ကိန္နရာ ( ကိ ံ + နရာ ) နရာ – ထိုလူသည်၊ ကိ ံ – ဘယ်လိုပုံပန်းသဏ္ဍာန်ကြီးလဲ ?
ကိန္နရီ ( ကိ ံ + နရီ ) နရီ – နာရီ – ထိုအမျိုးသမီးသည်၊ ကိ ံ – ဘယ်လို ပုံပန်းသဏ္ဍာန်လဲ ?
ဒါကတော့ သက္ကဋ ဘာသာက ဆင်းသက်လာတဲ့ စကားလုံးတစ်ခုကို စာရေးသူရဲ့ တတ်သလောက် မှတ်သလောက် ဉာဏ်လေးနဲ့ definition အဓိပ္ပါယ် ဖွင့်ကြည့်တာပါ။ များပြားလှတဲ့ ဇာတ်တော်တွေ သမိုင်းတွေ ရှိခဲ့တာမို့ ခေတ်တိုင်း ခေတ်တိုင်းမှာ ရှိနေတယ်လို့ အတိအကျ သတ်မှတ်ဖို့ ခဲယဉ်းပေမယ့် ဟို ရှေးအတိတ်ဆီကတော့ ကိန္နရီ ကိန္နရာ တွေ ရှိခဲ့တယ် ဆိုတာ လက်ခံရမှာပါ၊ ကိန္နရာသည် လူတစ်ပိုင်း ငှက်တစ်ပိုင်း တိရစ္ဆာန်မျိုးဖြစ်သည်။ ကိန္နရာများ၏ ပုံသဏ္ဍာန်မှာ ခေါင်း ကိုယ် လက်တို့သည် လူကဲ့သို့ ခက်မငါးဖြာရှိသည်။ မျက်နှာသဏ္ဍာန်၊ ခြေလက်သဏ္ဍာန်တို့သည် လူနှင့်မတူ။ ကိန္နရာ၏ ခံတွင်းမှ လည်ပင်းအထိ မြင်းနှင့် တူ၍ လည်ပင်းမှ အောက်ခြေဖျားအထိ နှုတ်သီး၊ လက်ခြေတို့သည် ငှက်နှင့်တူသည်။
ရွှေရောင်အဆင်း ရှိသည်။ ကိန္နရာသည် အထီးဖြစ်၍ ကိန္နရီသည် အမဖြစ်သည်။ ကိန္နရာကိန္နရီ များသည် ဟိမဝန္တာတောတောင်ကြီးများတွင် နေထိုင်ကြသည်။ မြန်မာနိုင်ငံ ကယားပြည် ငွေတောင်ပေါ်တွင်လည်း နေခဲ့ဟန်တူသည်။ ကယားလူမျိုးများသည် ကိန္နရာ ကိန္နရီများမှ ဆင်းသက်ပေါက်ဖွား လာသည်ဟု ယူဆကြ၏။ ၎င်းတို့၏ အလံ၌ အလယ်ဗဟိုတွင် ကိန္နရာရုပ်ကို ဂုဏ်ပြုသည့်သဘော ထည့်သွင်းထားသည်။ကိန္နရာများသည် အတီးအမှုတ်၊ အကအခုန် တတ်သည်။ ကိန္နရာများသည် ရေကိုကြောက်တတ်သည်။ ချောင်းမြောင်းများတွေ ရေပြည့်လျှံလျင် မကူးဝံ့ပေ။ ရေကျသည်အထိ စောင့်ဆိုင်းတတ်သည်။
ကိန္နရာ နှင့် လူ့စကား
ကိန္နရာတို့သည် လူ့စကားကို မပြောဆိုကြကြောင်း မြတ်ဘုရား ဟောစကားတွင် မှတ်သားရ၏။
(၁) လိမ်ညာ မုသားစကား မပြောလိုပါ၊
(၂) သူတပါးကိုလည်း ( လူသားများကဲ့သို့ ) မမှတ်မမှန် မုသားများနှင့် မစွပ်စွဲလိုပါ၊ ထို့ကြောင့်ပင် ကိန္နရာများသည် လူ့စကားကို ပြောတတ်သော်လည်း မပြောဆိုကြဟု သိရ၏။
မာန်လည်ဆရာတော်၏ မဃဒေဝလင်္ကာသစ် တွင်မူ
`ဟေမာလယ၊ တောမြိုင် ဝက၊ ဒေ၀ စန္ဒ၊ သကုဏနှင့်၊ ဒုမ ကောန္တ၊ ထိုပြီ အပ၊ ကဏ္ဏ ပါဝု၊ အစ ပြုသား၊ လူ့ကိုယ် လူ့လက်၊ လူ့မျက်ခွက်နှင့်၊ တချက် ရုပ်ဆောင်း၊ မြင်းခေါင် းတူလှည့်၊ ငှက်၏ ကိုယ်မှာ၊ လူမျက်နှာက၊ လူဝါ လူသွင်၊ ဆံပင် နောက်လန်၊ ယမံ ငယ်သွေး၊ ငှက်မွေး တောင်ပေါက်၊ ရွယ်မဖောက်ဘဲ´ စပ်ဆိုထားသည်။
ကိန္နရာ အမျိုးအစားများ
၁။ ဒေဝကိန္နရာ
၂။ စန္ဒကိန္နရာ
၃။ ဒုမကိန္နရာ
၄။ ဒဏ္ဍမာဏဝိကကိန္နရာ
၅။ ကောန္တကိန္နရာ
၆။ သကုဏကိန္နရာ
၇။ ကဏ္ဏပါဝုရဏကိန္နရာ
၈။ ကိမ္ပုရိသကိန္နရာ ဟူ၍ ကိန္နရာရှစ်မျိုးရှိသည်။
သာရတ္ထသင်္ဂဟ ကျမ်းလာ ကိန္နရီ များအကြောင်း
ကိန္နရီမနှင့် လူသားမုဆိုးတစ်ဦး အကြောင်းပါကာ တိဿ နှင့် သုမန မည်သော သားနှစ်ဦးကို ဖွားမြင်ခဲ့သည်။ ထိုသားနှစ်ဦးသည် ဝရုဏရဟန္တာ ထံတွင် တပည့်ခံ၍ ရဟန်းပြုသည်။ တိဿရဟန္တာ နှင့် သုမိတ္တာရဟန္တာ ဖြစ်လာသည်။တိဿရဟန္တာ ( ကောန္တပုတ္တတိဿထေရ် )သည် သိရိဓမ္မာသောကမင်းကြီး လက်ထက်တွင် ပရိနိဗ္ဗာန်စံ သည်။ ပရိနိဗ္ဗာန်စံသည့်အခါ လောင်တိုက် တလား အဆောက်အဦများမှာ လက်ဝဲလင်္ကျာ ကိန္နရီမရုပ်များ ဆင်ယင်ထားကြသည် ဟူ၏။ ထို့ကြောင့် နောက်ပိုင်း ဘုန်းကြီးပျံများတွင် လောင်တိုက် တလား တို့၌ ကောန္တကိန္နရီရုပ်များကို ထုလုပ်ကြသည်။ ဟံသာဝတီရောက် မင်းတရားစာတမ်းတွင်လည်း ငါးထပ်ကြီးဒါယကာမင်း လက်ထက် အနောက်သလ္လာဝတီမြစ်မှာ ကိန္နရာတစ်ကောင် မျောလာ၍ ဆယ်ယူရဘူးသည်။
ဝိနိစ္ဆယပကာသနီ ဓမ္မသတ်လင်္ကာ ၌ `နတ်ကိန္နရာ၊ ဟေဝန္တာက၊ ချိန်ခါ ရေဦး၊ မျောလာ ဘူးဟု၊ ချီးကျူး ကျေညာ၊ ထင်ရှား စွာသား၊ သလ္လာ ဝတီ၊ ရေသီတာလျှမ်း၊ ထိုမြစ် ကမ်းမှ၊´ စသည်ဖြင့် ရေးစပ်ထားသည်ကို တွေ့နိုင်ပေသည်။
• ကိန္နရာများသည် ကိုယ် နှုတ် စိတ် သုံးပါးလုံး နူးညံ့သည့် အမူအရာရှိခြင်း၊
• အာဟာရ အဖြစ် ပန်းဝတ်ဆံကိုသာ စားသုံးခြင်း၊
• ငါးပါးသော အဆင်းအင်္ဂါနှင့် ပြည့်စုံခြင်း၊
• ဘုရားပွင့်တော်မူသည့်နေ့တွင် ဝမ်းမြောက်ဝမ်းသာ ကခုန်မြူးတူးခြင်း စသော မင်္ဂလာများကြောင့် မြန်မာမင်းများ၏ ရာဇပလ္လင် ဥကင်လက်ဝဲ၊ လကျ်ာတွင် ကိန္နရာကနေသည့်အသွင် ထုလုပ်ကြသည်။
ကိန္နရာ ချစ်ပုံပြင်
ကိန္နရီ ကိန္နရာ မောင်နံှတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွင်ချစ်ခင်ကြပြီး ကွဲကွာနေသောအခါ ငိုယိုရခြင်းကြောင့် သံလွင်မြစ် ဖြစ်လာသည်ဟု ပင်ဆိုသည်။တစ်ညတာ ဝေးရရင်ဖြင့် နှစ်ပေါင်း ၇၀၀ ဝေးရသလိုပင် – စသည်ဖြင့် ဂီတ ဝါသနာရှင်များ စပ်ဆိုထားသည်ကို နားထောင်မိဖူးသည်။ သူတို့သက်တမ်းသည်လည်း နှစ်ပေါင်း ထောင်ချီ နေရသည့် သတ္တဝါမျိုးမို့ ထိုအ ဆို မှန်ကောင်း မှန်နိုင်ပေမည်၊ သို့မဟုတ် သိင်္ဂါရရသ ပေါ်လွင်အောင်ပဲ အတိဝုတ္တဒေါသ( စကားကို မဖြစ်နိုင်ပဲ အလွန်အကျွံ ပြောဆိုမှု ) သင့်အောင် ဖွဲ့နွဲ့ ကြသလား မပြောတတ်ပေ။ ထို့ကြောင့်ပင် အချစ်ကြီးသူတို့ကို ကိန္နရီ ကိန္နရာ မောင်နံှ အဖြစ် တင်စားလေ့ရှိကြပါသည်။
မြန်မာနှင့် ကိန္နရာ
ကိန္နရာများသည် နူးညံ့သည့် အမူအရာရှိခြင်း၊ ပန်းဝတ်ဆံကိုသာ စားသုံးခြင်း၊ ငါးပါးသော အဆင်းအင်္ဂါနှင့် ပြည့်စုံခြင်း၊ ဘုရားပွင့်တော်မူသည့်နေ့တွင် ဝမ်းမြောက်ဝမ်းသာ ကခုန်မြူးတူးခြင်း စသော မင်္ဂလာများကြောင့် မြန်မာမင်းများ၏ ရာဇပလ္လင် ဥကင်လက်ဝဲ၊ လက်ျာတွင် ကိန္နရာကနေသည့်အသွင် ထုလုပ်ကြသည်။
မြန်မာဗေဒင်ကျမ်း ၁၂-ရာသီတွင် မေထုန်ရာသီအိမ်၌ ကိန္နရာဖိုမအရုပ်နှင့် အမှတ်အသားပြုထားသည်။ ကယားလူမျိုးများသည် ကိန္နရာ၊ ကိန္နရီများမှ ဆင်းသက်ပေါက်ဖွား လာသည်ဟု မိမိတို့ကိုယ်ကို ယူဆကြသည်။ မြန်မာနိုင်ငံ ကယားပြည် ငွေတောင်ပေါ်တွင်လည်း နေခဲ့ကြသည်ဟုဆိုသည်။ ၎င်းတို့၏ အလံ၌ အလယ်ဗဟိုတွင် ကိန္နရာရုပ်ကို ဂုဏ်ပြုသည့်သဘော ထည့်သွင်းထားသည်။ ကယားတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိသည်။ ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိသည်။ မွန်ဘာသာဖြင့် ကိန္နရာကို ကောန်နှောင် ဟုခေါ်သည်။
အနုပညာလက်ရာဟန်
အိန္ဒိယဟန်
အဇန္တလိုဏ်ဂူမှ ပန်းချီပုံများအရ အိန္ဒိယကိန္နရာသည် ကိုယ်အထက်ပိုင်းတွင် လူပကတိအတိုင်း အဆင်တန်ဆာများကို ဆင်မြန်းထား၍ ပေါင်နှင့် ခြေထောက်မှာ ငှက်ပေါင်၊ ငှက်ခြေဖြစ်သည်။ အမြီးမှာ ဖောင်းဖောင်းပွပွနှင့် ဥဒေါင်းမြီးကဲ့သို့ရှိသည်။ ပျံဝဲနိုင်လောက်သော အတောင်နှစ်ဖက်ရှိသည်။
ယိုးဒယားဟန်
ယိုးဒယားဟန်သည် အိန္ဒိယဟန်နှင့်မတူ ကွဲပြားသည်။ မျက်နှာသွင်ပြင် ချပ်ဝတ်တန်ဆာကအစ ယိုးဒယားဆန်သည့် ယိုးဒယားပန်းခက် ပန်းနွယ်တို့ဖြင့်အလှဆင်ထားသည်။
အခြားဟန်အမျိုးမျိုး
တရုတ်၊ ဂျပန်၊ ကမ္ဗောဇ ရှမ်း၊ တိဗက်၊ မွန် ဟန်အမျိုးမျိုးရှိသည်။
မြန်မာဟန်
မြန်မာဟန် ကိန္နရာမှာ ငှက်ကိန္နရာအမျိုးအစားသာဖြစ်သည်။ ကုန်းဘောင်ခေတ်မှတ်တမ်းများအရ ကိန္နရာနှစ်မျိုးနှစ်စားကို တွေ့ရသော်လည်း မြန်မာ့မျက်စိဖြင့် အစပ်တည့်သည့် ငှက်ကိန္နရာအမျိုးအစားကိုသာ အသုံးများခဲ့သည်ကို တွေ့ရသည်။ မြန်မာသက္ကရာဇ် ၁၁၀၅ခုနှစ်၊ ဟံသာဝတီရောက်မင်းလက်ထက်တွင် ဂေါ်ရခေါင်မြို့၌ စာရေးကြီး လမ္ဘာဒရနှင့် ပညာရှိ ကဝိစန္ဒရ ပုဏ္ဏားတို့က ဘင်္ဂါလီဘာသာဖြင့် ရုပ်ပုံစာတမ်း ရေးသားပြုစုခဲ့သည်။ ဘိုးတော်ဘုရားလက်ထက်တွင် ထိုရုပ်ပုံစာတမ်းများကို အလျား ၁-တောင် ၂-မိုက်ခန့်၊ အနံ ၁-ထွာခန့်ရှိသော ကရမက်သစ်ခေါက်ပုရပိုဒ်ပေါ်တွင် ရေး၍ ဆက်သလာသည်။
ထိုပုရပိုဒ်တွင်ပါရှိသည့် ကိန္နရာပုံစံမှာ ငှက် သဏ္ဌာန်ရေးပြီးလျင် လူဦးခေါင်းမျက်နှာတပ်သည့် သကုဏကိန္နရာမျိုးတစ်ပုံ၊ လူရုပ်တွင် မြင်း၏မျက်နှာကဲ့သို့ ရှည်သောမျက်နှာတပ်၍ရေးသော ကိမ္ပုရိသအမျိုးတစ်ပုံ နှစ်မျိုးဖြစ်သည်
ကျမ်းကိုး
အဂုၤတ္တိုရ် ပါဠိတော် ဒုကနိပါတ် မဟာဝင်
အာဋာနာဋိယသုတ် အဘိဓာန်ဋီကာ
ဘလ္လာတိယဇာတ် အဌကထာ သာရတ္ထသင်္ဂဟ ကျမ်း