မူးယစ်ရာဇာကြီး အက်စ်ကိုဘား

Posted on

ကမ္ဘာပေါ်မှာ မူးယစ်ရာဇာ ဘိန်းဘုရင်တွေအများကြီးရှိတဲ့အထဲမှာ ကိုလံဘီယာ ဘိန်းဘုရင် ပါဘလို အက်စ်ကိုဘား က နာမည်အကြီးဆုံးဖြစ်မယ်ထင်ပါတယ်။ Drug lord တစ်ယောက်ဖြစ်တဲ့သူ့ကို ကိုကင်းအဓိကလုပ်တဲ့အတွက် ကိုကင်းဘုရင်လို့ပဲခေါ်ကြပါတယ်။ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတဲ့သူရဲ့အကြောင်းအချို့ကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတအဖြစ် ရေးသားမျှဝေလိုက်ပါတယ်။

နာမည်အပြည့်အစုံ Pablo Emilio Escobar Gaviria လို့ခေါ်တဲ့ အက်စ်ကိုဘား ဟာ ကိုလံဘီယာနိုင်ငံသားတစ်ယောက်ဖြစ်ပြီး ၁၉၄၉ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ ဖခင်ကလယ်သမား ၊ မိခင်က မူလတန်းပြဆရာဖြစ်ပြီး သားသမီး ၇ယောက်ရှိတဲ့သူတို့မိသားစုဟာ အလွန်ဆင်းရဲခဲ့ပါတယ်။ တခါက ဆင်းရဲလို့ ပြသနာပေါင်းစုံနဲ့ စိတ်ညစ်နေတဲ့ မိခင်ဖြစ်သူကို ၅နှစ်သားအရွယ် အက်စ်ကိုဘားလေးက စကားတစ်ခွန်းပြောခဲ့ပါတယ်။

“အမေ စိတ်မညစ်ပါနဲ့ ၊ သားကြီးတဲ့အထိအားတင်းထား ၊ သားကြီးလာရင် ကမ္ဘာပေါ်က အမေလိုချင်တာမှန်သမျှကို ဖန်တီးပေးမယ်” သူပြောခဲ့တဲ့ စကားအတိုင်း သူကြီးလာတဲ့အခါ ချစ်သူခင်သူအားလုံးကို အကောင်းဆုံးအရာတွေပေးနိုင်ခဲ့တယ်။ ဒါပေမယ့် သမာအာဇီဝနည်းလမ်းနဲ့တော့ မဟုတ်ခဲ့ပါဘူး။

ငယ်ငယ်ထဲက ဗီဇပါခဲ့တဲ့ အက်စ်ကိုဘားလေးဟာ ဆယ်ကျော်သက်အရွယ်မှာ တင် မကောင်းမှုတွေကို စလုပ်ခဲ့ပါတယ်။ သင်္ချိုင်းက ကဗ္ဗည်းကျောက်တုံးတွေကို ခိုးယူရောင်းစားလေ့ရှိပါတယ်။ မိဘတွေကကျောင်းထားပေးလို့ တက္ကသိုလ်ရောက်ခဲ့ပေမယ့် ပြီးအောင်မတက်ခဲ့ပဲ ဒုဇရိုက်လောကထဲကို ခြေစုန်ပစ်ဝင်ခဲ့ပါတယ်။အသက် ၂၀ ဝန်းကျင်မှာ မကောင်းမှု မှန်သမျှစလုပ်ပါတော့တယ်။ မူးယစ်ဆေးဝါးသယ်တယ် ဖြန့်တယ် ၊ ကားခိုးတယ် ၊ ပြန်ပေးဆွဲတယ် ၊ စီးကရက်မှောင်ခိုသွင်းတယ် စတဲ့အလုပ်တွေပါ။ ပထမဆုံးပြန်ပေးဆွဲခဲ့ရာမှာ ဒေါ်လာ ၁သိန်းရခဲ့ပါတယ်။

တစ်ဖက်က မကောင်းမှုမှန်သမျှလုပ်သလို တစ်ဖက်ကလည်း အရာရှိတွေကို လိုလေစေမရှိအောင် ပေးကမ်းစည်းရုံးနိုင်ခဲ့တဲ့အတွက် သူဟာ တစထက်တစ ချမ်းသာလာခဲ့ပြီး အသက် ၂၀ကျော် အရွယ်မှာတင် သန်းကြွယ်သူဌေးဖြစ်လာခဲ့ပါတယ်။သူအသက် ၂၇အရွယ်မှာ ၁၅နှစ်သာ ရှိသေးတဲ့ Maria Victoria Henao ဆိုတဲ့ကောင်မလေးနဲ့ လက်ထပ်ခဲ့ပါတယ်။ သူ့သူငယ်ချင်းရဲ့ညီမဖြစ်ပြီး အက်စ်ကိုဘားနဲ့ စတွေ့တဲ့အချိန်မှာ ၁၃နှစ်သာ ရှိသေးပြီးနောက် ၂နှစ်အကြာမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Juan Pablo နဲ့ Manuela ဆိုတဲ့ သားသမီးနှစ်ယောက် ရခဲ့ပါတယ်။

လည်လွန်းပတ်လွန်းတဲ့ သူဟာ တစ်ကြိမ်အဖမ်းခံခဲ့ရပါသေးတယ်။ ကိုကင်း ၃၉ ပေါင်နဲ့ အတူ အဖမ်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ လာဘ်ထိုးပေမယ့် တရားသူကြီးက ခွင့်မလွှတ်တဲ့အပြင် ရဲအရာရှိနှစ်ယောက်ကို သတ်ခဲ့တဲ့အမှုကို ထပ်ပေါင်းစွဲဆိုခဲ့ပါတယ်။ဒီပြစ်မှုကြောင့် သူထောင်ကျသွားခဲ့ပေမယ့် အပေးအကမ်းကောင်းတာကြောင့် လအနည်းငယ်သာ ကျပြီးပြန်လွတ်လာခဲ့ပါတယ်။ အဲဒီကစလို့ သူဟာ ပြစ်မှုတွေကို ပိုမိုဆိုးရွားစွာကျူးလွန်ခဲ့ပါတယ်။ ဒီအထဲမှာ အဆိုးဆုံးကတော့ လူပေါင်း ၄၀၀၀ကျော်ကို သတ်ခဲ့တာပါ။

သူနဲ့ မတည့်တဲ့ တရားသူကြီးတွေ ၊ ရဲအရာရှိတွေ ၊ ဝန်ထမ်းတွေ ၊ အခြားမှုးယစ်ရာဇာတွေ ၊ သတင်းသမားတွေ အပြင် အပြစ်မဲ့ပြည်သူတွေကိုပါ သတ်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ လူ့အသက်ကို ပုရွက်ဆိတ်တစ်ကောင်လောက်သာ တန်ဖိုးထားခဲ့ပါတယ်။သူ့ကို ဒုက္ခပေးနိုင်တဲ့ ကိုလံဘီယာသမ္မတလောင်း Luis Carlos Galan စီးလာတဲ့လေယာဉ်ကို ဗုံးခွဲလုပ်ကြံပေမယ့် သမ္မတလောင်းကတော့ လွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမယ့် အခြားခရီသွား အပြစ်မဲ့သူ ၁၀၇ယောက်ကတော့ သေဆုံးခဲ့ပါတယ်။

သူဟာ အခြားသူတွေအပေါ်မှာ ဆိုးမိုက်ရက်စက်ယုတ်မာလွန်းပေမယ့် သူနဲ့ချစ်သူခင်သူတွေအပေါ်မှာတော့ မျက်နှာတစ်ချက်မပျက်စေလောက်အောင် ဂရုစိုက်သူဖြစ်ပါတယ်။ တခါက ရဲတွေလိုက်လို့ မိသားစုနဲ့ အတူထွက်ပြေးရင်း သမီးဖြစ်သူ Manuela လေးဟာ ခိုက်ခိုက်တုန်အောင်ချမ်းတဲ့အခါ သူ့ရဲ့ငွေ အမေရိကန်ဒေါ်လာ ၂သန်းကို မီးရှို့ကာ အနွေးဓာတ်ရစေခဲ့ပါတယ်။သမီးဖြစ်သူက တကယ်မရှိတဲ့ ဦးချိုတစ်ချောင်းနဲ့ နတ်မြင်း(Unicorn) ကိုလိုချင်တဲ့အခါ သူဟာ မဖြစ်ဖြစ်အောင် ဖန်တီးပေးခဲ့ပါတယ်။ ရိုးရိုးမြင်းဖြူတစ်ကောင်ကို ဂျိုတပ်ပေးပြီး နောက်ဘက်မှာလည်း အတောင်ပံကို တပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ မြင်းလေးဟာ ရောဂါပိုးဝင်ပြီး သေဆုံးသွားရပါတယ်။

မိသားစုကို အလွန်ချစ်ပြီး သူ့ရဲ့မြို့ Medellín ကိုလည်း  လိုသမျှအဆောက်အဦးတွေဆောက်တာ ၊ မြို့သူမြို့သားတွေကိုစောင့်ရှောက်တာ ပေးကမ်းလှူဒါန်းတာတွေကို မကြာခဏလုပ်တတ်တဲ့အတွက် သူဟာ သူ့မြို့အတွက်တော့ အချစ်တော်ပါပဲ။ မြို့သူမြို့သားတွေက သူ့ကိုချစ်လွန်းပြီး  သတင်းတွေပေးတဲ့ အတွက် ရဲတွေလာဖမ်းတဲ့အခါ သူဟာ အမြဲလွတ်သွားလေ့ရှိပါတယ်။ သူ့ရဲ့မြို့ကတော့သူ့ကို ရော်ဘင်ဟုလို့ အမည်ပေးထားပါတယ်။

သူ့ရဲ့ကိုကင်းလုပ်ငန်းဟာ တနေ့တခြားပိုမိုကြီးထွားလာခဲ့ပြီး လေယာဉ် ၁၅စင်းနဲ့ ရဟတ်ယာဉ် ၆စင်း ဝယ်ယူပို့ဆောင်ရတဲ့အထိဖြစ်လာပါတယ်။ အမေရိကန်နိုင်ငံထဲ ဝင်ရောက်လာတဲ့ကိုကင်းစုစုပေါင်းရဲ့ ၈၀% ဟာ သူ့ဆီကဖြစ်ပါတယ်။ သူ့ရဲ့လေယာဉ်မှူးတွေဟာ ကမ္ဘာ့ဝန်ငွေအကောင်းဆုံးလေယာဉ်မှူးတွေဖြစ်ပြီး တချို့ဆို တစ်နေ့တည်းနဲ့ ဒေါ်လာ ၅သိန်းထိအောင် အက်စ်ကိုဘားက ပေးကမ်းလေ့ရှိပါတယ်။ လေယာဉ်တွေနဲ့တင်မလောက်လို့ ရေငုပ်သင်္ဘောနှစ်စီးဝယ်ယူပြီး လုပ်ငန်းမှာသုံးခဲ့ပါသေးတယ်။ သူဟာ အဲဒီတုန်းက ဒေါ်လာ ၃၀ဘီလျံအထိကြွယ်ဝခဲ့ပြီး ဒါဟာ ၂၀၁၆ငွေတန်ဖိုးနဲ့ ဆိုရင် ၅၅ဘီလျံတန်ဖိုးရှိပါတယ်။

ဘိန်းဘုရင်တွေထဲမှာတော့ သူဟာ အချမ်းသာဆုံးဖြစ်ပါတယ်။ သူ့ရဲ့တစ်လရတဲ့ငွေကိုစည်းဖို့သုံးတဲ့ သားရေကွင်းတန်ဖိုးတင် ဒေါ်လာ ၂၅၀၀ခန့် ကုန်သလို နှစ်စဉ်ငွေသန်းပေါင်းများစွာဟာ ကြွက်ကိုက်တာ ခြစားတာနဲ့ ပျက်စီးလေ့ရှိပါတယ်။ အဲလောက်အထိကို ချမ်းသာခဲ့တာပါ။ တဖြည်းဖြည်းချမ်းသာ လာတဲ့သူဟာ နောက်ပိုင်းမှာ နိုင်ငံရေးလောကထဲကို ဝင်ခဲ့ပါသေးတယ်။ ဒုစရိုက်သမားကြီးဖြစ်ပေမယ့် ထောက်ခံသူများပြီး စည်းရုံးနိုင်တဲ့အတွက် ကုန်သည်ကြီးများကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

ဒါအပြင် နိုင်ငံရဲ့အကြွေးတွေကို ဆပ်ပေးတဲ့အတွက် အစိုးရက မချစ်သော်လည်း အောင့်ကာ နမ်းနေရပါတယ်။ ဒါပေမယ့် နိုင်ငံရေးထဲဝင်ရောက်လာပေမယ့် သူဟာ သူ့ရဲ့ဒုစရိုက်လုပ်ငန်းတွေကို မရပ်တဲ့အတွက် မကြာမီမှာပဲ ကိုလံဘီယာ နဲ့ အမေရိကန် နှစ်နိုင်ငံလုံးရဲ့ အဓိကလိုအပ်နေတဲ့ ရန်သူကြီးဖြစ်လာပါတယ်။ သူဟာ ဘယ်လောက်အထိ မခန့််သလဲဆိုရင် သူ့ကိုအမေရိကန်က လိုက်ဖမ်းနေတဲ့အချိန်မှာတောင် အမေရိကန် အိမ်ဖြူတော်ရှေ့ကို သားဖြစ်သူနဲ့အတူ သွားခဲ့ပါသေးတယ်။

အမေရိကန်က သူ့ကို အသေရရ အရှင်ရရလိုနေတဲ့အချိန်မှာ အက်စ်ကိုဘားဟာ ကိုလံဘီယာအစိုးရ နဲ့ ညှိနှိုင်းမှု တစ်ခုလုပ်ပါတယ်။ ဒါကတော့ သူဘာမှ မလုပ်ပဲ အေးအေးဆေးဆေးနေမယ်။ သူ့ကို အမေရိကန်ဆီလွှဲပြောင်းမပေးရဘူး။ သူဝင်မယ့်ထောင်ကို သူကိုယ်တိုင်ဆောက်မယ် ဆိုတဲ့ ညှိနှိုင်းမှုပါ။ အဲဒီနောက်တော့ သူဟာ  La Catedral ဆိုတဲ့ ဇိမ်ခံထောင်ကြီးကို စိတ်တိုင်းကျဆောက်ပါတော့တယ်။

သူနေဖို့အတွက် စံအိမ်ကြီးဆောက်ပြီး ၊ လေ့ကျင့်ရေးစက်တွေ ၊ ရေပူစမ်း ၊ စားသောက်ဆိုင် ၊ ကာစီနိုရုံ ၊ နိုက်ကလပ် စတာတွေအစုံပါတဲ့အပြင် သားသမီးတွေ သူ့ဆီအလည်လာတဲ့အခါ ကစားဖို့ ကလေးကစားကွင်းပါ ပါဝင်ပါတယ်။ ဝန်းထမ်းတွေကိုလည်း သူ့စိတ်ကြိုက်ခန့်ထားပါတယ်။ ဒါပေမယ့် အငြိမ်မနေတတ်တဲ့ အက်စ်ကိုဘားဟာ ထောင်ထဲမှာတင် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ဆက်ဦးဆောင်လုပ်ကိုင်နေတဲ့အတွက် ကိုလံဘီယာရဲတပ်ဖွဲ့က ခွင့်မလွှတ်တော့ပဲဝင်စီးတဲ့အခါ ထွက်ပြေးခဲ့ပါတယ်။

အဲဒီနောက်တော့ ကိုလံဘီယာ နဲ့ အမေရိကန်နှစ်နိုင်ငံပေါင်းပြီး ရာဇဝင်လူဆိုးကြီးကို စဖမ်းပါတော့တယ်။ သူတို့ဖွဲ့လိုက်တဲ့အဖွဲ့က Search Bloc ဆိုတဲ့အထူးအဖွဲ့ဖြစ်ပြီး အက်စ်ကိုဘားကို ဖမ်းမိဖို့ ထောက်လှမ်းပါတော့တယ်။ ပိပိရိရိနေထိုင်ခဲ့ပေမယ့် ၁၉၉၃ခုနှစ်မှာတော့ Search Bloc အဖွဲ့ဟာ ရေဒီယိုဖုန်းက တစ်ဆင့်သူ့ကို ခြေရာခံမိသွားပြီးတဲ့ နောက် ကိုလံဘီယာရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖမ်းဆီးခံလိုက်ရပါတယ်။

သူပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့နေ့ဟာ သူ့ရဲ့ ၄၄နှစ်မြောက်မွေးနေ့ ပြည့်ပြီးနောက်တစ်ရက်အကြာမှာ ဖြစ်ပါတယ်။(အချို့ကတော့ အက်စ်ကိုဘားဟာ အသတ်ခံရခြင်းမဟုတ်ပဲ မိသားစုကိုပြန်ပေးဆွဲလုပ်ကြံမှာစိုးတဲ့အတွက် ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ ယုံကြည်နေကြပါတယ်)။ အလွန်ဆိုးယုတ်တဲ့ မူးယစ်ရာဇာကြီးဖြစ်ပေမယ့် သူ့မြို့ရဲ့အချစ်တော်ကြီးဖြစ်တဲ့အတွက် သူရဲ့ဈာပနကို လူပေါင်း ၂၅၀၀၀ကျော်တက်ရောက်ခဲ့ကြပါတယ်။

သူ့အကြောင်းကိုစာအုပ်များစွာ ရေးခဲ့ကြသလို ရုပ်ရှင်နဲ့ တီဗီစီးရီးပေါင်းများစွာ ပြန်လည်ရိုက်ကူးခဲ့ပြီး အခုထိပြောနေကြတုန်းပါ။ အက်စ်ကိုဘားဟာ သူ့ရဲငွေ သန်းရာပေါင်းများစွာကို ကိုလံဘီယာရဲ့နေရာအနှံ့မှာ ပေပါတွေထဲထည့်ကာ မြေကြီးထဲမှာ မြုပ်နှံခဲ့ပါသေးတယ်။ တချို့ကံကောင်းတဲ့သူတွေကတော့ သူမြုပ်ထားတဲ့နေရာကို တူးမိပြီး သူဌေးဖြစ်သွားကြပါတယ်။