ရေးသားသူ – ကိုထိုက် (Messenger News Journal)
၁။ ဘက်တီးရီးယား ကာကွယ်ရေးဆပ်ပြာနှင့် လက်သန့်ဆေးရည်
ဘက်တီးရီးယား ကာကွယ်ရေး ဆပ်ပြာသုံးရင် မဖျားမနာတော့ဘူးရယ်လို့ လူအတော်များများ အလွဲမှတ်ယူထားတတ်ကြသည်။ ထိုဆပ်ပြာတို့သည် ဘက်တီးရီးယားများနှင့် အခြားပိုးမွှားများကို တိုက်ဖျက်နိုင်သည် မှန်သော်လည်း လူကို ဖျားနာစေသည့် ဗိုင်းရပ်စ်များကိုမူ ဘာမှမလုပ်နိုင်။ သို့ဖြစ်ရာ ဘက်တီးရီးယားကာကွယ်ရေး ဆပ်ပြာသုံးခြင်းဖြင့် ဖျားနာရောဂါ ကူးစက်မခံရနိုင် ဟူသော ယုံကြည်ချက်က အလွဲသာ ဖြစ်၏။
၂။ ချွေးနံ့ပျောက် လိမ်းဆေး
ချွေးနံ့ပျောက် လိမ်းဆေးတွေက လူကိုချွေးမထွက်အောင်ဖန်တီး ပေးသည်။ ချွေးမထွက်ခြင်းကြောင့် လူသည် ချွေးနံ့နံစော်ခြင်း ကင်းဝေးသည်။ ပြသနာက ချွေးနံ့ပျောက် လိမ်းဆေးတို့သည် ခန္ဓာကိုယ်၏ မရှိမဖြစ် လုပ်ငန်းစဉ်ဖြစ်သော ချွေးထွက်ခြင်းကိစ္စကို ကမောက်ကမ ဖြစ်စေသည်။ ချွေးထွက်ခြင်းဟူသည် ခန္ဓာကိုယ်ထဲက အဆိပ်ဓာတ်များကို စွန့်ထုတ်ခြင်း မည်သည်။ချွေးမထွက်လျှင် ခန္ဓာကိုယ်ထဲမှာ အဆိပ်ဓာတ်တွေ များလာလိမ့်မည်။
ချွေးထွက်ခြင်းဟူသည် ထွက်ဖို့ လိုအပ်လို့သာ ထွက်ခြင်းဖြစ်သည်။ ပိုဆိုးသည်မှာ ချွေးနံ့ပျောက် လိမ်းဆေးတို့တွင် ပါသော ဓာတုပစ္စည်းများသည် ခန္ဓာကိုယ်ထဲ ရောက်သွားသောအခါ လူကို အဆိပ်သင့်စေနိုင်စွမ်းရှိခြင်း ဖြစ်သည်။ ဓာတုပစ္စည်းများအနက် အလူမီနမ်သည် သွေးထဲက တစ်ဆင့် ဦးနှောက်ထဲ ထိရောက်နိုင်သည်။ အလူမီနမ်ဓာတ်သည် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားစေသည့် အကြောင်းရင်းများအနက် တစ်ခုဖြစ်သည်ဟု သုတေသနများက ဖော်ပြသည်။
၃။ ထိုင်ခုံ
လူကိုမကျန်းမာစေသည့် ပစ္စည်းများထဲတွင် ထိုင်ခုံကို ထည့်ထား၍ ရယ်ချင်သူများရှိနိုင်သည်။ သို့သော် အမှန်ဖြစ်၏။ ထိုင်ခုံမှာ အချိန်ကြာကြာထိုင်ခြင်းသည် ကျန်းမာရေး ဆိုးကျိုးဖြစ်စေသည်။ လေ့လာမှု စစ်တမ်းပေါင်းများစွာ အရလည်း အချိန်ကြာမြင့်စွာ ထိုင်ခြင်းသည် ဆီးချို၊ နှလုံးရောဂါ၊ အူမကြီး၊ ရင်သား ကင်ဆာများပါ ဖြစ်ပွားစေကြောင်း တွေ့ရသည်။ တစ်နေ့ သုံးနာရီစာထက် ပိုမထိုင်သင့်။ အထိုင်များသော ရုံးအလုပ် လုပ်ရသူဖြစ်ပါက မိနစ် (၂၀) စာထိုင်တိုင်း တစ်မိနစ်စာ လမ်းလျှောက်သင့်သည်။
မတ်တပ်ရပ် စားပွဲမျိုးနဲ့ အလုပ်လုပ်လျှင် ပိုကောင်းသည်။ ရုံးမှာ မကြာမကြာ လမ်းထလျှောက်ပေးသင့်သည်။ ရေများများလည်း သောက်ပါ။ ရေများများသောက်ခြင်းကြောင့် မကြာမကြာ ဆီးသွားချင်မည်။ သန့်စင်ခန်း မကြာမကြာ ထသွားခြင်းဖြင့် လမ်းလျှောက်ပြီးသား ဖြစ်သွားမည်။ လူတစ်ယောက်သည် ကျန်းမာရေးနဲ့ညီရန် အနည်းဆုံးတစ်နေ့ ခြေလှမ်းတစ်သောင်းလောက် လျှောက်သင့်သည်ဟု ကျန်းမာရေး သုတေသီတို့က ဆိုသည်။
၄။ သပွတ်အူ၊ ရေချိုးရေမြှုပ်လုံး
ရေချိုးလျှင် သပွတ်အူ၊ ရေချိုး ရေမြှုပ်လုံးတို့နဲ့ ပွတ်တိုက်လိုက်ရမှ သန့်စင်သွားသည်ဟု ခံစားရတတ်သည်။ သို့သော် ထိုသပွတ်အူနှင့် ရေချိုးရေမြှုပ်လုံးတို့သည် ရေချိုးခန်းထဲ အမြဲ စိုထိုင်းထိုင်း ရှိနေသည်ဖြစ်ရာ မှိုတွေ၊ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံးအိမ် ဖြစ်နေတတ်သည်။ အကယ်၍ စာဖတ်သူ၏ ခန္ဓာကိုယ်တွင် ပွန်းရာ၊ ခြစ်ရာ၊ အက်ကွဲရာများ ရှိနေပါကမှိုတွေ၊ ဘက်တီးရီးယားတွေ ခန္ဓာကိုယ်ထဲ ဝင်သွားနိုင်သည်။ရေချိုးပြီးတိုင်း သပွတ်အူတွေ၊ ရေချိုးရေမြှုပ်လုံးတွေကိုနေရောင်ဖြင့် ခြောက်သွေ့အောင် ထားဖို့လိုသည်။
၅။ ဖျော်စက်
ဖျော်စက်ထဲ အသီးတွေထည့်ပြီး အသီးဖျော်ရည် လုပ်သောက်ရတာလောက် ဇိမ်ကျတာမရှိ။ အသီးစစ်စစ်နဲ့ ဖျော်သောက်ခြင်းကြောင့် ကျန်းမာရေးအတွက်လည်းကောင်းသည်။ သို့သော် ထိုဖျော်စက်သည် စာဖတ်သူကို ရောဂါပိုးမွှားဝင်စေမည့် အကြောင်းရင်းခံ ဖြစ်နေတာကတော့ စိတ်မကောင်းစရာ။ ဖျော်ပြီးလျှင် ရေနဲ့ သေချာမဆေးပါက ဖျော်စက်ထဲက အကြွင်းအကျန်များကြောင့် ဘက်တီးရီးယားနှင့်မှိုများ ဖြစ်ထွန်း တတ်သည်။
သေချာဆေးပါသည် ဆိုသူများပင် ဖျော်စက်အောက်ခြေ ဒလက်အောက်က ရာဘာအဆို့နေရာကို သေချာစင်ကြယ်အောင် မဆေးဖြစ်တာများသည်။ ထိုနေရာသည် အသီးအကြွင်းအကျန်များ အများဆုံး ကပ်နေကာ ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်သည်။ အသီးဖျော် သောက်ပြီးတိုင်း ဖျော်စက်ကို ဒလက်အောက် ရာဘာကွင်းပါမကျန် စနစ်တကျ သန့်ရှင်းဆေးကြောပေးရမည်။
၆။ နားသန့်ဂွမ်း
နားသန့်ဂွမ်းတံလေးနဲ့ ထိုးထိုးပြီး နားထဲမွှေလိုက်ရတာလောက် စိတ်ကျေနပ်စရာကောင်းတာမရှိတော့။ ထိုးမွှေပြီးသွားလျှင် ကိုယ့်နားလေး သန့်သွားပြီဆိုကာ ပီတိဖြစ်ရသည်။ တစ်ခုသတိထားရန်မှာ လူသားခန္ဓာကိုယ်သည် မရှိမဖြစ် လိုအပ်သည့်ပစ္စည်းများနဲ့သာ ဖွဲ့စည်းထားသည် ဆိုသောအချက်ပင်။ နားဖာချေး ထွက်ခြင်းသည်လည်း လိုအပ်၍ ထွက်ခြင်းသာ ဖြစ်သည်။ နားဖာချေး ထွက်တိုင်း နားသန့်ဂွမ်းနဲ့ ရှင်းထုတ်ဖို့မလို။နားဖာချေးသည် နားထဲ ဘက်တီးရီးယားနှင့် ဖုန်မှုန့်များ မဝင်နိုင်အောင် ကာကွယ်ပေးထားသည်။ ထို့အပြင် နားဖာချေးသည် နားလမ်းကြောင်း အပြင်ပိုင်းသုံးပုံတစ်ပုံစာ နေရာတွင်သာ တည်ရှိသည်။
သဘာဝအားဖြင့် အတွင်းပိုင်းတွင်မနေ။အကယ်၍ ကိုယ်က နားသန့်ဂွမ်းတုတ်ဖြင့် အတင်းထိုးလိုက်ပါက နားဖာချေးများသည်နားအတွင်းပိုင်း လမ်းကြောင်းထဲထိ ရောက်သွားလိမ့်မည်။ထိုအခါ နားလေးခြင်းမှသည် ကူးစက်ရောဂါများထိ ဝင်ရောက်ကာ နားထိခိုက်ရနိုင်သည်ကိုလည်း သတိပြုရမည်။ မိမိက နားသန့်ဂွမ်းတုတ် သုံးလိုသည်ဆိုလျှင်ပင် နားအပြင်ပိုင်းလောက်ကိုသာ ခပ်ဖွဖွ ပွတ်တိုက်သန့်စင်သင့်သည်။
၇။ သစ်သီး ဖျော်ရည်ဘူးတွေ
အသင့်သောက်နိုင်အောင် ထုပ်ပိုးရောင်းချသော သစ်သီးဖျော်ရည်ဘူးတွေကို အလွန်အကျွံသောက်လျှင် မှန်းချက်နဲ့ နှမ်းထွက်လွဲနိုင်သည်။ သစ်သီးဖျော်ရည် အတော်များများသည် သကြားဓာတ် အလွန်အမင်း ပါဝင်နေကြသည်။
ထို့အပြင် တာရှည်ခံစေရန် အတွက် အပူဓာတ် မြင့်မြင့်ပေးကာ ပြုပြင်ထားခြင်းဖြစ်သောကြောင့် သစ်သီးတွေထဲတွင် မူရင်းပါသော အင်ဇိုင်း အများအပြား သေဆုံးပျက်စီးသွားပြီ ဖြစ်သည်။ သို့ဖြစ်ရာ အသင့်သောက် သစ်သီးဖျော်ရည်သောက်လျှင် ကျန်းမာစေသည်ဟူသော အလွန်အမင်း အားကိုးပုံမျိုး မလုပ်မိဖို့လိုသည်။
၈။ အိမ်သုံးသန့်ရှင်းရေး ပစ္စည်းတွေ
နေ့စဉ် အိမ်မှာသုံးနေသည့် သန့်ရှင်းရေး ဆေးရည် အမျိုးမျိုးထဲတွင် အဆိပ်သင့်ဓာတုပစ္စည်းများ ပါဝင်နေသည်။ မီးဖိုခန်း၊ ရေချိုးခန်းကြွေပြားချေးချွတ်ဆေးရည်မျိုး၊ အိမ်သာသန့်ရှင်းရေးဆေးရည်မျိုးတွေထဲတွင် လူကိုအန္တရာယ် ဖြစ်စေနိုင်သော အမိုးနီးယား၊ မီသိုဆိုင်ချာ၊ ဖော့စဖရပ်စ်၊ ဆိုဒီယမ် ဟိုက်ဒရောဆိုက်၊ ဆာလဖြူရစ် အက်စစ်၊ ပိုတက်စီယမ် ဟိုက်ဒရောဆိုက်၊ ဖော်မယ်ဒီဟိုက်၊ဘန်ဇင်း၊ခလိုရိုဖောင်း စသည်တို့ ပါဝင်သည်။
အပြည့်အစုံရေးရလျှင် အမျိုးအစားပေါင်း ရာထောင်ချီသွားနိုင်သည်။ လူအများစုက ထိုပစ္စည်းများ သုံးခြင်းဖြင့် မိမိတို့အိမ်ကလေး သန့်ရှင်းစင်ကြယ်သွားသည်ဟု ထင်တတ်ကြသည်။ တကယ်တမ်းမှာကား ထိုပစ္စည်းများကနေ မမြင်သာသော ညစ်ညမ်း ဓာတုပစ္စည်းပေါင်းများစွာ ထွက်လာသည်ကို သတိထားမိသူ နည်းလှသည်။
ကိုထိုက် (Messenger News Journal)
Ref: Huffington Post