နိုက် ဟူသောအင်္ဂလိပ်စကားသည် မူလက လုလင်ဟု သာမန် အဓိပ္ပါယ်ရှိသည်။ ကာလရွေ့သော် ထိုစကားသည် လူပျိုတော်ဟူ၍ လည်ကောင်း ၊ စစ်မှုထမ်းဟူ၍လည်ကောင်း ၊ မြင်းစီးသူရဲကောင်းဟူ၍ လည်ကောင်း အဓိပ္ပါယ်အဆင့်ဆင့် ပြောင်းလဲလာသည်။ ထိုသူတို့သည် မင်း ၊ မိဖုရား ၊ သားတော် ၊ သမီးတော် ၊ မြို့စား ၊ ရွာစား ၊ မှူးကြီးမတ်ရာ ၊ သေနာပတိတို့၏ ထံပါ၌ မင်းမှုထမ်းကြရသည်။
ဥရောပတိုက် အလယ်ခေတ်တွင် တိုင်းပြည်နိုင်ငံတို့၌ အမြဲတမ်းစစ်တပ် ဖွဲ့စည်းထားခြင်း မရှိချေ ။ ထို့ကြောင့် တစ်ပြည်ထောင် နှင့် တစ်ပြည်ထောင်စစ်ခင်းသည့်အခါ မင်းမိဖုရား စသည်တို့သည် ယင်းတို့၏ အမှုထမ်းတို့ကို တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲများအတွက် အားကိုးအားထားပြုကြသည်။ ထိုအမှုထမ်းတို့သည် ငယ်စဉ်ကပင်လျှင် မြင်းစီးအတတ် ၊ လေးမြားအတတ် ၊ ဓားခုတ်လှံှထိုးအတတ် စသည်တို့၌ တတ်မြောက်ကျွမ်းကျင်ရသည်။ သူရသတ္တိနှင့်လည်း ပြည့်စုံရသည်။
ထိုအခါ ထိုအမှုထမ်းတို့ကို စိုးပိုင်သော အရှင်သခင်တို့က ငါသည်သင့်ကို ‘နိုက်’ ဟု အမည်မှည့်သည်ဟူ၍ဆိုကာ လည်ကုပ်ကို ဓားပြားဖြင့်ရိုက်မြဲဖြစ်သော်လည်း နှောင်းခေတ်တို့၌မှာမူ သူကောင်းပြုခြင်းခံရမည့် သူ၏ပုခုံးကိုဓားဦးဖြင့် တို့ရုံသာတို့ရသည်။ အလယ်ခေတ်က စစ်မှုထမ်းဟူသည်မှာ မြင်းစီးသူရဲကောင်းများ ဖြစ်ကြသည်။
ခရစ်နှစ် ၁၀၉၆ခုမှ စတင်၍ ဖြစ်ပွားခဲ့သော ကရူးဆိတ်စစ်ပွဲများတွင် ဆာရာဆင်တို့ကို တိုက်ခိုက်ရာ၌ ခရစ်ယာန်မြင်းစီးသူရဲကောင်းတို့၏ ဂုဏ်သတင်းသည် အထူးထင်ပေါ်ကျော်ကြားလာလေသည်။ ၁၁၁၈ ခုတွင် ထိုသူရဲကောင်းတို့သည် ခရစ်တော်ဖွားမြင်ရာဒေသသို့ လာရောက်ကြကုန်သော ဘုရားဖူးတို့ကို စောင့်ရှောက်ရန်အလို့ငှာ ဂျေရုဆလမ်မြို့ရှိ ဆော်လမွန်ဘုရားကျောင်းရှိရာနေရာကို ဗဟိုဌာနပြု၍ နိုက်သူရဲကောင်းအဖွဲ့ကို ဖွဲ့စည်းကြသည်။
ပြင်သစ်သူရဲကောင်း Hugues de Payens ဦးဆောင်ကာ တပ်မှူး ၁၃ယောက်နှင့် စတင်ဖွဲ့စည်းခဲ့စည်းခဲ့ကြသည်။ စတင်ဖွဲ့စည်းစဉ်က Poor fellow knights of the church and of temple of Solomon ဟုခေါ်ဝေါ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဘုရားကျောင်းတော်ရဲ့သူရဲကောင်းများ (knights templar) ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။
ထိုအဖွဲ့၏ ကောင်းသတင်းကျော်စောလာသောအခါ ဥရောပအရပ်ရပ်မှ သူရဲကောင်းတို့ ထိုအဖွဲ့ထဲသို့ ဝင်ရောက်လာကြသည်။ထိုသည်မှစ၍ နိုက်တင်းပလား သူရဲကောင်းအဖွဲ့ထင်ရှားကာ ၊ အင်အားကြီးမားလာလေသည်။ ထိုစဉ်က စိန့်ဂျွန်းနိုက်သူရဲကောင်းအဖွဲ့နှင့် တျူတန်သူရဲကောင်းအဖွဲ့တို့သည်လည်း ပေါ်ပေါက်လျှက်ရှိသည်။ သို့သော် နိုက်တင်းပလာတို့က ပို၍ နာမည်ကြီးခဲ့လေသည်။
စတင်ဖွဲ့စည်းလိုက်သည်မှ နှစ်ပေါင်း ၁၅၀အတွင်းတွင် နိုက်တင်းပလား သူရဲကောင်းအဖွဲ့သည် တန်ခိုးသြဇာကြီးမားလာ၍ ချမ်းသာကြွယ်ဝလာလေသည်။ ထို့ကြောင့် ထိုအဖွဲ့သည် ဘုရင်၏ သြဇာကိုပင်လျှင် လွှမ်းမိုးစပြု၍ လာလေသည်။ templer ခေါင်းဆောင်သည် ဘုရင်များထက်ပင် သြဇာကြီးသည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ ဘုရင်သည် မိမိနိုင်ငံကိုသာ သြဇာသက်ရောက်သော်လည်း templer ခေါင်းဆောင်သည် အရှေ့အလယ်ပိုင်းနိုင်ငံတိုင်းရှိ အဖွဲ့ဝင်များအပေါ် သြဇာသက်ရောက်သောကြောင့် ဖြစ်သည်။
စတုတ္ထ ကရူးဆိတ်စစ်ပွဲတွင် ခရစ်ယာန်တို့ စစ်ရှုံးသည့်အတွက် နိုက်တင်းပလားအဖွဲ့သည် ဂျေရုဆလင်မှ ဆုတ်ခွာကာ ဆိုက်ပရပ်သို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ရသည်။ အဖွဲ့ဝင်တို့သည် ဆိုက်ပရပ်ကျွန်းမှ တစ်ဆင့် ဥရောပတိုက်သို့ ပျံ့နှံ့သွားကြသည်။ တန်ခိုးထွားလာသော ထိုအဖွဲ့ကို ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် ထိမ်းချုပ်ရန်ခက်ခဲလာခဲ့ပြီးနောက် ထိုအဖွဲ့သည် ဗာတီကန်ကျောင်းတော်၏ အမြင်မကြည်မှုကို ခံခဲ့ရသည်။
ထို့အပြင် ၁၃၀၄ခုနှစ် ပြင်သစ်-အင်္ဂလိပ်စစ်ပွဲ တွင် ပြင်သစ်ဘုရင်က ဝင်ရောက်တိုက်ခိုက်ရန် အကူအညီတောင်းသည့်အခါတွင်လည်း အဖွဲ့ဝင်များသည် နိုင်ငံစုံမှဖြစ်သည်ဆိုကာ မကူညီသဖြင့် ပြင်သစ်ဘုရင်၏ အငြိုးထားမှုကို ခံရပြန်သည်။ ၁၃၀၇ တွင် ဗာတီကန်က ခရစ်ယာန်နိုင်ငံများသို့ နိုက်တင်ပလားများအား သုတ်သင်ရန် လျို့ဝှက်အမိန့်ပေးပို့ခဲ့သည်။ ၁၃၀၇ ခုနှစ် အောက်တိုဘာ ၁၃ရက်နေ့ သောကြာနေ့တွင် ပြင်သစ်ဘုရင် စတုတ္ထဖိလစ် က တင်ပလားအဖွဲ့ဝင် ရာပေါင်းများစွာကို ဖမ်းဆီးကာ အရှင်လတ်လတ်မီးရှို့သတ်ခဲ့သည်။ ထိုဖြစ်ရပ်သည် friday 13 တွင် ဖြစ်ပွားခဲ့သဖြင့် friday 13 သည် နိမိတ်မကောင်းဟူသော အယူအဆများဖြစ်လာခဲ့သည်။
ထို့ပြင် ခရစ် ၁၃၁၂ ခုနှစ်တွင် ဂျာမနီပြည်မှအပ အခြားသော ဥရောပတိုက်ရှိ တိုင်းပြည်တို့က နိုက်တင်ပလားသူရဲကောင်းအဖွဲ့ကို နှိပ်ကွပ်လာပြန်သည်။ အင်္ဂလန်ပြည်သည် ဗာတီကန်အမိန့်တော်အတိုင်း တင်ပလားတို့ကို မသတ်ဖြတ်ခဲ့သော်လည်း ဒုတိယအက်ဒွပ်ဘုရင် လက်ထက်တွင် ထိုအဖွဲ့ဝင်တို့ကို ဖမ်းဆီးချုပ်နှောင်၍ ယင်းတို့ပိုင်ဥစ္စာပစ္စည်းများကို နိုင်ငံတော်ကသိမ်းပိုက်လိုက်လေသည်။ ထိုစဉ်မှစ၍ နိုက်တင်းပလား သူရဲကောင်းအဖွဲ့သည် တိမ်ကောခဲ့လေသည်။
သို့ရာတွင် သူရဲကောင်း အဖွဲ့ဖွဲ့စည်းသော အစဉ်အလာမှာကား အင်္ဂလန် နှင့် ဥရောပတိုက်ရှိ နိုင်ငံတို့တွင် ကျန်ရစ်ခဲ့လေရာ ထိုနိုင်ငံတို့၌သူရဲကောင်းအဖွဲ့တို့သည် ယနေ့တိုင် နာမည်အမျိုးမျိုးဖြင့် ထင်ရှားတည်ရှိနေပေသည်။ ယခုခေတ်ဗြိတိန်နိုင်ငံ၌ သူကောင်းပြုခြင်းခံရသော ပုဂ္ဂိုလ်ကို ဆာ ဘွဲ့တပ်၍ ခေါ်ရသည်။ ထိုပုဂ္ဂိုလ်၏ ဇနီးကို လေဒီ ဟု ခေါ်ရသည်။ အမျိုးသမီးကိုယ်တိုင် နိုက်သူရဲကောင်းအဖြစ်ဖြင့် သူကောင်းပြုခြင်းခံရသော် ထိုအမျိုးသမီးကို ဒိမ်း ဟုခေါ်ရ၏။
မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၂
En WIkipedia