ကျနော်တို့ နေ့စဉ်ဘဝမှာ၊ လုပ်ငန်းတာဝန်တွေ ရှင်သန်လှုပ်ရှား ဆောင်ရွက်ကြတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် စမတ်ကျအောင် နေထိုင်တတ်ဖို့ဟာ ဘဝမှာ အောင်မြင်မှုတွေ ရရှိနိုင်ဖို့အတွက် အလွန်အရေးပါပါတယ်။ နေ့စဉ် လူမှုရေး၊ စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် စစတွေ့တွေ့ချင်းမှာ ဝတ်စားဆင်ယင်မှု၊ ရုပ်လက္ခဏာတွေနဲ့ ဆုံးဖြတ်လေ့ရှိကြပါတယ်။
စမတ်ကျန သပ်ရပ်မှုဟာ လူတစ်ဦးတစ်ယောက်စီရဲ့ ပင်ကိုယ်ရုပ်လက္ခဏာတွေနဲ့ သိပ်ပြီးမဆိုင်လှပါဘူး။ အဲဒါထက် လူတစ်ဦးစီရဲ့ ဝတ်စားဆင်ယင်မှု၊ ကိုယ်ဟန်အမူအရာ၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံတွေနဲ့သာ များစွာသက်ဆိုင်ပါတယ်။ ကဲ… စမတ်ကျနအောင် နေထိုင်ပြုမူဖို့ ဘယ်လိုအချက်တွေကို သတိပြုရမယ်၊ ဘာတွေဆောင်ရွက်ကြရမယ်ဆိုတာ ကြည့်ကြရအောင်။
၁။ ဝတ်စားဆင်ယင်မှု (Dressing Style)
အနောက်တိုင်းဝတ်စုံပဲဝတ်ဝတ်၊ မြန်မာဝတ်စုံပဲဝတ်ဝတ်၊ ခေတ်ပေါ်လူငယ်စတိုင်လ်ပဲဝတ်ဝတ်၊ ကိုယ်နဲ့ Fittingကျပြီး သပ်သပ်ရပ်ရပ် စမတ်ကျအောင် ဂရုပြုဝတ်ဆင်ပါ။ ဥပမာ- ကိုယ်က ဝလွန်းရင် အင်္ကျီက သိပ်သေးပြီး ကျပ်နေတာမျိုး၊ ကိုယ်ကပိန်လွန်းရင် အင်္ကျ ီက သိပ်ကြီးပြီးပွနေတာမျိုး မဖြစ်ပါစေနဲ့။
နောက်ပြီး ဝတ်ဆင်မယ့်အဝတ်အစားကို ရွေးချယ်တဲ့နေရာမှာ ကိုယ်သွားမယ့်နေရာဋ္ဌာန၊ ပွဲလမ်းသဘင်နဲ့ ကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ဖို့လိုပါတယ်။ ခေတ်ရှေ့ပြေးချင်တယ်၊ သူများထက်ထင်ပေါ်ချင်တယ်ဆိုပြီး မင်္ဂလာဆောင်လိုမျိုးကို ခေတ်လွန်သရုပ်ပျက် ဝတ်စားဆင်ယင်မှုမျိုးနဲ့ မတက်ရောက်ဖြစ်အောင် ဂရုပြုရပါမယ်။
(၂) ပြောပုံဆိုပုံ (Communication Style)
တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စကားပြောဆို ဆက်ဆံကြတဲ့နေရာမှာလည်း ကာလဒေသအလိုက် တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ပြောဆိုတတ်ရပါမယ်။ ကိုယ်က စကားကျယ်ကျယ်အော်ပြောလိုက်လို့ အနှောက်အယှက်ဖြစ်မယ့်နေရာမျိုး ဥပမာ Library လိုမျိုးမှာဆိုရင် စကားကျယ်ကျယ်မပြောမိအောင် အထူးသတိပြုရပါမယ်။
နောက်တစ်ခါ စမတ်ကျလိုသူတိုင်း သတိပြုရမှာက အခေါ်အဝေါ်ပါ။ လူပေါင်းစုံ အသက်အရွယ်ပေါင်းစုံနဲ့ ဆက်ဆံဆောင်ရွက်ကြတဲ့နေရာမှာ အသက်အရွယ်အဆင့်အတန်းအလိုက် ဦးလေးတန်သည် အစ်ကိုတန်သည် ယဉ်ကျေးစွာပြောဆိုဆက်ဆံ ဆောင်ရွက်ကြခြင်းအားဖြင့် ပိုမိုစမတ်ကျပြီး ကိုယ့်ရဲ့အဆင့်အတန်း (Life Standard) ကိုပါ မြင့်တက်စေပါတယ်။
(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ (Self Confidence)
ဘယ်နေရာပဲသွားသွား၊ ဘာပဲလုပ်လုပ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေဖို့က အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် မယုံရဲဖြစ်နေသူ၊ ရှက်ကိုးရှက်ကန်းဖြစ်နေသူတစ်ယောက်ဟာ ဘယ်လိုမှ စမတ်မကျနိုင်ဘူးဆိုတာကတော့ အသေအချာပါပဲ။
(၄) အက်တစ်ကတ်များကို လိုက်နာပါ။ (Etiquette)
လောကမှာ လိုက်နာရမယ့် ကျင့်ဝတ် (Ethic) တွေနဲ့ အက်တစ်ကတ်(Etiquette) တွေဆိုတာ ရှိပါတယ်။ Ethic ဆိုတာကတော့ ရှင်းပါတယ်။ ဆရာတစ်ယောက်က ကျောင်းစိမ်းအင်္ကျီဝတ်ပြီး အရက်၊ ဆေးလိပ်မသောက်သင့်တာမျိုးပါ။ နောက် မင်းသားမင်းသမီးတွေအနေနဲ့ ဆယ်ကျော်သက်ပရိသတ် လူငယ်လူရွယ်တွေ အတုယူအတုခိုးမှားစေနိုင်မယ့် အပြုအမူတွေကို မလုပ်ပြသင့်တာမျိုးပါ။
အက်တစ်ကတ် (Etiquette) ဆိုတာကတော့ အက်သစ်(Ethic)လောက် မပြင်းထန်ပါဘူး။
ဥပမာ- ထမင်းစားပွဲဝိုင်းမှာ ချောင်းမဆိုးသင့်တာမျိုး၊ ညစာစားပွဲမှာ လက်ဆုံစားရင် ဇွန်းသံခက်ရင်းသံ ကျယ်ကျယ်လောင်လောင် မထွက်သင့်တာမျိုးပါ။ ဒါကြောင့်မို့ English Dictionary က Etiquette ဆိုတဲ့စကားလုံးကို ‘ The Code of ethical behavior regarding professional practice or action ’ “ လူကြီးလူကောင်း ပရော်ဖက်ရှင်နယ်များ လိုက်နာရန် လူမှုစည်းမျဉ်းများ ” လို့ ဖွင့်ဆိုထားခြင်းပါ။ စမတ်ကျလိုသူတိုင်း သက်ဆိုင်ရာ လူအဖွဲ့အစည်းရဲ့ Ethic and Etiquette စည်းမျဉ်းများကို လိုက်နာကြရပါမယ်။
(၅) နားထောင်တတ်အောင် သင်ယူပါ။ (Learn for Listening)
စမတ်ကျလိုသူတွေဟာ နေရာတကာမှာ သူတို့ချည်းပဲ စကားကို လုပြောလေ့မရှိပါဘူး။ သူတစ်ပါးပြောဆိုနေတာကို စိတ်ဝင်တစားနားထောင်တတ်ခြင်းဟာလည်း စမတ်ကျနခြင်းရဲ့ ဝိသေသလက္ခဏာတစ်ရပ်ပါ။ ကမ္ဘာကျော် စကားပြောအကောင်းဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ချိန်တည်းမှာပဲ နားအထောင်ဆုံးပုဂ္ဂိုလ်တွေ ဖြစ်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ သင်လည်း စမတ်ကျအောင် နားထောင်ကြည့်လိုက်ပါ။
(၆) လမ်းလျှောက်ရင် မတ်မတ်လျှောက်ပါ။ (Walking Style)
စမတ်ကျတဲ့သူတွေဟာ ကုတ်ချောင်းကုတ်ချောင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ပုံစံနဲ့ ဘယ်တော့မှ လမ်းမလျှောက်ကြပါဘူး။ ဒါပေမယ့် စမတ်ကျကျ လမ်းလျှောက်ကြတဲ့နေရာမှာ ဆောင့်ကြွားဆောင့်ကြွားပုံစံမျိုး ဖြစ်မနေအောင်လည်း အထူးသတိပြုသင့်ပါတယ်။ ကိုယ့်ရဲ့ ခြေလှမ်းတိုင်းဟာ ကိုယ့်ရဲ့ယုံကြည်မှုနဲ့ Personality ကို ဖော်ပြနေတယ်ဆိုတာကို အမြဲ သတိရပါ။
(၇) တစ်ကိုယ်ရည် သန့်ရှင်းမှုရှိပါ။ (Personal Hygiene)
တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းမှုကလည်း စမတ်ကျဖို့အတွက် များစွာ အရေးပါပါတယ်။ ခြေသည်းလက်သည်း၊ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးကအစ စမတ်ကျကျ သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ နောက်အရေးကြီးတာက ခံတွင်းနံ့ပါ။ ဥပမာ ကိုယ်က ကော်ဖီလိုမျိုး ခံတွင်းနံ့ဆိုးစေတဲ့ အစားအစာမျိုးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ပီကေ၊ ငုံဆေး စကားမျိုးတွေကို ဆောင်ထားသင့်ပါတယ်။
(၈) ကြင်နာတတ်တဲ့ နှလုံးသားကို မွေးမြူပါ။ (Kind Heart)
စမတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူတွေဟာ ကြင်နာတတ်တဲ့ နှလုံးသားတွေကိုလည်း ပိုင်ဆိုင်ကြပါတယ်။ နေ့သစ်တစ်ခု အစပြုလာတာနဲ့ တတ်နိုင်သလောက် ကိုယ်နဲ့ဆက်ဆံရမယ့်သူတွေအပေါ် ကြင်နာပါ။ မေတ္တာထားပါ။ သွားရင်းလာရင်း သက်ကြီးရွယ်အို၊ မသန်စွမ်းသူတွေကိုတွေ့ရင် တတ်အားသမျှ ကူညီရိုင်းပင်းပါ။ ကြင်နာတတ်တဲ့ နှလုံးသားတွေဟာ Personality နဲ့ စမတ်ကျနမှု တွေကို ဆောင်းကြဉ်းပေးနိုင်တယ်ဆိုတာ သင် တွေ့လာရပါလိမ့်မယ်။
( လင်းသိုက်ညွန့်(မြန်မာ့မြေ) ရေးသားသော မြန်မာတွေအောင်မြင်ဖို့ စာအုပ်မှ ထုတ်နှုတ်သည်။)
Your Life Success