USNS Comfort ဟာ အမေရိကန်ရေတပ်ရဲ့ Mercyအမျိုးအစား ဆေးရုံသင်္ဘောတစီးဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး မူလကတော့ Oil Tanker သင်္ဘောအနေနဲ့တည်ဆောက်ခဲ့တာဖြစ်ကာ ဒီသင်္ဘောရဲ့ မူလအမည်က SS Rose City ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်မှာ ရေတပ်စစ်သင်္ဘောအဖြစ် တပ်တော်ဝင်ခဲ့တဲ့ ဒီသင်္ဘောဟာ ပါရှန်ပင်လယ်ကွေ့စစ်ပွဲ ၊ အီရတ်စစ်ပွဲ အပါအဝင် ဟာရီကိန်းမာရီယာတို့လို ဖြစ်စဉ်တွေဟာ အဓိကကယ်ဆယ် ကုသရေးနေရာက ပါဝင်ခဲ့ဖူးပါတယ်။
သင်္ဘော အလျား ၈၉၄ပေ ၊ အနံ ၁၀၆ပေ ရှိပြီး တန်ချိန် ၇၀၄၇၀ အလေးချိန်ရှိတဲ့ သင်္ဘောကြီးဖြစ်ပါတယ်။ ကုတင် ၁၀၀၀ ၊ ခွဲစိတ်ခန်း ၁၂ခန်း ပါ ဆေးရုံသင်္ဘောကြီးဖြစ်ပြီး အခုတော့ ဒီသင်္ဘောကြီးဟာ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နဲ့ ပတ်သက်ပြီး လူနာတွေကို ကူညီကုသပေးဖို့ မတ်လ ၃၀ရက်နေ့ကစလို့ နယူးယောက်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီ ဖြစ်ပါတယ်။
ဒီသင်္ဘောကြီးရဲ့ အဓိကမစ်ရှင်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်း မရှိသေးတဲ့သူတွေကိုသာ ကုသပေးမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နယူးယောက်မှာ ရှိတဲ့ ဆေးရုံတွေဟာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို အဓိက ကုသနေတာဖြစ်တဲ့ အခြားရောဂါတွေကုသတဲ့ နေရာမှာ မလစ်ဟင်းအောင် ဒီဆေးရုံသင်္ဘောကြီးက တာဝန်ယူပေးတာ ဖြစ်ပါတယ်။ ဆေးရုံအသီးသီးမှာ ကိုရိုနာကူးစက်ခံလူနာတွေ ရှိနေပြီဖြစ်တဲ့အတွက် အခြားရောဂါကြောင့်တက်နေသူတွေကို ဗိုင်းရပ်စ်ထပ်မကူးစေဖို့ ရေတပ်ကနေ အခုလိုကူညီခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဥပမာအားဖြင့် ကင်ဆာရောဂါ ၊ နှလုံးရောဂါ နဲ့ ကလေးမီးဖွားရမည့်မိခင်များအပါအဝင် အခြား အရေးပေါ်လူနာတွေကို ကုသပေးမှာဖြစ်ပါတယ်။ ဒီလိုကုသတဲ့နေရာမှာ ခွဲစိတ်ဖို့ လိုအပ်တဲ့လူတွေအတွက်လည်း ခွဲစိတ်ပေးမှာဖြစ်ပါတယ်။ ဒီလို ကုသပေးနိုင်ဖို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင် ဆရာဝန်များအပြင် စုစုပေါင်း ဆေးဝန်ထမ်း ၁၁၀၀ ခန့် ဒီသင်္ဘောပေါ်မှာ အသင့်ရှိနေတယ်လို့ သိရပါတယ်။ နယူးယောက်က ဆေးရုံတွေမှာ လူနာတွေ အရမ်းများနေလို့ ကျန်းမာရေးဝန်ထမ်းတွေ အလုပ်ဒဏ်ပိနေပါတယ်။ အဲဒီနေရာတွေကို စစ်ဆေးတပ်က အစားထိုး ဝင်ရောက် ကုသပေးပြီး လက်ရှိဝန်ထမ်းတွေကို အနားယူစေမှာပါ။
USNS Comfort ရဲ့အစီအစဉ်ဟာ ရက်သတ္တပတ် ၂ပတ် ကြာမှာဖြစ်ပြီး စစ်ဆေးတပ်ဖွဲ့ နဲ့ အရပ်ဖက်ကျန်းမာရေးဝန်ထမ်းတွေ ပူးတွဲကာ တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။ USNS comfort ဆေးရုံသင်္ဘောဟာ နယူးယောက်မှာ ဒီတာဝန်တွေကို ထမ်းဆောင်နေစဉ်အတွင်းမှာပဲ အခြားဆေးရုံသင်္ဘောတစင်းဖြစ်တဲ့ USNS mercy ကလည်း လော့စ်အိန်ဂျလိစ်မြို့မှာ အခုလိုပဲ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
“လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းကာလမှာ USNS comfort လို ဆေးရုံသင်္ဘောကြီး တစင်း နယူးယောက်ဆိပ်ကမ်းကို ဆိုက်ရောက်လာဟာ လူတွေအတွက် တကယ်အကူညီဖြစ်ပါတယ်။ လူတိုင်းကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်အောင်လုပ်နေရတဲ့အတွက် အကောင်းဆုံးစစ်ကူရခဲ့တယ်လို့ ခံစားမိပါတယ်။ ပစ္စည်းအကူအညီသာမက စိတ်ပိုင်းဆိုင်ရာအရပါအားတက်ရပါတယ်။ စစ်တပ်အနေနဲ့ ပြည်သူကို အကူအညီပေးတဲ့အတွက် အရမ်းကျေနပ်မိပါတယ်” လို့ နယူးယောက်မြို့တော်ဝန် Bill de Blasio က ဆိုပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများဆုံးနိုင်ငံဖြစ်နေပြီး လူပေါင်း ၁၈၉၀၀၀ကျော်ဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ အမေရိကန်မှာမှ နယူးယောက်ဟာ ဗိုင်းရပ်စ်ကူးစက်မှုအဆိုးဆုံးပြည်နယ်ဖြစ်နေပြီး လူပေါင်း ၇၅၀၀၀ ကျော် ကူးစက်ခံထားရကာ သေဆုံးသူပေါင်းကလည်း ၁၇၀၀ ရှိသွားပြီဖြစ်ပါတယ်။ နယူးယောက်ကဆေးရုံတိုင်းမှာ ကိုဗစ်လူနာတွေပြည့်လျှံနေတဲ့ ဒီလိုအချိန်မှာ စစ်တပ်က အခုလို တတပ်တအား ကူညီပေးတဲ့အတွက် ပြည်သူတွေဟာ အထူးပဲဝမ်းသာနေကြပါတယ်။