Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကာဇက်စတန်နိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
August 17, 2019
Reading Time: 1min read
0
ကာဇက်စတန်နိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ကာဇက်စတန်နိုင်ငံဟာ အလယ်အာရှ နဲ့ အရှေ့ဥရောပ နှစ်ခြမ်းစလုံးမှာ ပါဝင်နေတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံရဲ့တရားဝင်အမည်က ကာဇက်စတန် သမ္မတနိုင်ငံ ဖြစ်ပါတယ်။ ကာဇက်စတန်နိုင်ငံဟာ ရုရှား ၊ တရုတ် ၊ ကာဂျစ်စတန် ၊ ဥဇဘက်ကစ္စတန် ၊ တာခ့်မင်နစ္စတန် တို့အပြင် ကတ်စပီယံပင်လယ် တို့နဲ့ နယ်နိမိတ်ခြင်း ထိစပ်လျှက်ရှိပါတယ်။

ဒီနိုင်ငံရဲ့ ရုံးသုံးဘာသာစကားက ကာဇက်ဘာသာစကား နဲ့ ရှရှားဘာသာစကားတွေဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့လူဦးရေကတော့ ၁၈.၄သန်းခန့်ရှိပြီး နိုင်ငံကြီးသလောက် လူဦးရေ နည်းလွန်းတဲ့နိုင်ငံပါ။ ဒီနိုင်ငံရဲ့အကျယ်အဝန်းက စတုရန်းမိုင်ပေါင်း ၁၀၅၂၁၀၀(၁.၀၅သန်း) ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ကုန်းတွင်းပိတ်နိုင်ငံဖြစ်ကာ ကမ္ဘာ့ ၉ခုမြောက်ဧရိယာ အကျယ်ဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ နိုင်ငံဧရိယာနဲ့တွက်ရင် ဒီနိုင်ငံရဲ့ လူဦးရေသိပ်သည်းဆဟာ ၁မိုင်ပတ်လည်မှာ ၁၈ယောက်ခန့်ပဲ နေထိုင်ပါတယ်။

ကာဇက်စတန်နိုင်ငံရဲ့မြို့တော်ကတော့ Nur-Sultan ဖြစ်ပြီး အရင်တုန်းကတော့ Astana လို့ဒီမြို့ကိုခေါ်ခဲ့ပါတယ်။ နိုင်ငံရဲ့မြောက်ပိုင်း Ishim မြစ်ကမ်းပေါ်မှာတည်ရှိတဲ့ ဒီမြို့မှာ ခေတ်သစ်ဗိသုကာလက်ရာ အဆောက်အဦးများစွာရှိနေပါတယ်။ လူဦးရေ ၁သန်းခန့်နေထိုင်တဲ့ ဒီမြို့တော်ဟာ အကြီးဆုံးမြို့တော့မဟုတ်ပါဘူး။ ဒီနိုင်ငံရဲ့အကြီးဆုံးမြို့ကတော့ Almaty ဖြစ်ပြီး လူဦးရေ ၂သန်းခန့်နေထိုင်တဲ့ မြို့ကြီးဖြစ်ပါတယ်။

ကာဇက်စတန်နိုင်ငံရဲ့ပထဝီဝင်ကတော့ အမျိုးအစားစုံလင်လှပါတယ်။ မြေပြန့် ၊ စတက်မြက်ခင်းလွင်ပြင် ၊ ကျောက်ဆောင်ချောက်များ ၊ တောင်ကုန်းများ ၊ မြစ်ဝကျွန်းပေါ်ဒေသ ၊ နှင်းအမြဲကျနေသောတောင်တန်းများ နဲ့ သဲကန္တာရတွေပါ ပါဝင်နေပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပေမယ့် မြစ်ကြီးမြစ်ငယ်အသွယ်သွယ်ရှိကာ ထင်ရှားတဲ့အဓိကမြစ်ကြီးတွေကတော့ Turgai မြစ် ၊ Irtysh မြစ် ၊ Ishimမြစ် နဲ့ Ural မြစ်တို့ ဖြစ်ပါတယ်။

နိုင်ငံရဲ့အမြင့်ဆုံးနေရာကတော့ ကာဇက်စတန် နဲ့ တရုတ်နိုင်ငံ နယ်အစပ်မှာရှိတဲ့ khan tengri တောင်ဖြစ်ပြီး အမြင့်ပေ ၂၃၀၀၀ပေ မြင့်ပါတယ်။ အနိမ့်ဆုံးနေရာကတော့ ကတ်စပီယံပင်လယ်အစပ်မှာရှိတဲ့ Karagiye ချောက်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အောက် ၄၃၃ပေခန့် နိမ့်တဲ့နေရာဖြစ်ပါတယ်။

ကာဇက်စတန်နိုင်ငံ တည်ရှိရာနယ်မြေတွင် ရှေးအခါက နောမက် (ခေါ်) နေရာအတည်တကျမရှိ လှည့်လည်သွားလာနေသော လူမျိုးစုများ နေထိုင်ခဲ့ကြပါတယ်။ ၁၃ရာစု ရောက်တဲ့အခါမှာတော့ မွန်ဂိုဘုရင် ဂျင်ဂစ်ခန်ရဲ့သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ ၁၆ရာစုအရောက်တွင် ကာဇက်လူမျိုးများသည် သီးခြားလူမျိုးစုများအဖြစ် ထင်ရှား လာပြီး ကာဇက်စတက်ပ်မြက်ခင်းပြင်ကို နယ်မြေသုံးခုအဖြစ် ပိုင်းခြား ကာ အုပ်ချုပ်ခဲ့ပါတယ်။

၁၈ရာစုအတွင်းမှာတော့ ရုရှားလူမျိုးတွေဟာ ကာဇက်စတက်ပ် မြက်ခင်းပြင်များကို စတင်ကျူးကျော်လာပြီး ၁၉ရာစုအလယ် ပိုင်းရောက်တဲ့အခါမှာတော့ ကာဇက်စတန်သည် ရုရှားအင်ပါယာရဲ့ အစိတ်အပိုင်းဖြစ်သွားခဲ့ပါတယ်။၁၉၃၆ခုနှစ်မှာတော့ ဆိုဗီယက်ပြည်ထောင်စုရဲ့ တစိတ်တပိုင်းဖြစ်လာခဲ့ပြီး ၁၉၉၁ခုနှစ်၊ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲချိန်မှာ လွတ်လပ်ရေးရရှိခဲ့ပါတယ်။ တပြည်ထောင်ပါတီစုံ သမ္မတစနစ်နဲ့အုပ်ချုပ်ပြီး လက်ရှိသမ္မတက Kassym-Jomart Tokayev ဖြစ်ကာ ဝန်ကြီးချုပ်ကတော့ Askar Mamin ဖြစ်ပါတယ်။

လူဦးရေ ၁၈သန်းကျော်မှာ ကာဇက်လူမျိုးက ၆၅.၅% ၊ ရုရှားလူမျိုးက ၂၁.၅% ၊ ဥဇဘက် ၃% တို့အပြင် ဂျာမန် ၊ ယူကရိန်း ၊ တာတာ လူမျိုးများလည်းပါဝင်ပါတယ်။ ကိုးကွယ်ယုံကြည်မှုအနေနဲ့ အစ္စလမ်ဘာသာကို အဓိက ကိုးကွယ်ပြီး လူဦးရေရဲ့ ၇၀%ဟာ အစ္စလာမ် ဖြစ်ပြီး ၊ ၂၆.၆% ကတော့ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပါတယ်။

ကာဇက်စတန်ဟာ အလယ်အာရှမှာတော့ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်ပါတယ်။ အဓိကလုပ်ငန်းတွေကတော့ လောင်စာဆီ ၊ ကျောက်မီးသွေး ၊ သံရိုင်း ၊ ခရိုမိုက် ၊ ကြေးနီ တို့အပြင် အခြားသတ္တုတူးဖော်ရေးလုပ်ငန်းများစွာအပြင်  စိုက်ပျိုးရေး ၊ စက်မှုလုပ်ငန်းသုံးစက်များထုတ်လုပ်ရေး ၊ အီလက်ထရောနစ်မော်တာများထုတ်လုပ်ခြင်း အပြင် ဆောက်လုပ်ရေးပစ္စည်းများထုတ်လုပ်ခြင်းကိုလည်း လုပ်ကိုင်ကြပါတယ်။

၂၀၁၈ခုနှစ်စာရင်းအရ နိုင်ငံထုတ်ကုန်တန်ဖိုး GDP ဟာ ဒေါ်လာ ၅၀၈.၆ ဘီလျံဖြစ်ပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၉၂၃၇ ဖြစ်ပါတယ်။ Kazakhstani tenge (KZT) ငွေကြေးစနစ်ကို သုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ ၃၈၃.၅ KZT နဲ့ ညီမျှပါတယ်။

ကာဇက်စတန် ရဲ့ စိတ်ဝင်စားစရာ အချက်များ

၁။ ကာဇက်စတန် Kazakhstan မှာ Kazakh က လှည့်လည်သွားခြင်း(လွတ်လပ်ခြင်း) ဖြစ်ပြီး stant က မြေ လို့ အဓိပ္ပါယ်ရပါတယ်။ စုပြီးပြန်လိုက်ရင်တော့ အတည်တကျနေထိုင်ခြင်း မရှိပဲ လှည့်လည်နေထိုင်တတ်သူများရဲ့ နယ်မြေ (သို့) လွတ်လပ်သူများရဲ့နယ်မြေ လို့ အဓိပ္ပါယ်ရပါတယ်။

၂။ ကာဇက်စတန်ဟာ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပေမယ့် နိုင်ငံစစ်တပ်မှာ ရေတပ်ပါဝင်နေပါတယ်။ ကာဇက်စတန်ရေတပ်ဟာ ကုန်းတွင်းပိတ်ပင်လယ်ဖြစ်တဲ့ ကတ်စပီယံပင်လယ်ထဲမှာ အခြေစိုက်ပါတယ်။

၃။ ကာဇက်စတန်ရဲ့ မြို့ကြီး ၂မြို့ဖြစ်တဲ့ Almaty နဲ့Uralsk မြို့တို့မှာ စစ်သူရဲကောင်းအထိမ်းအမှတ် အဆောက်အအုံတွေရှိနေပါတယ်။ ပထမကမ္ဘာစစ်အတွင်းတုန်းက ကျဆုံးသွားတဲ့ စစ်သားတွေကို ရည်စူးတည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။

၄။ ကာဇက်စတန်မှာ ကမ္ဘာ့ပထမဆုံး နဲ့ အကြီးဆုံး အာကာသယာဉ် လွတ်တင်ရေးစခန်း Baikonur Cosmodrome တည်ရှိနေပါတယ်။ နိုင်ငံတောင်ပိုင်း Baikonur မြို့မှာရှိတဲ့ ဒီစခန်းကို ဆိုဗီယက်ခေတ်တုန်းက ရုရှားတို့က တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။

၅။ ကာဇက်စတန်ရဲ့ အကြီးဆုံးရေကန်ကတော့ စတုရန်းမိုင် ၆၃၀၀ ဧရိယာကျယ်ဝန်းတဲ့ Balkhash ရေကန်ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးရေကန်တွေထဲမှာ ပါဝင်တဲ့ ဒီရေကန်ရဲ့ ထူးခြားချက်ကတော့ တခြမ်းက ရေချိုဖြစ်နေတဲ့ အချိန်မှာ ရေဘက်ရဲ့တခြမ်းကတော့ ဆားငံရေ ဖြစ်နေတာပါ။

၆။ ပညာရေးတိုးတက်ကောင်းမွန်တဲ့ နိုင်ငံဖြစ်ပြီး အရွယ်ရောက်ပြီးသူဦးရေရဲ့ ၉၉.၅% ဟာ စာတတ်မြောက်ကြပါတယ်။ ဒီနိုင်ငံမှာ အရွယ်ရောက်ပြီးသူ အလုပ်လက်မဲ့ % ကလည်း ၅% ပဲ ရှိပါတယ်။

၇။ ကာဇက်စတန်ဟာ လူငယ်တွေပေါတဲ့ တိုင်းပြည်လို့ ဆိုနိုင်ပါတယ်။ အကြောင်းကတော့ လူဦးရေ စုစုပေါင်းရဲ့ ၅၀% ကျော်က အသက် ၃၀အောက်ဖြစ်ပြီး အဲဒီထဲက ၂၅%ခန့်က အသက် ၁၅နှစ်အောက်သာ ရှိနေလို့ ဖြစ်ပါတယ်။

၈။ ကာဇက်စတန်မှာ ယူနက်စကို အမွေအနှစ် နေရာ ၅ ခု ရှိနေပါတယ်။ အဲဒီထဲက ၃ခုက ရှေးဟောင်းအမွေအနှစ်ဖြစ်ပြီး ၂ခုကတော့ သဘာဝအမွေအနှစ်ဖြစ်ပါတယ်။ ဒီ ၅ခုကတော့ Khoja Ahmed Yasawi အထိမ်းအမှတ်အဆောက်အအုံ ၊ Petroglyphs ရှေးဟောင်းသုတေသနနယ်မြေ ၊ ပိုးလမ်းမကြီးရဲ့တစိတ်တပိုင်းဖြစ်တဲ့ Chang’an-Tianshan Corridor ၊ Saryarka မြက်ခင်းလွင်ပြင် နဲ့ ရေကန် ၊ ကမ္ဘာ့အကြီးဆုံးတောင်တန်းစုထဲ အပါအဝင်ဖြစ်တဲ့ Western Tien-Shan တို့ ဖြစ်ပါတယ်။

၉။ ကာဇက်စတန်ရဲ့ အလံမှာတော့ မိုးပြာရောင်နောက်ခံပေါ်မှာ ရွှေရောင်ပုံရိပ်တွေကို အသုံးပြုထားပါတယ်။ မိုးပြာရောင်ကတော့ ကာဇက်လူမျိုးတွေရဲ့ ငြိမ်းချမ်းမှု နဲ့ စည်းလုံးမှုကို ကိုယ်စားပြုပါတယ်။ ရွှေရောင်နေကတော့ သဘာဝအရင်းအမြစ်တွေကြွယ်ဝတာကို ကိုယ်စားပြုပြီး နေရဲ့ဘေးက ၃၂ခုသော အလင်းတန်းတွေကတော့ ကောက်ပဲသီးနှံပေါကြွယ်ဝတာကို ကိုယ်စားပြုပါတယ်။ သိန်းငှက်ကတော့ လွတ်လပ်ခြင်း နဲ့ အင်အားရှိခြင်းကို ကိုယ်စားပြုပြီး အလံဘယ်ဘက်က အရာကတော့ ကာဇက်လူမျိုးတွေရဲ့ ရိုးရာ နဲ့ ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ အဆင်တန်ဆာဖြစ်ပါတယ်။

၁၀။ ကာဇက်စတန်ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုက Berkutchi လို့ခေါ်တဲ့ သိန်းငှက်တွေနဲ့ အမဲလိုက်ခြင်းဖြစ်ပါတယ်။ ကာဇက်မုဆိုးတွေဟာ မြင်းတွေကို စီးရင်း လေ့ကျင့်ထားတဲ့ သိန်းငှက်တွေကို ယုန် ၊ မြေခွေး နဲ့ အခြားသားကောင်တွေကို လိုက်လံဖမ်းဆီးစေတာပဲဖြစ်ပါတယ်။

၁၁။ ကမ္ဘာပေါ်မှာ မြင်းတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် အသုံးပြုတာ ကာဇက်လူမျိုးတွေဟာ ပထမဆုံးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၅၅၀၀ လောက်ကတည်းက စတင်အသုံးပြုနေပြီလို့ သိရပါတယ်။

၁၂။ Mendeleev ရဲ့ ဓာတုဗေဒဒြပ်စင် ၁၁၀ မျိုးစာရင်းထဲက ၉၉ မျိုးကို ကာဇက်စတန် တစ်နိုင်ငံတည်းမှာတင် ရရှိနိုင်ပါတယ်။

၁၃။ ကာဇက်စတန်ဟာ နယ်မြေကွာခြားမှုအလိုက်  GMT +4, +5 , +6 ဆိုပြီး အချိန်ဇုန် ၃ မျိုးကွဲပြားနေပါတယ်။

၁၄။ သယ်ယူပို့ဆောင်ရေးအနေနဲ့ ကာဇက်စတန်ဟာ ရထားလမ်းအရှည် မိုင် ၉၅၂၇ နဲ့ အဝေးပြေးလမ်းအရှည် မိုင်ပေါင်း ၆သောင်းခန့် ကို ပိုင်ဆိုင်ထားပါတယ်။ ကာဇက်စတန်ဟာ လေဆိပ်ပေါင်း ၃၀ ခန့်ကို ပိုင်ဆိုင်ထားပြီး အကြီးဆုံးလေဆိပ်ကတော့ Almaty နိုင်ငံတကာ လေဆိပ်ဖြစ်ပြီး ၂၀၁၇ခုနှစ်စာရင်းအရ ခရီးသွားပေါင်း ၅.၆သန်းခန့်ကို ဝန်ဆောင်မှုပေးခဲ့ပါတယ်။

၁၅။ ခရီးသွားတွေကတော့ ကာဇက်စတန်ကို Shisha နိုင်ငံလို့ခေါ်လေ့ရှိပါတယ်။ အကြောင်းကတော့ အဲဒီနိုင်ငံရဲ့ နေရာဒေသမရွေး အချိန်မရွေး လူအများစုဟာ Shisha ကို သောက်နေကြတာ မြင်ရမှာဖြစ်ပါတယ်။

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!