ဆိုင်ရဲ့အမည်ကိုကတည်းက Dinner in the Sky ပါတဲ့။ ဘယ်လ်ဂျီယံအခြေစိုက် စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပြီး စားပွဲတွေကို ပေ ၁၅၀ အမြင့်အထိ ကရိန်းတွေနဲ့ ဆွဲမထားပြီး စားသုံးသူတွေကို သုံးဆောင်စေတာဖြစ်ပါတယ်။ ဒီစားသောက်ဆိုင်ဟာ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အထူးခြားဆုံး စားသောက်ဆိုင် ၁၀ ခု စာရင်းမှာလည်း ထည့်သွင်းဖော်ပြခြင်းခံထားရပါတယ်။ လက်ရှိအချိန်မှာတော့ Dinner in the Sky ကို နိုင်ငံ ၁၅ နိုင်ငံက မြို့ကြီးတွေအထိ ဝန်ဆောင်မှုပေးထားကာ ဒီအထဲမှာ ပါရီ ၊ ဒူဘိုင်း နဲ့ လတ်စ်ဗီးဂတ်စ် စတဲ့မြို့ကြီးတွေ ပါဝင်ပါတယ်။
ဒီအစီအစဉ်ကိုတော့ ဘယ်လ်ဂျီယံက ဈေးကွက် နဲ့ ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ David Ghysels နဲ့ bungee jumping အစီအစဉ်ကျင်းပသူ တစ်ယောက်ဖြစ်တဲ့ Stefan Kerkhofs တို့က ပူးပေါင်းစတင်ခဲ့တာဖြစ်ပါတယ်။( bungee jumping ဆိုတာကတော့ အလွန်မြင့်မားတဲ့အဆောက်အအုံ ၊ မတ်စောက်တဲ့ချောက်ကမ်းပါး စတာတို့ကနေ ခြေထောက်ကိုအလျော့အတင်းလုပ်လို့ရတဲ့ ကြိုးနဲ့ချည်ကာ အောက်ဘက်ကို ခုန်ချရတဲ့ စွန့်စားမှုတမျိုးဖြစ်ပါတယ်။)
ပထမဆုံးအနေနဲ့ ၂၀၀၇ ခုနှစ်မှာ သူတို့နှစ်ယောက်ပေါင်းပြီးတော့ ဥရောပ စားသောက်ဆိုင်လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Jeunes အတွက် တမူထူးခြားတဲ့ ဒီဝန်ဆောင်မှုကို ဖန်တီးပေးခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ထံကို ကမ္ဘာတဝှမ်းမှာလည်း ဒီလို ဝန်ဆောင်မှုတွေပေးဖို့ ဆက်သွယ်လာခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သူတို့ရဲ့ဆိုင်ကို ဘယ်လ်ဂျီယံမှာသာမက တခြားနိုင်ငံတွေမှာလည်း ခွဲပြီး ဝန်ဆောင်မှုပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
“ဒါဟာနည်းနည်းတော့ ကို့ရို့ကားယားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ထင်တာကတော့ လူတွေဟာ သာမန်ရိုးကျစားသောက်ဆိုင်တွေကို ငြီးငွေ့လာပြီး ဒီလို အသစ်အဆန်း စိတ်ခံစားမှုကိုပေးတဲ့ စားသောက်ဆိုင်မှာစားသောက်ချင်ကြတယ် ထင်ပါရဲ့” လို့ David Ghysels က ဆိုပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ လတ်စ်ဗီးဂတ်မြို့က လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Michael Hinden နဲ့ ဇနီးဖြစ်သူတို့ဟာ ကုန်စည်ပြပွဲတစ်ခုကိုလာရင်း ဒီဝန်ဆောင်မှုကို မြင်တွေ့သွားခဲ့ကြပါတယ်။ စမ်းသပ် စားသောက်ပြီးတဲ့အခါမှာတော့ အလွန်ပဲနှစ်ခြိုက်သွားခဲ့ပြီး သူနဲ့ သူ့သူငယ်ချင်းလုပ်ငန်းရှင်တွေရဲ့ နယူးရီးယားပွဲမှာ ဒီဝန်ဆောင်မှုကိုပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ Michael Hinden ဟာ သူကိုယ်တိုင်ပဲ လတ်စ်ဗီးဂတ်က အနောက်ဆာဟာရ Avenue မှာ ဒီဝန်ဆောင်မှုတွေကို စတင်ဖွင့်လှစ်ပါတော့တယ်။
၂၀၀၉ ခုနှစ် သြဂုတ်လရောက်ချိန်မှာတော့ Dinner in the Sky ဟာ ကနေဒါ ၊ တရုတ် အပါအဝင် နိုင်ငံ ၁၂နိုင်ငံထက်မနည်း ရောက်ရှိသွားခဲ့ပါပြီ။ Michael Hinden ကတော့ သူ့ရဲ့ ဒီဝန်ဆောင်မှုကို ဝန်ထမ်း ၁၅ယောက်နဲ့အတူပေးခဲ့တာဖြစ်ပါတယ်။ နောက်ထပ် Las Vegas Strip မှာ ဖွင့်လှစ်ဖို့ကြိုးစားခဲ့ပေမယ့် လုံခြုံမှုစိတ်မချရ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသအာဏာပိုင်တွေရဲ့ပိတ်ပင်ခြင်းကို ခံခဲ့ရပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ လတ်စ်ဗီးဂတ်က CityCenter အနီးမှာ အတည်တကျဖွင့်လှစ်ခဲ့ပြီး အဲဒီအတွက် အမေရိကန် ဒေါ်လာ ၄သန်းခန့် ကုန်ကျခဲ့ပါတယ်။ မြေပြင်စားသောက်ဆိုင်တစ်ခုလည်းပါဝင်ပြီး Dinner in the Sky ဝန်ဆောင်မှုကို နှစ်သက်သူတွေအတွက်လည်း အချိန်မရွေး ဝန်ဆောင်မှုပေးပါတော့တယ်။
Dinner in the Sky ဝန်ဆောင်မှုကိုပေးတဲ့အခါ ပထမဆုံးအနေနဲ့ မြေပြင်က စားပွဲခုံမှာ စားသုံးမယ့်သူတွေကို ထိုင်ခိုင်းပြီး ထိုင်ခုံခါးပတ်တွေပတ်ပေးပြီး လုံခြုံမှု ရှိစေဖို့ စစ်ဆေးပါတယ်။ စိတ်ချရပြီဆိုရင်တော့ ထိုင်ခုံတွေနဲ့ အတူ စားပွဲဝိုင်းကြီးတစ်ခုလုံးကို အနည်းဆုံး ပေ ၁၅၀ အမြင့်ရောက်တဲ့အထိ လေထဲကို ဆွဲတင်လိုက်ပါတော့တယ်။ စားပွဲခုံရဲ့အလယ်မှာတော့ အပေါက်ပါရှိပြီး အဲဒီမှာတော့ ဝန်ထမ်းတွေဟာ အစားအသောက်တွေကို စီစဉ်ပေးပါတယ်။
စားပွဲတဝိုင်းမှာ လူပေါင်း ၂၂ရောက်ခန့် လိုက်ပါနိုင်ပြီး ဝန်ထမ်း ၄ ယောက်က ဝန်ဆောင်မှုပေးပါတယ်။ ပြုတ်မကျဘူးဆိုပေမယ့် တိုက် ၁၅ထပ်လောက် အမြင့်လေ ထဲက ခုံပေါ်မှာ ခြေလွတ်လက်လွတ်ထိုင်နေရတာဟာ အသည်းယားဖို့တော့ကောင်းမှာပါ။ ခုံတွေက တသမတ်တည်းမဟုတ်ပဲ အနောက်ကိုလှန်ချနိုင် ၊ ဘေးကို လှည့်နိုင်ပါသေးတယ်။ ဒါအပြင် တချို့စားပွဲတွေမှာဆိုရင် စားနေရင်း ဖြည်းဖြည်းချင်း လှည့်ပေးနေပါသေးတာကြောင့် အောက်ခြေမြင်ကွင်းကို ၃၆၀ ဒီဂရီအပြည့် မြင်ရမှာပဲ ဖြစ်ပါတယ်။
ဒီလို ဝန်ဆောင်မှုပေးတဲ့ စားသောက်ဆိုင်တွေမှာ အနည်းငယ် ကန့်သတ်ချက်တွေတော့ ရှိပါတယ်။ အဲဒါတွေကတော့ အသက် ၁၃နှစ်အောက် ကလေးတွေ နဲ့ ကိုယ်ဝန်ဆောင်သည်တွေကို ခွင့်မပြုတာ ၊ အရပ် ၄ပေ ၅လက်မအထက် နဲ့ ကိုယ်အလေးချိန် ၁၅၀ ကီလိုအထိ ရှိတဲ့သူတွေကို ခွင့်ပြုတာ၊ ဖုန်း နဲ့ ကင်မရာကလွဲလို့ အိတ်တွေကို ယူခွင့်မပြုတာတွေဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဒီစားသောက်ဆိုင် ဝန်ဆောင်မှုဟာ အိန္ဒိယ နဲ့ မလေးရှားနိုင်ငံတွေအထိ ရောက်ရှိနေပါပြီ။ ဒီဝန်ဆောင်မှုမှာပဲ Economy , Business , First class ဆိုပြီး ဝန်ဆောင်မှုအမျိုးအစားတွေ ခွဲခြားထားပါသေးတယ်။ ၁ နာရီကြာမြင့်တဲ့ ဒီဝန်ဆောင်မှုအတွက် မြန်မာငွေနဲ့တွက်ရင် ၁သိန်း ၃သောင်းလောက်ကနေ ၃သိန်းခွဲလောက်အထိ ဈေးနှုန်း အမျိုးမျိုးကျသင့်မှာဖြစ်ပါတယ်။
VIDEO