Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့သမိုင်းဝင် စစ်ပွဲများအကြောင်း မှတ်စုအချို့

by Thutamm
July 29, 2019
Reading Time: 1min read
0
ကမ္ဘာ့သမိုင်းဝင် စစ်ပွဲများအကြောင်း မှတ်စုအချို့
Share on FacebookShare on Twitter

အစောဆုံး စစ်လက်နက်

သစ်သားလှံ အကျိုးတစ်ခု ဖြစ်သည်။ ၁၉၁၁ ခုနှစ် ဧပြီလ အင်္ဂလန်ကျွန်း၊ အက်ဆက်ပြည်နယ်တွင် တွေ့ခဲ့သည်။ လှံကျိုးသက်တမ်းမှာ သိပ္ပံနည်းဖြင့်် စစ်ဆေးနိုင်သည့် သက်တမ်းထက်ပင် ကျော်လွန်နေသေးသည်ဟု ဆိုသည်။ ပညာရှင်များက ထိုလှံကျိုးကို ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂ သိန်းခန့်မှ စစ်လက်နက်တစ်ခု ဖြစ်သည်ဟု ခန့်မှန်းကြသည်။

အရှည်ကြာဆုံး စစ်ပွဲ

ကမ္ဘာသမိုင်းတွင် ဖြစ်ပွားသော စစ်ပွဲကြီးများအနက် ကာလအရှည်ကြာဆုံး စစ်ပွဲမှာ အင်္ဂလန်နှင့် ပြင်သစ်တို့ ဖြစ်ပွားခဲ့ကြသော နှစ်တရာစစ်ပွဲ ဖြစ်သည်။ သက္ကရာဇ် ၁၃၃၈ မှ ၁၄၅၃ ထိ ၁၁၅ နှစ်တိုင်တိုင် ဖြစ်ပွားခဲ့သည်။

ထို့အတူ ပြတ်တောင်း ပြတ်တောင်း ဖြစ်ပွားခဲ့သော ခရူးဆိတ်စစ်ပွဲမှာလည်း ပထမခရူးဆိတ်စစ်ပွဲ (၁၀၉၆-၁၁၀၄) မှ နဝမ ခရူးဆိတ်စစ်ပွဲ (၁၂၇၀-၁၂၉၁) အထိ သက်တမ်းအားဖြင့် ၁၆၅ နှစ် ကြာမြင့်ခဲ့သည်ဟု ဆိုနိုင်သည်။

အတိုဆုံး စစ်ပွဲ

ကမ္ဘာအတိုဆုံးစစ်ပွဲမှာ ဗြိတိန်နိုင်ငံနှင့် အာဖရိကတိုက်မှ ဇန်ဇီဘာ (ယခု တန်ဇန်နီးယားနိုင်ငံ၏ တစ်စိတ်တစ်ဒေသ) တို့ ဖြစ်ပွားသောစစ်ပွဲ ဖြစ်သည်။ ၁၈၉၆ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၂ မိနစ်မှ ၉ နာရီ ၄၀ မိနစ် အထိသာ ကြာသည်။

ဗြိတိသျှရေကြောင်းဗိုလ်ချူပ် ဟယ်ရီဟိုးဝပ်ရော်ဆင် ဦးစီးသော ဗြိတိသျှရေတပ်ဖွဲ့သည် ကိုယ့်ကိုယ်ကို ဘုရင်မြှောက်ပြီး နန်းတက်နေသော ဆူလတန်ဆစ်ခါလစ်ကို နန်းတော်မှထွက်၍ လက်နက်ချရန် ရာဇသံပေးသည်။ မလိုက်နာသောကြောင့် တပ်ဖွဲ့မှ ၃၈ မိနစ်ကြာ အမြှောက်များဖြင့် ပစ်ခတ်ပြီးသောအခါမှ လက်နက်ချသည်။

အသေအပျောက် အများဆုံး စစ်ပွဲ

စစ်အတွင်းသေဆုံးကြသော လူသားတို့၏ အရေအတွက်နှင့် တိုင်းတာမည်ဆိုလျှင် ကမ္ဘာပေါ်တွင် အသေအပျောက် အများဆုံး စစ်ပွဲမှာ ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း သေဆုံးကြရသော စစ်သည်နှင့် အရပ်သား စုစုပေါင်းမှာ ၅၆ သန်း ၄ သိန်း ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ ယင်းတို့အနက် ဆိုဗီယက်ပြည်ထောင်စု တစ်ခုတည်း၏ အသေအပျောက်မှာ ၂၆ သန်း ၆ သိန်း ရှိသည်ဟု ဆိုသည်။ တရုတ်နိုင်ငံသား ၇ သန်း ၈ သိန်း စစ်ပွဲအတွင်း အသတ်ခံခဲ့ရသည်။

လူဦးရေ အချိုးအစားအရ စစ်ဒဏ်အခံရဆုံး နိုင်ငံမှာ ပိုလန်နိုင်ငံ ဖြစ်သည်။ စစ်အတွင်း ပိုလန်လူမျိုး ၆၀၂၈၀၀၀ ခန့် သေဆုံးခဲ့ရာ ထိုပမာဏမှာ နိုင်ငံလူဦးရေ စုစုပေါင်းဖြစ်သော ၃၅၁၀၀၀၀၀၀ ၏ ၁၇.၂% ပင် ဖြစ်သည်။ ပထမကမ္ဘာစစ်အတွင်း တိုက်ပွဲတွင် ကျဆုံးသောဦးရေမှာ ကိုးသန်းကျော် (၉၇၀၀၀၀၀၀) ဦးသာရှိပြီး ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲတွင် ကျဆုံးသောဦးရေမှာ ၁၅ သန်းကျော် (၁၅၆၀၀၀၀၀) ဦးခန့် ရှိသည်။

အဆိုးရွားဆုံး ပြည်တွင်းစစ်

သမိုင်းစဉ်တွင် လူအသေအပျောက် အများဆုံး ပြည်တွင်းစစ်မှာ တရုတ်ပြည်တွင် မန်ချူးအစိုးရလက်ထက် ၁၈၅၁ ခုနှစ်မှ ၁၈၆၄ ခုနှစ်အထိ ဖြစ်ပွားခဲ့သော တိုင်ပင်သူပုန်ထသမျှ ဖြစ်သည်။ ထိုကာလအတွင်း သေဆုံးသူ စုစုပေါင်းမှာ သန်း ၂၀ မှ သန်း ၃၀ ခန့် အတွင်းရှိမည်ဟု ခန့်မှန်းထားကြသည်။

စရိတ်အကြီးဆုံး စစ်ပွဲ

ဒုတိယကမ္ဘာစစ်ကြီး၏ ကုန်ကျစရိတ်မှာ ကမ္ဘာပေါ်တွင်ဖြစ်ပြီးသမျှ စစ်ပွဲအားလုံး ကုန်ကျစရိတ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၆ ထရီလီယံ(သန်းပေါင်း ၁၅၀၀၀၀၀၀) ရှိမည်ဟု သိရသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စု၏ ကုန်ကျစရိတ်မှာ ဒေါ်လာသန်းပေါင်း ၂၈၀၀၀၀ ရှိပြီး အမေရိကန်ပြည်ထောင်စု၏ ကုန်ကျစရိတ်မှာ သန်းပေါင်း ၅၃၀၀၀၀ ရှိသည်ဟု ခန့်မှန်းသည်။

သွေးချောင်းအစီးဆုံး တိုက်ပွဲ

သမိုင်းစဉ်တွင် စစ်သည်အသေအပျောက် အများဆုံး တိုက်ပွဲမှာ ပထမကမ္ဘာစစ်အတွင်း ၁၉၁၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ နိုဝင်ဘာလ (၁၉) ရက်နေ့အထိ ဖြစ်ပွားခဲ့သော “ဆွမ်း” တိုက်ပွဲ ဖြစ်သည်။ ထိုတိုက်ပွဲတွင် နှစ်ဦးနှစ်ဘက် ကျဆုံးသူပေါင်း (၁)သန်းကျော် (၁၀၄၃၈၉၆) ရှိသည်။ မဟာမိတ်တို့ဘက်မှ ကျဆုံးသူဦးရေ ၆၂၃၉၀၇ ဦးရှိပြီး ဂျာမနီဘက်မှ ကျဆုံးသူဦးရေ ၄၁၉၉၈၉ ဦး ရှိသည်ဟု ဆိုသည်။

အရပ်သားများ အပါအဝင် လူအသေအပျောက် အများဆုံး တိုက်ပွဲမှာ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သော “စတာလင်ဂရက်” တိုက်ပွဲ ဖြစ်သည်။ ထိုတိုက်ပွဲတွင် နှစ်ဦးနှစ်ဘက် ကျဆုံးသူ စုစုပေါင်း တသန်းသုံးသိန်း ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ ဂျာမန်ဗိုလ်ချူပ်ကြီး ဖီးမာရှယ် “ဖရက်ဒရစ်ဖွန် ပါလပ်” က ၁၉၄၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် လက်နက်ချခြင်းဖြင့် ထိုတိုက်ပွဲ ပြီးဆုံးခဲ့သည်။

အကြီးဆုံး ရေကြောင်းတိုက်ပွဲ

သမိုင်းစဉ်တွင် သင်္ဘောနှင့်လေယာဉ် အရေအတွက် အများဆုံး ပါဝင်တိုက်ခိုက်ခဲ့သော ရေကြောင်းတိုက်ပွဲမှာ ဖိလစ်ပိုင် ကျွန်းစုအနီး ဖြစ်ပွားခဲ့သည့် ဓလတီပင်လယ်ကွေ့ တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင် စစ်သင်္ဘော ၂၃၁ စီးနှင့်လေယာဉ် ၁၉၉၆ စင်းတို့ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၇ ရက်ထိ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ထိုတိုက်ပွဲကြီးတွင် မဟာမိတ်စစ်သင်္ဘော ၁၆၆ စီး ၊ စစ်လေယာဉ် ၁၂၈၀ စင်းတို့နှင့် ဂျပန်စစ်သင်္ဘော ၆၅ စီး ၊ စစ်လေယာဉ် ၇၁၆ စင်းတို့ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။ ဂျပန်စစ်သင်္ဘော ၂၆ စင်းနှင့် အမေရိကန် စစ်သင်္ဘော ၆ စင်း နစ်မြုပ်ခဲ့သည်။

ပထမကမ္ဘာစစ်အတွင်း ၁၉၁၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ဗြိတိသျှစစ်သင်္ဘော ၁၅၀ စီးနှင့် ဂျာမန်စစ်သင်္ဘော ၁၀၁ စီးတို့သည် ဂျူလင်းရေကြောင်း တိုက်ပွဲကြီးတွင် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲကြီးတွင် ဗြိတိသျှစစ်သင်္ဘော ၁၄ စီးနှင့် စစ်သည် ၆၀၉၇ ဦး ဆုံးရှုံးခဲ့ပြီး ဂျာမန်ဘက်မှ စစ်သင်္ဘော ၁၁ စီးနှင့် စစ်သည် ၁၅၄၅ ဦး ဆုံးရှုံးခဲ့သည်။

 

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ပြင်သစ် “နော်မန်ဒီ” ကမ်းရိုးတန်းတလျှောက် ထိုးစစ်ဆင်ခဲ့သော မဟာမိတ်တို့၏ ကြည်း ၊ ရေ ၊ လေ စစ်ဆင်မှုသည် သမိုင်းတွင် အကြီးဆုံး ရေကြောင်းချီ စစ်ဆင်မှု ဖြစ်သည်။ ပထမ သုံးရက်အတွင်း သင်္ဘော ၇၄၅ စီးသည် သင်္ဘောအုပ်စုအဖြစ် ဖွဲ့စည်းပြီး ကမ်းထိုးယာဉ် ၄၀၆၆ စီး၏ အကူအညီဖြင့် စစ်သည်ပေါင်း ၁၈၅၀၀၀ ဦးနှင့် ယာဉ်ပေါင်း ၂၀၀၀၀ ကို သယ်ယူ ပို့ဆောင်ပေးခဲ့သည်။

ထိုးစစ်ဆင်မှုတွင်လေထီးစစ်သည် ၁၈၀၀၀ ကို လေယာဉ် ၁၀၈၇ စင်းမှ ချပေးခဲ့သည်။ တပ်မ ၄၂ ခုကို လေကြောင်းမှ လေယာဉ် ၁၃၁၇၅ စင်းဖြင့် အကူအညီပေးခဲ့သည်။ တစ်လအတွင်း စစ်သည် ၁၁၆၀၀၀၀ ၊ စစ်ယာဉ်ပေါင်း ၂၀၀၀၀၀ နှင့် လက်နက်ပစ္စည်း တန်ချိန် ၈၄၀၀၀၀ ကို ဥရောပကမ်းခြေသို့ အရောက် ပို့ဆောင်ပေးနိုင်ခဲ့သည်။

အကြီးဆုံး လေကြောင်းချီ စစ်ဆင်မှု

အကြီးဆုံး လေကြောင်းချီ စစ်ဆင်မှုမှာ ၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် နယ်သာလန်နိုင်ငံ အင်ဟမ်အနီး ၊ အင်္ဂလိပ်နှင့် အမေရိကန်တပ်မ ၃ ခု (စစ်သည်၃၄၀၀၀) ကို လေယာဉ်အစီး ၂၈၀၀၊ စက်မဲ့လေယာဉ် ၁၆၀၀ တို့ဖြင့် လေကြောင်းမှ ပေးပို့တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။

အကြီးဆုံး ဆုတ်ခွာမှု

သမိုင်းစဉ်တွင် အကြီးဆုံး ဆုတ်ခွာမှုမှာ ၁၉၄၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အတွင်း ပြင်သစ်နိုင်ငံ “ဒန်းကပ်” မှ အင်္ဂလန်ကျွန်းသို့ ဗြိတိသျှနှင့် ပြင်သစ်စစ်သည် ၃၃၈၂၂၆ ဦးတို့ ပြန်လည်ဆုတ်ခွာမှု ဖြစ်သည်။ ထိုသို့ဆုတ်ခွာရာတွင် အရပ်ဘက်နှင့် စစ်ဘက်ရေယာဉ်ပေါင်း ၁၂၀၀ တို့က သယ်ယူပို့ဆောင်ပေးခဲ့ရသည်။

အဆိုးရွားဆုံး ပိတ်ဆို့မှု

သမိုင်းစဉ်တွင် အဆိုးရွားဆုံး ဝိုင်းဝန်းပိတ်ဆို့မှုမှာ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုရှိ လီနင်ဂရက်မြို.ကို ဂျာမန်တပ်များက ရက်ပေါင်း ၈၈ ရက်ကြာ ဝိုင်းဝန်းပိတ်ဆို့ထားမှု ဖြစ်သည်။

ဂျာမန်တပ်များသည် ၁၉၄၁ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့မှ ၁၉၄၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့အထိ ပိတ်ဆို့ထားရာ လီနင်ဂရက်မြို့ အတွင်းရှိ စစ်သည်များနှင့် အရပ်သား စုစုပေါင်း ၁.၃ သန်းမှ ၁.၅ သန်းအထိ သေဆုံးခဲ့ကြသည်ဟု သိရသည်။

ခရီးအဝေးဆုံး သွားရောက်တိုက်ခိုက်မှု

လေကြောင်းစစ်သမိုင်းတွင် ခရီးအဝေးဆုံး သွားရောက်တိုက်ခိုက်မှုမှာ ဖော့ကလန် စစ်ပွဲအတွင်းက ဖြစ်သည်။ ထိုစစ်ပွဲတွင် ဗြိတိသျှလေတပ်မှ ဗော်လကန် အမျိုးအစား ဗုံးကြဲလေယာဉ်တစ်စင်းသည် အက်ဆက်ရှင်းကျွန်းမှ ဖော့ကလန်ကျွန်းရှိ ပို့စတင်လီမြို့သို့ သွားရောက်ဗုံးကြဲ တိုက်ခိုက်ခြင်း ဖြစ်သည်။ ထိုခရီးမှာ အသွားအပြန် မိုင် ၈၀၀၀ ကျော် ကွာဝေးသည်။

Guinness Book of World Records စာအုပ်မှ War ကို
မောင်ဝင်းဟန်က ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။
(၁၉၈၆ ခုနှစ် ဧပြီလ၊ သုတပဒေသာစာစောင် အတွဲ ၁၃၊ အမှတ် ၂)

Tags: militaryworld history

Related Posts

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

History

အသားအဝါရောင်ပြောင်းခဲ့ရတဲ့ မိန်းကလေးများ

ကနေရီ မိန်းကလေးများ Canary Girls ဆိုတာကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်တပ်မတော်အတွက် လက်နက်ခဲယမ်း တွေထုတ်လုပ်ပေးရတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ Canary ငှက်ဆိုတာ အဝါရောင်ငှက်ဖြစ်တာကြောင့် Canary Girls ဟာ အဝါရောင်အမျိုးသမီးများလို့ အဓိပ္ပါယ်ရမှာဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေဟာဆိုရင်...

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ
History

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ

နည်းပညာ တိုးတက်ပြောင်းလဲမှုတွေဟာ တနှစ်ထက်တနှစ် အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ပြောင်းလဲလျက်ရှိပါတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေကို မဆိုထားနဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုအချိန်နဲ့ဟာ လုံး၀ ပြောင်းလဲသွားပါပြီ။ လွန်ခဲ့တဲ့...

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ
History

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ

ရေးသားသူ - ဘိက္ခု ကေသရ ပုဂံခေတ်ဦးပိုင်းတွင် ထင်ရှားသော ပိဋကတ်တိုက် (၂) လုံးရှိသည် ဟု ဆိုကြပေသည်။ ပထမ ပိဋကတ်တိုက်မှာ ပုဂံ မြို့ တံတိုင်းအတွင်း မှ အနော်ရထာမင်း၏ ပိဋကတ်တိုက်ဖြစ်၍ ဒုတိယ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!