ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Volkswagen ဟာ ဥရောပမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကားထုတ်လုပ်မှုကို ရပ်တန့်လိုက်ဖို့ပြင်ဆင်လျက်ရှိပါတယ်။
ဒီဂျာမန်ကားကုမ္ပဏီကြီးဟာ စပိန် ၊ ပေါ်တူဂီ နဲ့ စလိုဗေးနီးယားမှာ ရှိတဲ့ ကားစက်ရုံတွေက ကားထုတ်လုပ်မှုကို ဒီတပတ်အတွင်း ရပ်ဆိုင်းလိုက်တော့မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့သောကြာနေ့က ကြေငြာခဲ့ပါတယ်။ ဒါအပြင် အီတလီမှာရှိတဲ့ နာမည်ကျော် လန်ဘော်ဂီနီ ကားစက်ရုံတွေ နဲ့ Ducati မော်တော်ဆိုင်ကယ် စက်ရုံတွေကိုပါ ရပ်တန့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခြားဂျာမနီ နဲ့ ဥရောပတလွှားမှာရှိတဲ့ ကားစက်ရုံတွေကိုလည်း ၂ပတ်အတွင်း ထုတ်လုပ်မှုကို ရပ်လိုက်တော့မှာဖြစ်တယ်လို့ Volkswagen ရဲ့ စီအီးအိုဖြစ်သူ Herbert Diess က ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောခဲ့တာဖြစ်ပါတယ်။ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေတွေဆိုးရွားလာမှုကြောင့် ရောင်းချရေးဘက်မှာ အခက်အခဲဖြစ်တဲ့အပြင် ကားထုတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေရရှိဖို့လည်း ခက်ခဲလာတာကြောင့် အခုလို ထုတ်လုပ်မှုကို ရပ်လိုက်ရတာဖြစ်ပြီး မကြာခင်အနာဂါတ်မှာ ကားစက်ရုံတွေ ကောင်းကောင်းပြန်လည်ပတ်နိုင်မှ ဆက်လက်ထုတ်လုပ်သွားမယ်လို့ သူက ဆိုပါတယ်။
ဗောက်စ်ဝက်ဂွန်ကို အများစုက ဂျာမန်ကားအဖြစ်သာ လူသိများပေမယ့် တကယ်တော့ နာမည်ကျော် ကား နဲ့ ဆိုင်ကယ် အမျိုးအစားတွေဖြစ်တဲ့ Audi ၊ Ducati ၊ Bentley ၊ Bugatti ၊ Lamborghini ၊ Porsche စတာတွေဟာလည်း Volkswagen Group ရဲ့အောက်မှာပဲ ရှိနေတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဗောက်စက်ဝက်ဂွန် ဟာ ကမ္ဘာတလွှားကို ကားစီးရေ ၁၀.၈သန်းခန့် ရောင်းချနိုင်ခဲ့ပါတယ်။
Volkswagen Group မှာ စုစုပေါင်း ဝန်ထမ်းဦးရေ ၆သိန်းခွဲခန့်ရှိပြီး အဲဒီက ၄၄% ဟာ ဂျာမနီက ဖြစ်တဲ့အတွက် ဂျာမန်လူမျိုး ၃သိန်းခန့်ကို အလုပ်ပေးထားနိုင်တဲ့ ကုမ္ပဏီဖြစ်ကာ နိုင်ငံရဲ့ ကြီးမားတဲ့ စက်မှုကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။ ဗောက်က်စ်ဝက်ဂွန် တခုတည်းသာ မဟုတ်ပဲ အခြားကား ကုမ္ပဏီတွေဖြစ်တဲ့ Fiat Chrysler, Peugeot နဲ့ Renault တို့ရဲ့ စက်ရုံတွေကိုလည်း ပိတ်တော့မယ်လို့ တနင်္လာနေ့မှာ ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ ဒါအပြင် အာရှကားကုမ္ပဏီဖြစ်တဲ့ တိုယိုတာကလည်း ပြင်သစ် နဲ့ ပေါ်တူဂီမှာရှိတဲ့ ကားစက်ရုံတွေကို ပိတ်ဖို့ ကြေငြာခဲ့ပါတယ်။
ကားစက်ရုံတွေ နဲ့ အခြားစက်မှုလုပ်ငန်းတွေ ပိတ်လိုက်တာဟာ အဲဒီမှာ အလုပ်လုပ်လျက်ရှိတဲ့ ဥရောပက လူပေါင်း ၁၄သန်းနီးပါးကို တိုက်ရိုက်အကျိုးသက်ရောက်ကာ ခက်ခဲစေမှာဖြစ်ပါတယ်။ ဘယ်လောက်ကြာမယ် မပြောတတ်သေးကြောင်း ၊ ယုံကြည်စိတ်ချရတဲ့ အခြေအနေမှ ပြန်လည် လည်ပတ်နိုင်မှာဖြစ်ကြောင်း ဗောက်စ်ဝက်ဂွန်ရဲ့ ငွေကြေးဆိုင်ရာ အကြီးအကဲ ဖြစ်သူ Frank Witter က ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ဥရောပသာမက တကမ္ဘာလုံးမှာရှိတဲ့ စီးပွားရေးကို တရိပ်ရိပ် ကျဆင်းစေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာအနှံ့က လူပေါင်း ၁၈၅၀၀၀ကျော်ကို ကူးစက်ခဲ့ပြီး ဥရောပမှာတော့ လူပေါင်း ၆၅၀၀၀ခန့်ကို ကူးစက်ခဲ့ပြီးပါပြီ။ ဂျာမနီနိုင်ငံဟာလည်း ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေပြီး လက်ရှိအချိန်ထိ လူပေါင်း ၇၆၀၀ကျော် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသလို လူ ၂၀ သေဆုံးခဲ့ရပြီဖြစ်ပါတယ်။