ကောက်ကွေးနေသောအပင်တွေဟာ ကနေဒါနိုင်ငံ ၊ ဆက်စကတ်ချာဝန်ဒေသ ၊ ဟတ်ဖော့ဒ်မြို့၏အနောက်မြောက် ၂၀ ကီလိုမီတာခန့်အကွာမှာ တည်ရှိပါတယ်။ တောအုပ်ငယ်တစ်ခုဖြစ်ပြီး အပင်တွေဟာ လူတစ်ဦးတစ်ယောက်မှ လက်ဖြင့်ကိုင်ပြီး ဝရိန်ဆက်ထားသကဲ့သို့ ပင်စည်နှင့်သစ်ကိုင်းများဟာ ရစ်ပတ်လိမ်ယှက်နေပါတယ်။
အဆိုပါကောက်ကွေးနေတဲ့အပင်တွေဟာ ၁၉၄၀ ခုနှစ်လောက်ကတည်း ကမ္ဘာလှည့်ခရီးသွားများကို စွဲဆောင်မှုရှိခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ပိုင်ရှင်ဖြစ်သူမှာ ရစ်ခ်ဆိုင်မွန်ဖြစ်ပြီး ၎င်းက ဤနေရာသို့နှစ်စဉ်ခရီးသွား ၅၀၀၀ ထက်မနည်းလာရောက်လည်ပတ်တယ်လို့ဆိုပါတယ်။
၎င်းကဲ့သို့သစ်ပင်များတွန့်ကောက်လိမ်ယှက်နေခြင်းနှင့်ပတ်သတ်ပြီး အယူအဆများစွာရှိလာခဲ့ပါတယ်။ တချို့ကသစ်ပင်ရဲ့မြေဆီလွှာအောက်တွင် တစ်စုံတစ်ခုရှိခြင်းကြောင့်လို့ဆိုပါတယ်။ တချို့ကတော့၎င်းနေရာတဝိုက်အား ဥက္ကာခဲဖြင့်ထိခိုက်မိတယ်လို့ဆိုကြပြီး တချို့ကတော့ မိုးကြိုးပစ်ခံရခြင်းကြောင့် စသည်ဖြင့် အမျိုးမျိုးယူဆကြပါတယ်။
နောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့ ခန့်မှန်းချက်ကတော့ မျိုးရိုးဗီဇပြောင်းလဲခြင်းဖြစ်ပါတယ်။ အပင်များကို အခြားတစ်နေရာမှ နမူနာအဖြစ်ယူပြီးစိုက်ပျိုးကာ အမြစ်အတွင်းမျိုးရိုးဗီဇ ပြောင်းလဲခြင်းဖြစ်ကာ အပေါ်ကိုကြီးထွားရမည့်အစား အောက်သို့ကြီးသဖြင့် ကောက်ကွေးသွားခြင်းဖြစ်နိုင်တယ်လို့ ဒီခန့်မှန်းချက်က ဆိုပါတယ်။ ၎င်းမျိုးစေ့ဗီဇများဟာ ဤဒေသမှာအပင်ဖြစ်ဖို့အလွန်ခဲယင်းတယ်လို့ ဆက်စကက်ချာဝမ်တက္ကသိုလ်မှ ဥယာဉ်ခြံမြေစိုက်ပျိုးရေးပညာရှင် Rick Sawatzky ကရှင်းပြပါတယ်။
၎င်းအပင်များနှင့် ကျန်းမာတဲ့ aspens အပင်များကိုနေရောင်ခြည်ဖြင့်ယှဉ်ပြီးထိတွေ့ပါက ၎င်းအပင်များဟာကျိန်းသေ သေပါတယ်။ ဘာလို့လဲဆိုတော့ aspens အပင်များကနေရောင်ခြည်ကိုတားဆီးထားလို့ဖြစ်ပါတယ်။ ၎င်းအပင်များဟာ ယခုကဲ့သို့အချိန်ကြာမြင့်စွာရှင်သန်နေခြင်းမှာ နေအပူချိန်နှင့်အလွန်တကူထိတွေ့ခြင်းမရှိခဲ့လို့ဖြစ်တယ်လို့ Sawatzky ကယုံကြည်ပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်က ပြည်တွင်းခရီးသွားဘုတ်အဖွဲ့ဟာ ခရီးသွားများအပင်ပေါက်များကိုမနင်းမိစေရန်ရည်ရွယ်ချက်ဖြင့် ၎င်းအပင်များရဲ့ကြားမှာ သစ်သားလူသွားလမ်းတစ်ခုကဆောက်လုပ်ခဲ့ပါတယ်။ ဟတ်ဖော့ဒ်မြို့တော်ဝန် Ron Kowalchuk က ဒီလိုနေရာဟာ ရှားပါးတဲ့အတွက် ထိန်းသိမ်းသင့်တဲ့နေရာတစ်ခုဖြစ်တာကို ပြည်သူများနားလည်သဘောပေါက်ဖို့မျှော်လင့်ပါတယ်လို့ ပြောပါတယ်။