ခရစ္စမတ်ဆိုတာ အများပြည်သူတို့အတွက် အားလပ်ရက်ဖြစ်ပြီး ဒီရက်မျိုးမှာ မိသားစု မိတ်ဆွေ သူငယ်ချင်းတွေ ဆုံဆည်းပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်ကြပါတယ်။ ဒါပေမယ့် တချို့သူတွေကတော့ ဒီလိုရက်မျိုးမှာတောင် အားလပ်ရက်မရပဲ သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်နေရပါတယ်။
ဒီအထဲမှာ အမေရိကန်သူ Pierce Vaughan လည်းအပါအဝင်ပါ။ သူမဟာ ခရစ္စမတ်မှာ မိသားစုနဲ့ အတူဆုံချင်ပေမယ့် အမေရိကန်အခြေစိုက် Delta လေကြောင်းလိုင်းရဲ့ လေယာဉ်မယ် ဖြစ်တာကြောင့် မဆုံရတော့ပဲ သူမရဲ့ခရစ္စမတ်အချိန်တွေကို လေယာဉ်ပေါ်မှာ ခရီးသွားရင်း ကုန်ဆုံးရမှာဖြစ်ပါတယ်။
သမီးဖြစ်သူ ခွင့်မရကြောင်းကို သိရှိပြီးတဲ့နောက် ခရစ္စမတ်မှာ သမီးနဲ့အတူရှိနေချင်တဲ့ သူမရဲ့ဖခင်ဖြစ်သူ Hal Vaughan ဟာ အကြံတစ်ခုထုတ်ခဲ့ပါတယ်။ အဲဒါကတော့ ခရစ္စမတ် နဲ့ နောက်နေ့မှာ သမီးဖြစ်သူလိုက်ပါ ဝန်ဆောင်မှုပေးရမယ့် လေယာဉ် ၆ကြောင်းစလုံးရဲ့ လက်မှတ်ကို ဝယ်ယူခဲ့တာပါ။
ဒီလိုထူးခြားတဲ့ စိတ်ကူးကြောင့် ခရစ္စမတ်နေ့မှာတော့ သမီးဖြစ်သူ နဲ့ ဖခင်ဖြစ်သူ Hal Vaughan ဟာ တစ်နေ့လုံး အတူရှိနေပါတော့တယ်။ သူတို့ဟာ ဖလော်ရီဒါကနေ မီချီကန် အဲဒီနောက်တော့ မီချီကန် ခရီးစဉ်တွေကို သွားခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ကို ဘယ်သူမှ သတိမထားမိကြပေမယ့် ဒီအကြောင်းကို သိသွားသူကတော့ Hal Vaughan ရဲ့ ဘေးမှာ လိုက်ပါစီးနင်းခဲ့တဲ့ Mike Levy ဆိုတဲ့ ခရီးသည်ပဲ ဖြစ်ပါတယ်။ သူဟာ Hal Vaughan နဲ့ စကားပြောရင်း ဒီအကြောင်းကို သိရှိသွားတဲ့နောက် သူ့ရဲ့အကောင့်မှာ တင်ခဲ့ရာကနေ ဒီဖြစ်ရပ်ကို အားလုံးသိရှိသွားခဲ့ကြတာဖြစ်ပါတယ်။ သူဟာ ဒီဖြစ်ရပ်ကို ဖော်ပြရင်း အရမ်းအံသြစရာ ဖခင်တစ်ယောက်ပါပဲ ၊ ခရစ္စမတ်မှာ ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးခဲ့ပါတယ်။
တကယ်တော့ ဖခင်ဖြစ်သူ Hal Vaughan ဟာ ကောင်းကောင်းကျန်းမာသူ တစ်ယောက်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်တုန်းက မတော်တဆမှု တစ်ခုကနေ လည်ပင်းရိုး ကျိုးခဲ့ဖူးပါတယ်။ ပြန်လည်ကုသပြီးဖြစ်ပေမယ့် အဲဒီဒါဏ်ကြောင့် ဖြည်းဖြည်းချင်းသာ လှုပ်ရှားနိုင်ပါတယ်။ ဒါဏ်ရာရပြီးကတည်းက ခရီးတစ်ခါမှ မသွားတော့ပဲ သမီးဖြစ်သူနဲ့ တွေ့ချင်လွန်းလို့သာ အခုလို ကြိုးစားခဲ့တာဖြစ်ပါတယ်။
အဲဒီပိုစ့်ကို လူပေါင်း ၂သိန်းကျော် နှစ်သက်ခဲ့ကြပြီး လူ ၄သောင်းကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။ အားလုံးကတော့ Hal ကို ချစ်တတ်လွန်းတဲ့ ဖခင်ရယ်လို့ ချီးကျူးနေကြပါတယ်။
သုတဇုန်
Ref:
USA Today