မြန်မာနိုင်ငံတွင် ပါဝင်သော ကယားပြည်နယ်သည် ရှမ်းပြည်နယ် တောင်ဖက်၊ ကရင်ပြည်နယ်၏ အရှေ့ဖက်နှင့် မြောက်ဖက်၊ မြောက်ဖက် လတ္တီတွဒ် ၁၈ ံ ၅၀ ဒီဂရီနှင့် ၁၉ ံ၅၅ ဒီဂရီနှင့် အရှေ့ဖက် လောင်ဂျီတွဒ် ၉၇ ံ၁၀ ဒီဂရီနှင့် ၉၇ ံ၅၀ ဒီဂရီတို့၏ အကြားတွင် တည်ရှိ၏။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျှက်ရှိသည်။ မြန်မာနိုင်ငံ၏ အဓိက လျှစ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်သော လောပိတ ရေအားလျှပ်စစ်စက်ရုံ တည်ရှိသည်။
လူဦးရေနှင့်လူမျိုးများ ၂၀၁၄ ခုနှစ် စာရင်းအရ ကယားပြည်နယ်၏ လူဦးရေမှာ ၂၈၆၆၂၇ဦး ရှိ၏။ စတုရန်းတမိုင်လျှင် ၆၃ ယောက်မျှသာရှိသည်။ ကယားပြည်နယ်တွင် ကယားအမျိုးသား ဦးရေမှာ အများဆုံးဖြစ်သည်။ ရှမ်းအမျိုးသား၊ အင်းသား၊ ပအိုဝ့် အမျိုးသားနှင့် အခြား တောင်ပေါ်သားများဖြစ်သော ပရဲ့၊ဂဲခိုး၊ မနုမနော၊ ဘွဲ၊ ပဒေါင်၊ ယင်းဘော် ၊ယင်းတလဲ၊ ပကူး စသော လူမျိုးများအပြင် မြန်မာနှင့် ယိုးဒယား လူမျိုး များလည်း ရှိသေးသည်။
ကယားပြည်နယ်မှာ တောင်ထူထပ်လှသည်။ ပွန်ချောင်းနှင့် သံလွင်မြစ် စပ်ကြား ရှိ တောင်တန်းတို့မှာ ပျမ်းမျှခြင်းအားဖြင့် ပင်လယ်ရေပြင်ထက် ပေ ၅,၀၀၀ မျှ မြင့်သည်။ သံလွင်မြစ် အရှေ့ဖက်ရှိ လွယ်လင်တောင်တန်းမှာမူ အမြင့်ဆုံးနေရာ၌ ပေ ၇,၀၀၀ ကျော်ရှိ၍ ပြည်နယ်ကို ယိုးဒယား နိုင်ငံနှင့် ခွဲခြားထားသည့် တံတိုင်းကြီးသဖွယ် တည်နေပေသည်။ ရှေးမြန်မာစာပေ နယ်တွင်ထင်ရှားသော ငွေတောင်ပြည်နယ်အနီး၌ ငွေတောင်နှင့် ရွှေတောင်တို့ ရှိသည်။ ထိုတောင်တို့ မှာ ကယားပြည်နယ်သူတို့ အထူး ကိုင်းရှိုင်းလေးစားကာ အမြတ်တနိုးထားသော တောင်များ ပေတည်း။
ပြည်နယ်အတွင်း ဖြတ်စီးသော မြစ်တို့တွင် သံလွင်မြစ်မှာ အကြီးဆုံးဖြစ် သည်။ မြောက်ဖက် မောက်မယ်နယ်မှ စီးလာ၍ ပြည်နယ်အရှေ့ပိုင်း ကန္တရဝတီနယ်ကို မိုင် ၁၀၀ မျှ ဖြတ်သန်းကာ တောင်ဖက် ဖါပွန်ခရိုင် အတွင်းသို့ စီးဆင်းသည်။ ဘီလူးချောင်းမှာ အင်းလေးကန်တွင် မြစ်ဖျားခံ၍ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ၊ မိုးဗြဲစသော နယ်များကို ဖြတ်ကာ ပြည်နယ်တွင်း သို့ အနောက်မြောက် ဒေသဆီမှ စီးဝင်လာသည်။ ဤချောင်းပေါ်တွင် လွိုင်ကော်မြို့ တည်ရှိ သည်။ ကယားပြည်နယ်၏ ဆိုရိုးစကားတစ်ခုမှာ “ ဖါးအော်မှ မိုးရွာ၊ မိုးရွာမှ ငါးမော့၊ ငါးမော့မှ ရေကြီး၊ ရေကြီးမှ ဆင်ဆွဲ၊ ဆင်ဆွဲမှ သစ်ကျ၊ သစ်ကျမှ ပြည်၀ ” ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး
ပြည်နယ်အတွင်းသို့ တောင်ငူမှ သံတောင်နယ်ကိုဖြတ်၍ ဖေါက်လုပ် ထားသော မော်တော် ကားလမ်း ရှိသည်။ ထိုမော်တော်ကားလမ်း မှာ မော်ချီသတ္တုတွင်းများကို ဖြတ်၍ သံလွင်မြစ် ကမ်းပေါ်ရှိ ခဲမဖြူအထိ၎င်း၊ ခဲမဖြူမှ မြောက်ဖက် လမ်းမကြီးတခုရှိ၍ ဘောလခဲမြို့ မှ လွယ်ကာ်ကိုဖြတ်ကာ ပြည်နယ်အပြင်ပ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အထိ၎င်း လမ်းများ ရှိသည်။
သမိုင်းအကျဉ်း
ကယား တိုင်းရင်းသားတို့၏ အစဉ်အလာ မှတ်သားထားချက်များအရ ပဉ္စမမြောက် အကြီးအကဲဖြစ်သော ဖိုးဖြူလှ လက်ထက်တွင် ဘောလခဲနယ်သည် ကယားပြည်နယ် တခုလုံးကို လွှမ်းမိုးအုပ်ချုပ်ခဲ့သည်။ ဖိုးဖြူလှ လက်ထက် မောင်မောင်ဖုန်းဆိုသူ မွန်အမျိုးသားတဦးသည် ကယားပြည်နယ်အတွင်းသို့ ဝင်ရောက်လာကာ တပည့်လက်သား တဖြည်းဖြည်း တိုးတက် များပြားလာ၍ သြဇာအာဏာရရှိခဲ့သည်။
ပြည်တပြည်တွင် အကြီးအကဲနှစ်ဦး မရှိသင့်ဟု သဘောပိုက်မိသည်နှင့် ဖိုးဖြူလှသည် ပွန်ချောင်းအရှေ့ဖက် ဒေသကို အုပ်ချုပ်ရန် မောင်မောင်ဖုန်းအား ပေးခဲ့၏။ ထိုအချိန်မှစ၍ ကန္တာရဝတီနယ် ပေါ်ပေါက်လာခဲ့၏။ မောင်မောင်ဖုန်းသည် ဖဖေါ်ကြီး ဘွဲ့အမည်ကို ခံယူကာ စောလုံမြို့တွင် ဟော်နန်းစိုက်ထူ၍ အရှေ့ကရင်နီနယ် ကို အုပ်ချုပ်လာခဲ့လေသည်။ ထိုအချိန်မှစ၍ ကန္တာရဝတီ၊ ကြယ်ဖိုးကြီး၊ နောင်ပုလဲ၊ နန်းမယ်ခုံ၊ ငွေနောင်ပြည် စသည်ဖြင့် နယ်များ ပေါ်ပေါက် ခဲ့သည်။
မြန်မာဘုရင် မင်းတုန်းမင်းနှင့် သီပေါမင်းတို့ ခေတ်ကာလအတွင်း ကရင်နီပြည်နယ်၌ ကန္ဒရဝတီ၊ ဘောလခဲ၊ ကြယ်ဖိုးကြီး (နန်းမယ်ခုံ)နှင့်နောင်ပုလဲ (ကြယ်ဖိုးကလေး)နယ်တို့တွင် နယ်မြေအလိုက် နယ်ရှင် စော်ဘွားများက အုပ်ချုပ်ခဲ့သည်။ ၁၈၈၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဗြိတိသျှစစ်တပ်က အရှေ့ကရင်နီပြည်နယ် မြို့တော်စောလုံကို သိမ်းပိုက်ပြီးနောက် စော်ဘွားစဝ်လဝီအား ကန္ဒရဝတီ မြို့စားအဖြစ် ပြောင်းလဲ၍ အသိအမှတ်ပြုခဲ့သည်။ ထို့အပြင် မြို့စားများ၏ ဆန္ဒသဘောအတိုင်း မဟုတ်ဘဲ (ဘာနဒ်)စာချွန်တော် အမိန့်ပါစာများအရသာ အုပ်ချုပ်စေခဲ့သည်။
ကန္ဒရဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီးနယ် မြေများဟု ဗြိတိသျှအစိုးရ လက်ထက်က သတ်မှတ်ခဲ့သော ကရင်နီပြည်နယ်များသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကရင်နီပြည်နယ် အမည်နှင့်ပင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပြည်နယ်တစ်ခုအဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အရ လူထု ဆန္ဒဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် တရားဝင် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
လက်မှုပညာဖက်တွင် ကယားလူမျိုးတို့သည် ရက်ကန်းလုပ်ငန်း( အထူးသဖြင့်ငွေတောင်နယ် တွင်) ၊ ငွေထည်လုပ်ငန်း ဖါးစည်မှစ၍ ခြူ၊ ခေါင်းလောင်း၊ မောင်း၊ ပဒေါင်အမျိုးသမီးများ လည်တွင် ဆွဲပတ်သည့် ကြေးခွေများ စသည်တို့ ပြုလုပ်သော ကြေးလုပ်ငန်းတို့တွင် ကျွမ်းကျင် ကြသည်။
လူမျိုး
ကယားလူမျိုးတို့မှာ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အပါအဝင်ဖြစ်သော ကယားပြည်နယ်တွင် လူများစုအဖြစ် နေထိုင်ကြသူများ ဖြစ်သည်။ယခင်က သူတို့အား ကရင်နီဟု ခေါ်ဝေါ်ခဲ့ကြ၏။ ပြောဆိုသော ဘာသာစကားတို့၏ နီးစပ်မှုကို ထောက်ထား၍ ကယားလူမျိုးတို့မှာ တိဗက်မြန်မာ အစုဝင် ကရင်အစုခွဲ၌ ပါဝင်သောလူမျိုး တစ်မျိုးဖြစ်သည်ဟု ဘာသန္တရ ပါရဂူတို့က ဆုံးဖြတ်ကြ၏။
၀တ်ဆင်သော အဝတ်အထည်တို့၏ နီသော အရောင်အသွေးကိုလိုက် ၍ မြန်မာတို့က ကယားပြည်နယ်သားတို့ကို ရှေးအခါက ကရင်နီ ဟု ခေါ်ဝေါ်ကြသည်။ ကယား ဟူသော ဝေါဟာရမှာ သူတို့ဘာသာအရ လူဟု အဓိပ္ပာယ်ရသော ဘွဲ့မနော ဟူသော အမည်ဖြင့် ခေါ်ဝေါ်ကြသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ကရင်ပြည်နယ် ဖွဲ့စည်းသောအခါ၌ ကရင်နီပြည်နယ်ကို ထည့်သွင်းရန် ရည်မှန်းချက် ရှိသည်ဖြစ်ရာ၊ ထိုသို့ ထည့်သွင်းခြင်းကို မလိုလားကြသောကြောင့် တကြောင်း၊ ကရင်နီ အမျိုးသားတို့သည် ကရင်နီဟူသောအမည်မှ ကယားဟူသော အမည်သို့ ပြောင်းလွဲှရန် ကြိုးစားခဲ့ကြရာ ၁၉၅၁ ခုနှစ်အတွင်းက ထိုအမည်ပြောင်းလွဲှရေးနှင့် ကယားပြည်နယ် သီးသန့် တည်ရှိရေးတို့အတွက် ပါလီမန်မှ အက်ဥပဒေ ပြုလုပ်ကာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လိုအပ်သောပုဒ်မများ ကို ပြင်ဆင်ခွင့်ရရှိခဲ့သည်။
ဝတ်စားဆင်ယင်မှု
ကယားအမျိုးသားတို့က ဖျင်ကြမ်းဘောင်းဘီတို/ရှည် ခပ်ပွပွ အပေါ်အင်္ကျီခပ်ကြမ်းကြမ်းဝတ်သည်။ အမျိုးသမီးတို့က ခေါင်းပေါင်းအနီ/အနက် ပေါင်း၏။ ကိုယ်တွင် ရင်စည်းဖုံး သင်တိုင်းဝတ်ဆင်ပြီး အပေါ်မှ ခြုံထည်ရှည်နှင့် ခါးစည်းကြိုးအနီ ချည်နှောင်ပြီး ရှေ့သို့ချထားလေ့ရှိသည်။ ဂေခို၊ ဂေဘား အမျိုးသားတို့က ဖျင်စဘောင်းဘီတိုနှင့် အင်္ကျီဖြူ ရင်ခွဲ ဝတ်ဆင်သည်။ အမျိုးသမီးတို့ကမူ ဂျပ်ခုတ်ထမီ နှင့် အင်္ကျီများကို ဝတ်ဆင်သည်။
ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာ
အလွန်ရှေးကျသော ထုံးတမ်းစဉ်လာ အလေ့အထများကို ကယားလူမျိုးတို့၏ ယဉ်ကျေးမှုတွင် တွေ့ရှိနိုင်ပေသည်။ ယခုအခါတွင် ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်သူ တိုးတက်များပြား လာသော်လည်း ရှေးအစဉ်အလာအရ နတ်ကိုးကွယ်ခြင်း၊ ကြက်ရိုးထိုး၍ ဆောင်ရွက်ဖွယ်ရာ ကိစ္စများကို ဆုံးဖြတ်ခြင်း စသည့်အလေ့အထများ ရှိပေသေးသည်။
ရှေးကျသော ကယားတို့ ဖြစ်စဉ်ဘဝမှာ နတ်ကိုးကွယ်ခြင်း၊ နတ်ပသခြင်း၊ ရိုးရာအလိုက် တစုတရုံး စားသောက်ပျော်ရွှင် ကြခြင်းတို့ဖြင့် ဆက်စပ်လျက်ရှိသည်ကို တွေ့ရ၏။ ကယား လူမျိုးတို့၏ မွေးဖွားချိန်၊ နားထွင်းချိန်၊ ကြောင်းလမ်းစေ့စပ်ချိန်၊ လက်ထပ်ချိန်၊ ကွယ်လွန်ချိန် ကဲ့သို့သော အရေးကြီးချိန်တိုင်း၌ လိုပင်၊ ရိုးရာအလိုက် ပသ စားသောက်ကြခြင်း ၊ လက်ဆောင်ပစ္စည်း ပေးကြခြင်း၊ အထူးသဖြင့် ကွယ်လွန်ချိန်တွင် နောက်ဆုံး အလေးပြုသော အားဖြင့် သေနတ်များ ပစ်ဖေါက်ခြင်း၊ မောင်များတီခြင်း စသည့်တို့ကို ပြုလုပ်ကြလေသည်။
ကယားတို့သည် လူနှင့်ငှက် အမျိုးအနွယ် ဖြစ်သာ ကိန္နရာ၊ ကိန္နရီတို့မှ ဆင်းသက် ပေါက်ဖွား လာသော လူမျိုးဖြစ်သည်ဟု ယုံကြည်ကြသည့်အတိုင်း ကိန္နရာ ကိန္နရီတို့ ပျော်မြူးရာ ဒေသဖြစ်သည့် ငွေတောင်ပြည်သို့ ရောက်ရှိရန် ဆုတောင်းကြသည်။ ပြည်နယ်၏ အလံတွင်လည်း ကိန္နရာပုံကို ထည့်သွင်းထားလေသည်။ ကွယ်လွန်သူ၏ ဦးခေါင်းကို လည်း ငွေတောင် ပြည်သို့ လှည့်၍ ထားကြသည်။
အမျိုးသား အမျိုးသမီး ဆက်ဆံရေးတွင် ကိုယ်ကျင့်တရားကို များစွာ အလေးဂရု ပြုကြသည်။ ဖေါက်ပြန်မှုသည် ကွာရှင်းရေး၏ အရေးကြီး အချက်တချက်ဖြစ်၏။ ဖေါက်ပြန်မှုကို ပြုလုပ်သူက လျော်ကြေးပေးရမည်
ဖြစ်၏။ သယောက်ထားသော အမျိုးသမီးများကို နားဖြတ်၍ အပြစ်ပေးလေ့ရှိ၏။ သို့ရာတွင် နားပြတ်နေသော အမျိုးသမီးများကို တွေ့ရခဲ၏။ သို့ဖြစ်၍ ကယားအမျိုးသမီးတို့မှာ သစ္စာရှိသော၊ ကိုယ်ကျင့်တရားကောင်းသော အမျိုးသမီး များ ဖြစ်သည်ဟု ဆိုစမှတ်ရှိကြသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ကို ကယားပြည်နယ်နေ့ဟုရွေးချယ်၍ ထိုနေ့ထူးနေ့မြတ်တွင်လည်း ကယားပြည်နယ် နာမကရဏ မင်္ဂလာပွဲတော်သစ်အဖြစ် နှစ်စဉ် ကျင်းပ လာခဲ့ကြလေသည်။
ကယားလူမျိုးတို့ ပြောဆိုသော ဘာသာစကားကို လေ့လာရှာဖွေပြီးဖြစ်ရကား၊ ထိုဘာသာ စကား၏ အခြေပြသဒ္ဒါ တစောင်ကို ကက်ပတိန် ဗရောင်း ဆိုသူက ၁၉၀၀ ပြည့်နှစ်တွင် ရေးထုတ်ခဲ့ပြီး ဖြစ်လေသည်။ ပြည်နယ်သား အချင်းချင်းပြောဆိုကြရာ၌ ကယားစကားကို သုံးကြသော်လည်း ရောင်းရေး၊ ဝယ်ရေး၊ အခြားလူမျိုးတို့နှင့် ဆက်ဆံရေးစသည့်တို့၌ ရှမ်း မြန်မာ ဝေါဟာရများကို သုံးနှုန်းကြ၏။ ရုံးသုံးစကားမှာ မူ ရှေးအစဉ်အဆက်ကပင် မြန်မာအက္ခရာ စာပေသက်သက် ကိုသာ သုံးစွဲခဲ့ကြလေသည်။
အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်း
ပြည်နယ်၏ အဓိကစီးပွားရေး လုပ်ငန်းမှာ သစ်လုပ်ငန်းဖြစ်ရာ ကယားလူမျိုးတို့သည် များသော အားဖြင့် သစ်ထုတ်လုပ်ရေး၊ သစ်တောထွက်ပစ္စည်းများ ဖြစ်သော ရှား ၊ချိပ်၊ သစ်စေး စသည့် ပစ္စည်းများ ထုတ်လုပ်ရေးတို့ဖြင့် အသက်မွေး ဝမ်းကျောင်းကြသူ များ ဖြစ်သည်။ ပြည်နယ်၏ အနောက်ပိုင်းဒေသ၌ မြေပြန့်တွင် လယ်ယာစိုက်ပျိုး လုပ်ကိုင် စားသောက် ကြသည်။ တူးမြောင်း တို့ဖြင့် ရေသွယ်ယူကာ စိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်း တို့ကိုလည်း ပြုလုပ်ကြသည်။ ငွေတောင်နယ်၌ ရက်လုပ်သော ငွေတောင်လွယ်အိတ်တို့မှာ ထင်ပေါ်လှသည်။
ကယားတို့မှာ မိမိတို့ဝတ်ဆင်ရန် ဝတ်စုံကို မိမိတို့ဖါသာ ရက်လုပ်ကြသူများ ဖြစ်သည်။ ကယားပြည်နယ်၏ ထူးခြားသော အထိမ်းအမှတ်ပစ္စည်း ဖြစ်သည့် ဖါးစည်ခေါ် ကြေးနက် စည်ကြီးများကိုလည်း ငွေတောင်နယ်၌ သွန်းလုပ်ခဲ့ကြ၏။ ယခုအခါတွင် နိုးကြားလာပြီးဖြစ်သာ ကယားပြည်နယ် အမျိုးသားများသည် နိုင်ငံတော်၏ လက်နက်ကိုင်တပ်များတွင် ဝင်ရောက် အမှုထမ်းလျက် ရှိသည်ကို တွေ့ရလေသည်။
အလှအပ အနုအယဉ် အဆန်းအကြယ် တို့ဖြင့် တန်ဆာဆင်ကာ ဖေါ်ပြသော ရှေး မြန်မာပျို့ ကဗျာ အချို့တို့တွင် ကယားပြည်နယ်ရှိ ငွေတောင်နယ်ကို အခြေခံထား၍ ဇာတ်ကွက် ဆင်ထားသည်ကို တွေ့ရပေသည်။ ရှေးအခါက ငွေတောင်နယ်ဒေသမှာ ယွန်းထိုးခြင်း၊ ရွှေဇဝါရေးခြင်း၊ မှန်စီရွှေချ၊ သစ်စေးသားရိုးကိုင်ခြင်း စသော အနုပညာ လက်မှုပညာများ ထွန်းကားခဲ့သည်။ ကယား အမျိုးသား အမျိုးသမီးတို့မှာ ခေတ်နှင့် ယင်ပေါင်းတန်း လိုက်နိုင်ရန် အထူးလုံးပန်း ကြိုးစားလျက်ရှိရာ၊ လူမျိုး၏ ပင်ရင်းယဉ်ကျေးမှု အချက်အလက် များဖြစ်သည့် ဝတ်စားဆင်ယင်မှု၊ ကိုးကွယ်ယုံကြည်မှု၊ စာပေတို့ကို ခေတ်မှီအောင် ပြုပြင် ပြောင်းလဲလျက်ရှိကြ၏။
မှတ်ချက်။ မြန်မာ့စွယ်စုံကျမ်း အတွဲ(၁)မှ ကောက်နုတ်ဖော်ပြပါသည်။