အလွန်ပူပြင်းတဲ့ ကန္တာရအလယ်မှာ သဘာဝပန်းဥယျာဉ်စိုက်ပျိုးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် ခတ်အမီဆုံးမြို့တစ်မြို့ဖြစ်တဲ့ ၊ မိုး ကိုတောင်ကိုယ်တိုင်ဖန်တီးပြီး ရွာသွန်းစေမယ့် ဒူဘိုင်းအတွက်တော့ ဖြစ်နိုင်ပါတယ်။ ဟုတ်ပါတယ် ၊ ဒီသဘာဝပန်းဥယျာဉ်ကြီးဟာ ယူအေအီးနိုင်ငံ အပူပိုင်းသဲကန္တာရထဲမှာတည်ရှိတဲ့ ဒူဘိုင်းမြို့မှာတည်ရှိနေတာပါ။ ဒူဘိုင်းမြို့ရဲ့ Al Barsha နယ်မြေတောင်ပိုင်းမှာ တည်ရှိနေတာဖြစ်ပါတယ်။
ဒီပန်းဥယျာဉ်ကြီးဟာ Dubai Miracle Garden ဆိုပြီး ကမ္ဘာကျော်ပါတယ်။ အကြောင်းကတော့ အပူပိုင်း သဲကန္တာရထဲမှာ ဆောက်ထားတဲ့ ပန်းဥယျာဉ်က မွေးပျံ့လှပတဲ့ ပန်းတွေ အများကြီး စိုက်ပျိုးပေါက်ရောက်နေလို့ပါပဲ။ ကမ္ဘာ့အကြီးဆုံး သဘာဝပန်းဥယျာဉ်လည်း ဖြစ်ပါတယ်။
အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၇၈၀၀၀၀ ကျယ်ဝန်းတဲ့ ဒီပန်းဥယျာဉ်ကြီးထဲမှာ ပန်းပွင့်ပေါင်း သန်း ၆၀ ကျော်ကို ခင်းကျင်းပြသထားပါတယ်။ ဒီပန်းဥယျာဉ်ကြီးရဲ့ ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁၁သန်းဖြစ်ပါတယ်။ Arabian Ranches အနီးနားမှာရှိတဲ့ ဒီပန်းဥယျာဉ်ကြီးကို ၂၀၁၃ ခုနှစ် ချစ်သူများနေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နှစ်စဉ် လာရောက်လည်ပတ်သူပေါင်း ၁.၅ သန်းလောက် ရှိပါတယ်။
ရာသီအလိုက် ပန်းတွေကို ပုံစံပြောင်းလဲ ဖွဲ့စည်းခင်းကျင်းလေ့ရှိတယ်။ ဒီလိုခင်းကျင်းရခြင်းအကြောင်းကတော့ ဒီနှစ် ဒီဥယျာဉ်ကိုလာရောက်ပြီးသူဟာ နောက်နှစ်ရောက်တဲ့အခါမှာလည်း အရသာမြင်ကွင်းသစ်တစ်မျိုးကို ခံစားစေနိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း လည်ပတ်ဖူးသူတွေကို နောက်တစ်ခါလာရောက်လည်ပတ်စေချင်အောင် ဆွဲဆောင်လျှက်ရှိပါတယ်။
ဒီလိုတစ်ခါခင်းကျင်းတဲ့အခါမှာ ဝန်ထမ်းပေါင်း ၄၀၀ကျော် ဟာ အချိန် ၂လယူကာ ခင်းကျင်းရတာဖြစ်ပါတယ်။ စုစုပေါင်း ပန်းမျိုးစိတ်ပေါင်း ၆၀ကျော် နဲ့ ခင်းကျင်းထားတာဖြစ်ပြီး ပန်းတွေကိုရှေရှည်ခံစေဖို့အတွက် အစက်ချစိုက်ပျိုးနည်းစနစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒီလို အစက်ချစနစ်ကို သုံးတာတောင် တစ်နေ့တစ်နေ့ ရေလီတာပေါင်း ၇သိန်းခွဲခန့်ကုန်ကျပါတယ်။ ဒါပေမယ့် re-uses waste water စနစ်ကိုသုံးထားတာကြောင့် အကုန်အကျသက်သာစေတယ်လို့ သိရပါတယ်။
ဒီပန်းခြံကြီးထဲမှာ အရုပ်တွေ ၊ ငှက်တွေ ၊ အိမ်တွေ ၊ ဒီဇိုင်းအမျိုးမျိုးကို ပန်းရောင်စုံနဲ့ ခင်းကျင်းထားပြီး အဲဒီထဲမှာ အထူးခြားဆုံးကတော့ Emirates Airbus A380 လေယာဉ်ကြီးဖြစ်ပါတယ်။ တကယ့်အပြင်က လေယာဉ်နဲ့ အတိုင်းအတာက အစ အတူတူဖြစ်အောင် ပန်းတွေနဲ့တည်ဆောက်ထားတာဖြစ်ပြီး ပန်းပေါင်း ၅သိန်းခန့်ကို အသုံးပြုရပါတယ်။ ဒီခင်းကျင်းမှုဟာ ၂၀၁၆ ခုနှစ်မှာတော့ ” ကမ္ဘာ့အကြီးဆုံး ပန်းအလှဆင်မှု” အဖြစ် ဂင်းနစ်မှတ်တမ်းဝင်သွားခဲ့တယ်။
ဒီပန်းခြံကြီးမှာ ပန်းတွေအပြင် အလွန်လှပတဲ့ရောင်စုံလိပ်ပြာတွေကိုလည်း ထားရှိထားပါသေးတယ်။ လိပ်ပြာမျိုးစိတ်ပေါင်း ၂၆ခုရှိပြီး အရေအတွက်အားဖြင့် လိပ်ပြာကောင်ရေ ၁၅၀၀၀ ခန့် ရှိနေပြန်ပါတယ်။
ဒူဘိုင်းမှာရှိတဲ့နေရာအများစုဟာ ခေတ်မီတဲ့ဈေးဝယ်စင်တာတွေ ၊ အလုံပိတ်နေရာတွေဖြစ်တာကြောင့် လူတွေဟာသဘာဝကို အလိုရှိကြပါတယ်။ ဒါကြောင့်လည်း ဒီပန်းခြံကြီးကို မကြာခဏလာလေ့ရှိတာလို့ ဒီပန်းဥယျာဉ်ကြီးရဲ့ တာဝန်ခံဖြစ်သူက ဆိုပါတယ်။ ပန်းတွေရေရှည်ခံစေဖို့အတွက် ဒီပန်းဥယျာဉ်ကြီးကို အလွန်ပူပြင်းပြီး ပျမ်းမျှအပူချိန် ၄၀ဒီဂရီဆဲစီးယပ် ခန့်ရှိတဲ့ ဇွန်လကနေ စက်တင်ဘာလအထိ ပိတ်ထားလေ့ရှိပါတယ်။ တစ်နှစ်နဲ့တစ်နှစ်ဖွင့်ချိန်မတူပေမယ့် အများအားဖြင့် နိုဝင်ဘာလမှာ ပြန်လည်ဖွင့်လှစ်လေ့ရှိပါတယ်။
ကဲ အောက်က ဗီဒီယိုကိုကြည့်ပြီး ခဏလောက်သွားလည်ကြည့်ပါ 🙂
သုတဇုန်