စ်ဂရန့်က ၁၈၇၂ မတ်လ ၁ ရက်နေ့မှာ တည်ထောင်ခဲ့တာပါ။ အမေရိကန်နိုင်ငံ မွန်တားနားပြည်နယ်မှာတည်ရှိပြီး စတုရန်းမိုင်ပေါင်း ၃၄၇၂ မိုင် ကျယ်ဝန်းပါတယ်။ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၆၇ စိတ်ကို ထိန်းသိမ်းထားပါတယ်။ မီးတောင်ရှင်များ၊ ရေပူစမ်းပေါင်း ၃၀၀ ကျော်နဲ့ ရေတံခွန်ပေါင်း (ခန့်မှန်းခြေ)၂၉၀ တို့လည်းရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဧည့်သည်ပေါင်း ၄.၁သန်းကျော် လာရောက်လည်ပတ်ခဲ့ပါတယ်။
4) Golden Gate Bridge
Golden Gate တံတားဟာ ဆန်ဖရန်စစ္စကိုကျွန်းဆွယ်နဲ့ မရင်းကောင်တီကိုဆက်သွယ်ပေးထားတဲ့ ကြိုးတံတားဖြစ်ပြီး ဆန်ဖရန်စစ္စကိုမြို့ရဲ့ အထင်ကရတံတားကြီးတစ်စင်းဖြစ်ပါတယ်။ တံတားကြီးကို တည်ဆောက်ဖို့နှစ်ပေါင်း ၁၀၀ ကျော်ဆွေးနွေးခဲ့ကြပြီး တကယ်တမ်းတည်ဆောက်တဲ့အခါ ၄ နှစ်သာကြာမြင့်ပြီး ၁၉၃၇ ခုနှစ်မှာ တံတားကြီးကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် ခေတ်သစ်ရဲ့ကမ္ဘာ့အံ့ဖွယ် ၇ ခုထဲက တစ်ခုဖြစ်လို့နေပါပြီ။ တံတားကြီးရဲ့စုစုပေါင်းအရှည်ကတော့ ၈၉၈၁ ပေရှိပြီး ရေပြင်အထက် ၇၄၆ ပေမြင့်ပါတယ်။ တံတားကြီးရဲ့အရောင်က လိမ္မော်ရင့်ရောင်ဖြစ်ပြီး မြူတွေလွှမ်းတဲ့အခါမြင်နိုင်အောင် လုပ်ဆောင်ထားတာဖြစ်ပါတယ်။
5) Niagara Falls
Niagara ရေတံခွန်ဟာ နယူးယောက်ပြည်နယ်နဲ့ Ontario ပြည်နယ်ကြားမှာတည်ရှိပါတယ်။ မြောက်အမေရိကတိုက်ရဲ့ အံ့သြစရာအကောင်းဆုံးသဘာဝအံ့ဖွယ်တွေထဲက တစ်ခုပါပဲ။ တကယ်တော့ Niagara ရေတံခွန်မှာ ရေတံခွန် ၃ ခု ပါဝင်ပါတယ်။ The American ရေတံခွန်၊ Bridal Veil ရေတံခွန်နဲ့ Horseshoe ရေတံခွန်တို့ပါပဲ။ Horseshoe ရေတံခွန်က ကနေဒါနိုင်ငံဘက်မှာရှိပြီး ကျန်ရေတံခွန် ၂ ခုကတော့ နယူးယောက်ဘက်မှာရှိပါတယ်။ တစ်နှစ်လာရောက်လည်ပတ်သူ ၁၄ သန်းကျော်နှင့်အတူ Niagara ရေတံခွန်ဟာ ကမ္ဘာပေါ်မှာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်မှုအရှိဆုံးနေရာတွေထဲက တစ်ခုဖြစ်နေပါတော့တယ်။
6) Kilauea
Kilauea ဟာ ဟာဝိုင်ယီကျွန်းစုကိုဖြစ်ပေါ်စေခဲ့တဲ့ မီးတောင်တန်းတွေထဲကတစ်ခုပါပဲ။ အလွန်ပြားချပ်ပြီး ဒိုင်းပုံသဏ္ဌာန်ရှိတဲ့မီးတောင်ဟာ မြင့်မားပြီးထောင်မတ်နေတဲ့မီးတောင်ထွတ်တွေနဲ့တော့ ကွာခြားပါတယ်။ Kilauea ဟာ ကမ္ဘာပေါ်မှာ အလှုပ်ရှားဆုံးမီးတောင်တွေထဲက တစ်ခုဖြစ်ပြီး မီးတောင်သုတေသနပညာရှင်တွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့အရင်းအမြစ်တစ်ခုပါပဲ။ ၁၉၅၂ ခုနှစ်ကစလို့ မီးတောင်ပေါက်ကွဲမှုပေါင်း ၃၃ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၁၉၈၃ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာဖြစ်ခဲ့တဲ့ မီးတောင်လှုပ်ရှားမှုကတော့ အခုထိဆက်ဖြစ်နေတုန်းပါပဲ။
7) Florida Keys
Florida Keys ဟာ ဖလော်ရီဒါကျွန်းဆွယ်ကိုပတ်လည်ဝန်းရံနေတဲ့ မိုင် ၁၂၀ ရှည်လျားသော ကျွန်းစုလေးတွေဖြစ်ပါတယ်။ ပြည်မကိုတံတားပေါင်းများစွာနဲ့ ဆက်သွယ်ထားပါတယ်။ အကြီးကျယ်ဆုံးတံတားကတော့ The Seven Mile တံတားဖြစ်ပြီး True Lies နဲ့ Fast 2 Furious အစရှိသော နာမည်ကြီးရုပ်ရှင်ကားပေါင်းများစွာရဲ့ ရိုက်ကွင်းနေရာလည်းဖြစ်ပါတယ်။
8) Las Vegas Strip
ကမ္ဘာ့လောင်းကစားသမားတွေသွားလိုတဲ့နေရာဖြစ်တဲ့ Las Vegas ဟာ တောင်ပိုင်း Nevada သဲကန္တာရအလယ်မှာရှိပါတယ်။ ကာစီနိုဝိုင်းအများအပြားတွေ့နိုင်ပြီး တောင်ပိုင်း Las Vegas Boulevard လမ်းမှာတော့အများဆုံးပါပဲ။ ပိုက်ဆံတွေနဲ့ပုံအောအလှဆင်ထားပြီး သာယာကြည်နူးဖွယ်နေရာဒေသကိုဖန်တီးထားတဲ့ အကြီးစားကာစီနိုဟိုတယ်တွေလည်းရှိပါတယ်။ စိတ်ကူးယဉ်ဆန်ပြီး မယုံနိုင်စရာကောင်းအောင် မျှော်မှန်းချက်တွေနဲ့ ဝေးကွာလွန်းလို့ ကာစီနိုဝိုင်းတွေဟာ နာမည်ကြီးပါတယ်။
9) Denali အမျိုးသားဥယျာဉ်
Denali အမျိုးသားဥယျာဉ်ဟာ Alaska ပြည်နယ်အတွင်းမှာတည်ရှိပြီး ဥယျာဉ်အတွင်းမှာ မြောက်အမေရိကရှိအမြင့်ဆုံးတောင်ဖြစ်တဲ့ Mckinley တောင်လည်းပါဝင်ပါတယ်။ Athabaskan ဘာသာစကားအရ Denali ဟာ The High One လို့ဆိုလိုပြီး Mckinley တောင်ကိုရည်ညွှန်းပါတယ်။ ဥယျာဉ်မှာ မြောက်အမေရိကတိုက်နဲ့ရုရှားမှာပဲတွေ့ရတဲ့ ဝက်ဝံကြီးတွေ၊ မြောက်အမေရိကတိုက်ရှိ ဒရယ်တွေ၊ ဦးချိုပြားသမင်တွေ၊ ဝံပုလွေတွေနဲ့ အခြားသတ္တဝါမျိုးစုံကို ကာကွယ်ထားပါတယ်။
10) White House အိမ်ဖြူတော်

ဝါရှင်တန်ဒီစီမှာရှိပြီး အမေရိကန်သမ္မတရဲ့အိမ်တော်နဲ့ ရုံးစိုက်ရာနေရာဖြစ်ပါတယ်။ ၁၇၉၂ ခုနှစ်နဲ့ ၁၈၀၀ ခုနှစ်ကြားတည်ဆောက်ခဲ့ပြီး သမ္မတ ဂျွန်အဒမ် က ပထမဆုံးအသုံးပြုခဲ့ပါတယ်။ ၉/၁၁ တိုက်ခိုက်မှုပြီးတဲ့နောက် လည်ပတ်ဖို့ပိုပြီး ခက်ခဲလာပါတယ်။ လည်ပတ်သူ ၁၀ ယောက်ထက်မကျော်တဲ့အုပ်စုမျိုးကိုသာလက်ခံပြီး မလည်ပတ်ခင် ၆ လအလိုကတည်းက ကြိုတင်အကြောင်းကြားရပါတယ်။
Yuya Khin
Content Translation Department