ရေးသားသူ – Min Htet Kyaw Swar
အလောင်းမင်းတရား၏ တပ်သားကျော် တစ်ဦးဖြစ်သူ ငချစ်ပုမှာ ရဲစွမ်းသတ္တိနှင့် ပြည့်စုံလှသူ တစ်ဦးအဖြစ် အလောင်းဘုရားအရေးတော်ပုံ နှစ်စောင်စလုံးမှာပင် မှတ်တမ်းတင်ခံခဲ့ရသည်။
အေဒီ ၁၇၅၈ ခုနှစ်တွင် အလောင်းမင်းတရားကြီးသည် ဟံသာဝတီပဲခူး နေပြည်တော်ကို ရေကြောင်း ကြည်းကြောင်း နှစ်ဖက်ဝန်းရံထားခဲ့သည်။ (ထိုအချိန်က ဟံသာဝတီဘက်မှ ဗညားဒလ၊ စောဗြ၊ ဘယ်ကျော်၊ သမိန်လွတ် အစရှိသည့် နာမည်ကျော် ဗိုလ်မှူးတပ်မှူးများက မြို့ထိပ်တွင် အမြောက်၊ စိန်ပြောင်း အပြည့်တင်လျက် အခိုင်အလုံနေလျက်ရှိသည်။)
ထိုသို့ ဝန်းရံထားစဉ် တစ်နေ့( ၈ ဧပြီ ၁၇၅၈ )တွင် ဟံသာဝတီ မြို့တွင်းမှ သမိန်လွတ်၏ မြင်း ၅၀၀၊ သေနတ် ၃၀၀ ပါ တပ်တစ်တပ်သည် မြို့ကို ဝန်းရံထားသော ကုန်းဘောင်တပ်မှူး တိမ်ကြားနတ်၏ တပ်ကို ထွက်၍ တိုက်သည်။
ထိုအခါ သေနတ်စွဲသူရဲတော် ငချစ်ပုသည် သည်တိုက်ပွဲတွင် ပွဲရအောင် ယူမည်ဟု တိတ်တခိုးကြံကာ အခြားစစ်သည်များ ထိုးခုတ်ပစ်ခတ်သည်ကို ငဲ့မကြည့်ဘဲ ဟံသာဝတီဗိုလ်မှူး သမိန်လွတ်ရှိရာသို့ မြင်းဖြင့် တစ်ဟုန်ထိုး ဝင်သည်။
သမိန်လွတ်သည် မိမိထံ တိုးဝင်လာသူ သေနတ်သမား ငချစ်ပု ကိုမြင်လျှင်မြင်ချင်း လက်ဦးမှုရယူကာ လှံရှည်ဖြင့် ပစ်သည်။
ငချစ်ပု အရှောင်ကောင်းသည်လော၊ ကံကောင်းသည်လော မပြောတတ်ပေ။ လှံရှည်သည် သူ၏ နံဘေးကို ပွတ်ကာ ဝတ်လုံကို ဖောက်ထွက်သည်။ ဤတွင် ငချစ်ပုသည် သေနတ်ကို စွဲကိုင်လျက် ကိုယ်ကို တုံးလုံးလှဲကာ သေဟန်ဆောင်လိုက်သည်။
-“အဆိပ် အရဲကိုးလွန်းတဲ့ ငချစ်ပုရဲ့ ခေါင်းကို ငါကိုယ်တိုင် ဖြတ်မယ်” ဟုကြိမ်းဝါးကာ သမိန်လွတ်သည် ဓားရှည်ကို ဝင့်လျက် မြင်းကို ခွာလေးဘက်ချ စီးကာ ငချစ်ပုထံ အသာအယာ ကပ်လာသည်။
အနားရောက်လျှင် ငချစ်ပု ရုတ်ခြည်း ထထိုင်ကာ သမိန်လွတ်ကို သေနတ်ဖြင့် ပစ်သည်။ ချက်ကောင်းထိသဖြင့် သမိန်လွတ် မြင်းပေါ်မှ ပြုတ်ကျကာ ပွဲချင်းပြီး ကျဆုံးသည်။
ငချစ်ပုလည်း သမိန်လွတ်၏ ခေါင်းကို အမြန် ဖြတ်ယူကာ ထိုမြင်းကိုပင် တက်၍ စီးပြီး အပြင်းထွက်ခွာလာခဲ့သည်။ ဟံသာဝတီတပ်သားများလည်း မိမိတို့၏ ဗိုလ်ကျသည်ကို မြင်လျှင် တပ်ပျက်ကာ ကိုယ်လွတ်ထွက်ပြေးကြတော့သည်။
ငချစ်ပုသည် မိမိရဲစွမ်းသတ္တိဖြင့် ဖြတ်ယူနိုင်ခဲ့သော သမိန်လွတ်၏ ခေါင်းကို အလောင်းမင်းတရားထံ ဆက်သသည်။ အလောင်းမင်းတရားကြီးလည်း လွန်စွာ အားရတော်မူလှ၍ ငချစ်ပုကို #သိင်္ဂပျံချီ ဟူသော ဘွဲ့ပေးကာ ရွှေငွေပုဆိုး ဝတ်လုံများစွာ ဆုချတော်မူ၏။
ရှေးအခါက ရဲမက်စစ်သည်တို့အား ဘွဲ့အမည်အရည် ပေးအပ်ရာတွင် အရမ်းမဲ့ လက်လွတ်စပယ် ပေးအပ်ခြင်း မဟုတ်ပေ၊ အရည်အချင်းပေါ်မူတည်ကာ လျော်ညီသော ဘွဲ့ကို ပေးအပ်မြဲ ဖြစ်သည်။
“ပျံချီ”ပါသော ဘွဲ့အမည်ကို ရန်သူဗိုလ်ထုအတွင်းသို့ ကောင်းကင်ပျံလွှား သားတစ်ချီသော သိန်းစွန်ကဲ့သို့ ရွပ်ရွပ်ချွံချွံ ထိုးဖောက်ဝင်ကာ အောင်မြင်ခဲ့သူကိုသာ ပေးအပ်လေ့ရှိသည်။ ဥပမာ-
သီရိပျံချီ – ကျက်သရေနှင့်တကွ ငှက်ပျံသကဲ့သို့ ထကြွလျင်မြန် ခုန်ပျံနိုင်သော သူရဲ
သီဟပျံချီ – ခြင်္သေ့ကဲ့သို့ မကြောက်မရွံ့ မလန့်မထိတ် ရဲစိတ်ရဲမာန်ရှိသော သူရဲ
သိင်္ဂပျံချီ – ရန်သူတပ်အတွင်း ထိုးဖောက်ကာ တစ်ဖက်ခေါင်းဆောင်၏ ဦးခေါင်းကို ဖြတ်ယူပြီး လျင်မြန်စွာ ခုန်ပျံထွက်လာနိုင်သော သူရဲ
ဇေယျပျံချီ – ရန်စစ်ကို အောင်ဖန်များသဖြင့် ရန်သူ့တပ်တွင်း တိုးဝင်ရာ၌ လျင်မြန် ဖျတ်လတ် တက်ကြွသော သူရဲ
(တစ်ဖက်ရန်သူ့ခေါင်းဆောင်ရဲ့ ခေါင်းကို ဖြတ်ယူပြီး စခန်းကို ပြန်လာနိုင်တဲ့ သူရဲကောင်းတွေထဲမှာ မွန်သူရဲကောင်း လဂွန်းအိမ်လည်း ပါဝင်ပါတယ်။ ပုန်ကန်သူ သံမောင်မြို့စား မဂြိုင်းကို သူ့လူတွေရှေ့မှာတင် ခုတ်ဖြတ်ပြီး ရာဇာဓိရာဇ်ဆီ အမြန်ပြန်ပြေးလာနိုင်ခဲ့ပါတယ်။)
ကျမ်းကိုးအနေနဲ့ ကထိကဦးစိန်လွင်လေးရဲ့ မြန်မာ့စစ်မှတ်တမ်းနှင့် သေနင်္ဂဗျူဟာများ စာအုပ်ကနေ မှီငြမ်းပြီး စာစီသူမှာ ကျနော်ကိုယ်တိုင်သာ ဖြစ်ပါကြောင်း
Min Htet Kyaw Swar (ပဉ္စမံကြောင်)