ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)
ဒုတိကမ္ဘာစစ်ကြီးအတွင်းလွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်ခဲ့သော လမ်းမကြီး နှစ်ခုသည် ကမ္ဘာကျော်စစ်သုံးအဝေးပြေးလမ်းမကြီးများအဖြစ် ယနေ့တိုင်ထင်ရှားစွာ ရပ်တည်လျက်ရှိပေသည်။ တစ်ခုသော လမ်းမှာ မြန်မာလမ်းမကြီးဟု ထင်ရှားကျော်ကြားသည့် (Burma Road) အဝေးပြေးလမ်းမကြီးဖြစ်ပြီးမြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတို့ကို သွယ်တန်းလျက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ံ ကူမင်းနှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်လားရှိုးမြို့တို့ကို ဆက်သွယ်ထားသည်။ ယင်းလမ်းမကြီးကို မြန်မာနိုင်ငံအား ဂျပန်တို့သိမ်းပိုက်ထားခဲ့စဉ်အချိန်က ဖောက်လုပ်ခဲ့သည်။
ဒုတိယလမ်းမှာ လီဒိုလမ်းမကြီးဟု ထင်ရှားပြီး အိန္ဒိယနိုင်ငံ အာသံပြည်နယ်နှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်တို့ကို မြန်မာ နိုင်ငံ ကချင်ပြည်နယ် ရှင်ဘွေယန်၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့များကို ဖြတ်သန်းဖောက်လုပ်ထားသည်။ အဆိုပါ လမ်းမကြီးများကို ယခုအခါတွင် အသုံးပြုခြင်းမရှိတော့သော်လည်းဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သော ဗျူဟာမြောက် လမ်းမကြီး များအဖြစ် သမိုင်းတွင်ရစ်ခဲ့ပေသည်။ မြန်မာလမ်းမ (Burma Road) သည် ၇၁၇ မိုင်ခန့်ရှည်လျားကာ ကြမ်းတမ်းသော တောင်စွယ်တောင်တန်းများကို ဖြတ် သန်းဖောက်လုပ်ထားသည်။ကူမင်းနှင့် မြန်မာနိုင်ငံနယ်စပ် လမ်းဖြတ်ပိုင်းကို ဒုတိယ တရုတ် ဂျပန်စစ်ပွဲ ကာလ အတွင်း ၁၉၃၇ ခုနှစ်တွင် ၊မြန်မာ၊ တရုတ် လုပ်သားအင်အား နှစ်သိန်းကျော်ဖြင့် စတင်ဖောက်လုပ်ခဲ့ကာ ၁၉၃၈ ခုနှစ်တွင်ပြီးစီးခဲ့သည်။
ဒုတိယ ကမ္ဘာစစ်အတွင်း ဗြိတိသျှတို့က တရုတ်နိုင်ငံသို့ စစ်ဘက်ထောက်ပံ့ရေးပစ္စည်းများကို ပို့ရာတွင် အဓိက အသုံးပြုခဲ့သည့် လမ်း တစ်ခုဖြစ်သည်။ ဂျပန်နှင့် ဗြိတိသျှတို့ စစ်မဖြစ်မီက ဗြိတိသျှတို့သည် မြန်မာလမ်းမကြီးကို အသုံးပြုကာတရုတ်နိုင်ငံသို့ ထောက်ပံ့ ရေးပစ္စည်းများ ပေးပို့ခဲ့ ရာတွင် ရန်ကုန်မှ လားရှိုးသို့ ထောက်ပံ့ရေးပစ္စည်းများကို ရထားဖြင့် သယ်ယူခဲ့ပြီး မြန်မာ လမ်းမကြီးမှ တစ်ဆင့် တရုတ်သို့ ပို့ဆောင်ပေးခဲ့သည်။ မဟာမိတ် တပ်များက ဂျပန်ကို ခုခံတိုက်ခိုက်နေသော ကူမင်တန် တရုတ်တပ်များ ထံသို့ မြန်မာလမ်းမကြီးကို အသုံးပြုကာ လက်နက် များ၊ ရိက္ခာများပေးပို့ခဲ့ခြင်းဖြစ်ပြီး ၁၉၄၂ ခုနှစ် တွင် ဂျပန် တို့က မြန်မာ ပြည် ကို သိမ်းပိုက် လိုက်သောအခါတွင် လားရှိုး မြို့ မှ ကူမင်းမြို့အထိဖောက်လုပ်ထားသော မြန်မာလမ်းမ ကို ဂျပန်တို့က မဟာ မိတ်တပ်များဆက်လက် အသုံးမပြုနိုင်ရန် ဖြတ်တောက် လိုက်ကြသည်။
မြန်မာလမ်းမ လမ်းကြောင်း ပိတ်သွားချိန်တွင် မဟာမိတ်တို့အနေဖြင့်ကူမင်တန် တပ်များထံ အထောက် အပံ့များ ဆက်လက် ပေးပို့နိုင်ရန် လမ်းကြောင်းအသစ် တစ်ခု အလျင်အမြန်လိုအပ်လာခဲ့ပေသည်။ လမ်းအသစ်မရရှိသေးမီ ဗြိတိသျှ တို့သည် အမေရိကန် လေယာဉ် များဖြင့် အိန္ဒိယ မှတစ်ဆင့် ကချင် ပြည်နယ် မြောက်ဖျားပိုင်း ဒေသ၊ဆွမ်ဘရာဘွမ် အထက် ပိုင်း ကို ဖြတ်သန်း ကာ ကူမင်း သို့ စစ်လက်နက် ၊ ရိက္ခာများကို ဆက်လက် ပေးပို့ခဲ့ရသည်။
မြင့်မားသော ဟိမဝန္တာ တောင်တန်းများ၏ ကြမ်းတမ်းသော ရာသီဥတု များကြောင့် အိန္ဒိယ မြန်မာ တရုတ် လေယာဉ် လမ်းကြောင်းသည် အလွန် အန္တရာယ် ကြီးမားခဲ့ ပြီး ပိုင်းလော့ များက The Hump ဟု ခေါ်ခဲ့ကြသည်။ ၁၉၄၂ – ၄၅ ခုနှစ် အတွင်း အမေရိကန် လေယာဉ် (၄၆) စင်း ပျက်ကျ ခဲ့ပြီး၊ စစ်သား (၇၉၂) ဦး အသက် ဆုံးရှုံး ခဲ့ရသည်။ထို့ကြောင့်ဗြိတိသျှတို့ သည် အမေရိကန်တို့ အကြံပြုသည့်အတိုင်း လီဒို လမ်းမကြီးကိုဖောက်လုပ်ခဲ့ခြင်းဖြစ်ပေသည်။လီဒို လမ်းမကြီးသည် အာသံပြည်နယ် လီဒိုနှင့် မြန်မာနိုင်ငံ မြစ်ကြီးနား ကို ဆက်သွယ်ကာ မြန်မာလမ်းမကြီးနှင့် ဝမ်ဒင်ဇမ် တွင် ပေါင်းဆုံထားသည်။
၁၉၄၅ ခုနှစ် မေ (၂၀) ရက်နေ့ တွင် လီဒို လမ်းကို တရားဝင် ဖွင့်လှစ် ခဲ့သည်။ လီဒိုလမ်းမကြီးပေါ်မှ ပထမဆုံး ဖြတ်သန်း မောင်းနှင်လာသော ထရပ်ကားသည် တရုတ် ရှေ့တန်းနယ်မြေသို့ ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရောက်ရှိ ခဲ့သည်။ လီဒို လမ်းပြီးစီးပြီး နောက် ပထမ ဆုံး ထောက်ပံ့ ယာဉ်တန်း (၁၁၃) စင်းသည် လီဒို မြို့မှ ၁၉၄၅ ခုနှစ် ဇန်နဝါရီ (၁၂) ရက် က စတင် ထွက်ခွာ လာခဲ့ကာတရုတ် ပြည် ကူမင်း မြို့သို့ဖေဖေါ်ဝါရီ (၄) ရက်နေ့တွင် ရောက်ရှိခဲ့ကြသည်။ လီဒို လမ်းမ ကြီး ကို ဖောက် လုပ်နိုင်ခဲ့သည့်အတွက် အနောက်ဘက် မဟာမိတ်နိုင်ငံများသည် တရုတ်ပြည်သို့ ထောက်ပံ့ရေး ပစ္စည်းများကိုပေးပို့ နိုင်ခဲ့ရာ လီဒိုလမ်း ကို အသုံးပြု ပြီး (၆) လ အတွင်း အထောက်ပံ့နှင့်ရိက္ခာ တန်ချိန် (၇၁၀၀၀) ကို တရုတ်ပြည် သို့ ပို့ဆောင် နိုင်ခဲ့ သည်။
၁၉၄၅ ခုနှစ်တွင် တရုတ်ခေါင်းဆောင် ချန်ကေရှိတ်၏ တောင်းဆိုချက်အတိုင်း လီဒိုလမ်းမကြီး ကို ဦးစီး ဖောက်လုပ် ခဲ့သူ အမေရိကန် ကြည်းတပ်ဗိုလ်ချုပ်ကြီး စတီးဝဲလ်ကို ဂုဏ်ပြုသော အားဖြင့် စတီးဝဲလ် လမ်းဟု အမည် ပြောင်းလဲ ခဲ့သည်။ မဟာဗျုဟာကျသော လီဒိုလမ်းမကြီးကို ဒုတိယ ကမ္ဘာစစ်အတွင်း တည်ဆောက်ခဲ့ရာတွင်လူပေါင်း ၆၃၀၀၀ နှင့် ငွေကြေး အမေရိကန်ဒေါ်လာ ၁၄၈ သန်း သုံးစွဲခဲ့သည်။ လမ်းမကြီး ကိုဖောက်လုပ်ခဲ့သောအမေရိကန်အင် ဂျင်နီယာများသည် သားရဲ တိရိစ္ဆာန် များ၊ ငှက်ဖျားရောဂါ၊ ရွံ့နွံအိုင်များပြည့်နှက်နေသောတောနက်ကြီးများကို ရင်ဆိုင် ကျော်လွှားခဲ့ရသည်။ အင်ဂျင်နီယာ များက အိန္ဒိယနိုင်ငံနယ် စပ်အနီး လီဒိုမြို့မှ ဟူးကောင်းတောင်ကြားမှ ပန်ဆောင်တောင်ကြားကို ဖြတ်ကာဗန်းမော်မှ တစ်ဆင့် တရုတ်နိုင်ငံဝမ်တိန်နှင့် ကူမင်းသို့ဖောက်လုပ်ခဲ့ကြသည်။
အမေရိကန်တို့သည် အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံသား များနှင့် မြန်မာ နိုင်ငံမှ နာဂ၊ ကချင်၊ ရှမ်းတိုင်းရင်းသားများ၊ တရုတ်အလုပ် သမားများ စုစုပေါင်း အင်အား ၂၅ဝဝဝ ဖြင့် မိုင်တစ်ထောင်ကျော် အရှည် ရှိသော လမ်းမကြီးကို၂နှစ်ကြာ ဖောက်လုပ်ခဲ့ရသည်။ ၁၉၄၃ ခုနှစ်မှ အစပြုဖောက်လုပ်ခဲ့သော ထိုလမ်းမကြီးမှာ ၁၉၄၅ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။ လီဒိုလမ်းမကြီးကိုတရုတ်၊အိန္ဒိယ၊ဗြိတိသျှ တပ်များ စစ်လက်နက်၊ရိက္ခာသယ်ယူပို့ ဆောင်ရေးအတွက် အသုံးပြုခဲ့ကြပြီး လီဒိုလမ်းမ တည်ဆောက်စဉ်အမေရိကန်စစ်သား ၁၁၀၀ကျော် နှင့် ထောင်ပေါင်းများစွာသော ဒေသခံတို့သေဆုံးခဲ့ကြသည်။ မဟာမိတ်တို့၏ စစ်ဗျုဟာအရ ဖောက်ခဲ့သောလမ်းဖြစ်သောကြောင့် ဗိုလ်ချုပ်ကြီး စတီးဝဲလ်နှင့် စစ်အင်ဂျင်နီယာများ ခက်ခက် ခဲခဲ ဖောက်ခဲ့ကြရသည်။
စစ်တိုက်ရင်း ခက်ခဲစွာ ဖောက်ခဲ့ရသောလမ်းဖြစ်သောကြောင့် လီဒိုလမ်းမကြီးကို စစ်တိုက်ရင်းလမ်းဖောက်၊ လမ်းဖောက်ရင်းစစ်တိုက်ဖြင့် တစ်နေ့၁ မိုင်မျှပြီးစီးရန်အထူး ကြိုးပမ်းဖောက်လုပ်ခဲ့ကြရသည်။ ဖျားနာ ရင်းသေကြ၊ စစ်တိုက်ရင်း ကျဆုံးကြ ဖြင့့်် တော တောင်ထူထပ်ပြီး မတ်စောက်သော တောင်တန်းနှင့် ချောက်ကမ်းပါးတို့အကြား အသက်သွေးချွေးများရင်း ကာ ဖောက်ခဲ့ရသဖြင့် လီဒိုလမ်းမကြီးသည် သမိုင်းတွင် ထင်ရှားခဲ့သည်။ လီဒိုလမ်းမကြီးကို အချို့နေရာများတွင် ချောင်းရိုးတစ်လျှောက် တောင်နံရံဘေးတွင် ဖြတ်ဖောက်ထားသဖြင့် စစ်ယာဉ် တန်းများ ရေဖြည့်ရန် လွယ်ကူ၏။ ယခင်က လမ်းတစ်လျှောက်တွင် အရေးပေါ်စက်သုံးဆီ အလွယ်တကူဖြည့်ရန် သံပိုက်လိုင်းများ တောက်လျှောက်သွယ်တန်းခဲ့သည်။ နောက်ပိုင်း တွင် အဆိုပါ သံပိုက်လုံးများပျက်စီး ကုန်သော်လည်း နာဂရိုးရာအိမ်အချို့တွင် အိမ်တိုင်ပြုလုပ်ထားသည်ကိုလည်း တွေနိုင်ပါသည်။
လီဒို လမ်းမကိုဖောက်လုပ်ခဲ့သော နေရာများသည် အမြဲစိမ့်အေးနေပြီး အဖိုးတန်သစ် ပေါက်ရောက်ခြင်းမရှိသောကြိုးပြင်သစ်တောများလည်းဖြစ်ပေသည်။ ကချင်ပြည်နယ် တနိုင်းမှရှင်ဘွေယန် အထိ ကားလမ်းသည် အတက်အဆင်းအချို့နှင့်ချောင်းအချို့ရှိသော်လည်း လမ်းမှာ လွန်စွာဖြောင့်ဖြူးနေသည်။ မဟာမိတ်များက လေယာဉ်ဖြင့်လမ်းအူကြောင်းရှာရာတွင်လေယာဉ်ပေါ်မှ လောင်စာဆီများသွန်ချပြီး မီးရှို့လိုက်ခြင်းဖြင့် အူကြောင်းဖော်ခဲ့ကြသည်။ထိုနေရာသည် ကြိမ်ဝါးများသာ အများဆုံးပေါက်ရှိနေသဖြင့်လမ်းက ဖြူးနေပေသည်။ လီဒိုလမ်းမ၏ မတ်စောက်သောအတက်လမ်းသည် ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဘွေယန်မှ စတင်သည်။ရှင်ဘွေယန်မှ (၁၈) မိုင် စခန်း အထိ အတက်ချည်းသာ ဖြစ်သဖြင့် ကုန်တင်ယာဉ်၊ရိက္ခာပို့ယာဉ်တန်းများ ငယ်သံပါအောင် အသံမြည်ကာ တက်ကြ ရသည်။
ထိုအချိန်သည် ဂျပန်တို့အင်အား ကောင်း နေပြီး မြန်မာ ပြည် မှ ဗြိတိသျှ တို့ဆုတ်ခွာ နေရချိန် ဖြစ်သောကြောင့် ထောက်ပံ့ ရေး လမ်းကြောင်း တစ်ခုတည်ဆောက် ရန် အမေရိကန် ဗိုလ်ချုပ် ကြီး General Joseph Stilwell ဦးဆောင်မှုဖြင့် SOS (Service of Supply) အဖွဲ့ ဖွဲ့စည်းပြီး အိန္ဒိယ နိုင်ငံ လီဒို မြို့မှမြန်မာ ပြည်မြောက်ပိုင်း ကို ကျော်ဖြတ် ကာ တရုတ် ပြည် ကူမင်း အထိ လမ်းတစ်ခု ဖောက်လုပ်ရန်စီစဉ် ခဲ့ကြသည်။ လီဒို မြို့ကို ရွှေးချယ် ရခြင်းမှာ လီဒို မြို့သည် ကာလကတ္တား မှလာသော မြောက်ဘက် ရထား လမ်းဆုံး မြို့နှင့် နီးစပ် နေပြီး မြန်မာ ပြည် မြောက်ဖျား ပိုင်းမှ တောင်ပတ် လမ်း တစ်ခု၏အဆုံး နှင့်လည်း နီးကပ် နေခြင်းကြောင့် ဖြစ်ပေသည်။
အိန္ဒိယ နိုင်ငံ မြောက်ပိုင်း အာသံ ပြည်နယ် လီဒို မြို့လေးမှ စတင် ဖောက်လုပ် ထားခြင်းကြောင့် “လီဒို လမ်း” ခေါ်ဝေါ် ခဲ့ကြသည်။ လီဒို လမ်း သည်(၁၀၇၉) မိုင် ရှည်လျား ပြီး မြန်မာတရုတ် နယ်စပ် အနီး မုံးယု နှင့်မြန်မာနိုင်ငံ မူဆယ်အနီး တွင် မြန်မာလမ်းမကြီး နှင့် ပြန်ဆုံမိကြသည်။လီဒို လမ်း သည်အိန္ဒိယ ပြည် အတွင်း လီဒို၊ နှင့် နမ်ပေါင်း မြို့များ ကို ဖြတ်သန်း ပြီး၊ ကချင် ပြည်နယ် မှာ ရှင်ဘွေယန်၊ နမ္မတီး၊ မြစ်ကြီးနား၊ ဗန်းမော် နှင့် ရှမ်း ပြည်နယ်မှ နမ်းခမ်း နှင့်မုံးယု မြို့များကို ဖြတ်သွားသည်။ လီဒိုလမ်း ကို ၁၉၄၂ ခုနှစ် ဒီဇင်ဘာ (၁၆) ရက်တွင် စတင် ဖောက်လုပ်ပြီး ၁၉၄၅ ခုနှစ် ဇန်နဝါရီ လတွင် ပြီးဆုံး ခဲ့သည်။လီဒို လမ်း ကို ဗိုလ်ချုပ်ကြီးစတီးဝဲလ် နှင့် စစ်အင်ဂျင်နီယာ ဗိုလ်မှုးကြီး လူးဝစ်စ် အေ ပစ် တို့က ဦးစီးကြီးကြပ်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပေသည်။
ဒုတိယ ကမ္ဘာစစ် အတွင်း စစ် အင်ဂျင်နီယာ တပ်ကို ပေးအပ် ခဲ့သော အခက်ခဲ ဆုံးသော တာဝန် တစ်ရပ်ဟု ဗိုလ်မှူးကြီး ပစ် က မှတ်ချက်ချ ခဲ့သည်။ အမေရိကန် အင်ဂျင်နီယာ တပ်သား များက လီဒို လမ်း ကို “Pick’s Pike” ဟုခေါ် ခဲ့ကြသည်။ ပထမဆုံး လမ်းပိုင်း (၁၀၃) မိုင် အရှည်ကို အိန္ဒိယ ပြည် လီဒို မြို့မှ စတင် ခဲ့ပြီး အိန္ဒိယ ကချင် ပြည်နယ် နယ်စပ် မှ တောတောင် ထူထပ် ပြီး ကြမ်းတမ်း မြင့်မား သောပန်ဆောင် တောင်ကြား ကို ဖြတ်ကျော် ခဲ့ရာ အချို့ နေရာ များသည် အမြင့်ပေ (၄၆၀၀) အထိ ရှိသည်။အူရောင်ငန်းဖျား၊ တုပ်ကွေး၊ ဌက်ဖျား ရောဂါများ ထူထပ် ပြီး မိုးရေချိန်များသည့် ပန်ဆောင် တောင်ကြား သည် ခက်ခဲ ကြမ်းတမ်း လွန်းသည့် အတွက် စစ် အတွင်းက “Hell Pass” ဟုပင်နာမည် တွင် ခဲ့သည်။ လမ်းဖောက်လုပ်ရန် ရှင်ဘွေယန် မြို့သို့ ပထမ ဆုံး မြေတူး စက် ရောက်ရှိခဲ့သောနေ့သည် ၁၉၄၂ ခု ဒီဇင်ဘာ (၂၇) ရက် ဖြစ် သည်။
ထိုလမ်းပိုင်းသည် အင်အား ကြီး မားသောအမှတ် (၁၈) ဂျပန် တပ်ကို ခုခံ တိုက်ခိုက် နေသည့် ချန်ကေရှိတ် တရုတ် စစ်သားများ အတွက် ထောက်ပံ့ ပစ္စည်းများပေး ပို့ရန်အသုံးဝင် ခဲ့သည်။ ဂျပန် တပ်များတောင်ဖက် သို့ ဆုတ်ခွာ သွားချိန်တွင် ရှင်ဘွေယန် တွင ်လီဒိုလမ်း ကို ဆက်လက် ဖောက်လုပ် ရန် လွယ်ကူ သွားခဲ့သည်။ ဂျပန်များဖောက်ထားသည့် လမ်းကြောင်း ကို လိုက်ပြီး ဆက်လက် ဖောက်လုပ် ခဲ့ကာ ထောက်ပံ့ ယာဉ်များ သုံးရန် (၄) လက်မ ပတ်လည်ရှိ ဓာတ်ဆီ ပိုက်လိုင်း နှစ်လိုင်းမှ လေးလိုင်း အထိ လမ်းကြောင်း တစ်လျှောက် ချထား ပေးခဲ့သည်။ လီဒို ရှင်ဘွေယန် (၁၀၃ မိုင်) လမ်းပိုင်း ပြီးစီးပြီးနောက် မြစ်ကြီးနား၊ ဗန်းမော် အထိ (၃၇၂ မိုင်)၊ ရှမ်း ပြည်နယ် နမ်းခမ်း၊ မြန်မာလမ်းမ လမ်းဆုံ မုံးယု မြို့ အထိ စုစု ပေါင်း (၄၆၅) မိုင် ဖောက်လုပ် ခဲ့သည်။ လီဒို လမ်း ဖောက်လုပ် ရာ မှာ စုစုပေါင်း မြစ်ချောင်း (၁၀) ခု နှင့် ချောင်းငယ်(၁၅၅) ခုကို ဖြတ်သန်း ခဲ့ရပြီး ပျမ်းမျှ (၂.၈ ) မိုင်တိုင် တွင် တံတား တစ်ခု ဆောက်ခဲ့ ရသည်။
၁၉၄၅ ခုနှစ် မတ် (၇) ရက်တွင် မဟာမိတ် တပ်ဖွဲ့ များက လားရှိုး မြို့ကို ဂျပန် လက်ထဲက တဆင့် ပြန်သိမ်း ယူခဲ့သည်။ မတ် (၂၀) ရက်တွင်မန္တလေး မြို့၊ မေ (၃) ရက်တွင် ရန်ကုန် မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်။သြဂုတ် (၆) ရက်နေ့ တွင် အမေရိကန်က ဂျပန် နိုင်ငံ ဟီရိုရှီးမား မြို့ကို ပထမ ဆုံးသော အနုမြူ ဗုံးကြဲ ချပြီး၊ (၉) ရက်နေ့ တွင် နာဂါစကီ မြို့ပေါ်ကို အနုမြူ ဗုံး နောက်ထပ် တစ်လုံး ချ အပြီး သြဂုတ် (၁၅) ရက်နေ့ တွင် ဂျပန် တို့ လက်နက် ချ ခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာ လ (၂) ရက်နေ့ တွင်အမေရိကန် စစ်သင်္ဘော USS Missouri ပေါ်တွင် ဂျပန် က တရားဝင် လက်နက် ချကြောင်း လက်မှတ် ရေးထိုး ခဲ့ပြီး ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခဲ့သည်။
လီဒိုလမ်းမကြီးကို ၁၀ လ ခန့်မျှသာ အသုံးပြုခဲ့ပြီး စစ်ပြီးဆုံး ပြီးနောက်ပိုင်းမှစ၍ လီဒို လမ်းမကြီး အားအသုံးပြု ခြင်းမရှိ တော့ပါချေ။ မြန်မာ ပြည် လွတ်လပ်ရေး ရပြီး နောက် လီဒို လမ်းမကြီး သည် တဖြည်းဖြည်း ပျက်စီး ယိုယွင်း လာခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် Land Rover ကား နှစ်စီး ဖြင့် လီဒို မြို့မှ မြစ်ကြီးနား မြို့သို့ ခရီးသွား တက္ကသိုလ် ကျောင်းသား (၆) ယောက် လိုက်ပါ လာခဲ့သည့် Oxford-Cambridge Overland Expedition အဖွဲ့ ရောက်ရှိလာခဲ့သည်။ ထိုအဖွဲ့သည် လီဒိုလမ်းပေါ်တွင်နောက်ဆုံး ခရီးသွားခဲ့သော အဖွဲ့ဖြစ်ပေသည်။
ယခုအချိန်တွင် ကချင်ပြည်နယ်ကို အနောက်မြောက်ဖက်မှ အရှေ့တောင်ဖက်သို့ ဖြတ်သန်းသွားသည့် လီဒိုလမ်းမကြီး ကို အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား စီးပွားကုန်သွယ်မှုအတွက် အရေးပါသည့် အာရှလမ်းမကြီးတစ်ခုဖြစ်လာစေရန် အိန္ဒိယ နှင့် တရုတ် နိုင်ငံများ က မျှော်လင့်ထားကြသည်။ကချင်ပြည်နယ်၏ အနောက်မြောက် ဟူးကောင်းတောင်ကြား ပန်ဆောင်လမ်းမှ မြန်မာနိုင်ငံ အတွင်းသို့ ဖြတ်ဝင်လာသောလီဒိုလမ်းမကြီးသည် ကချင်ပြည်နယ်အတွင်း ရှင်ဘွေယန်နှင့် တနိုင်းမြို့ များသို့ ဆက်သွယ်ထား သည်။ တရုတ်နယ်စပ် ဝမ်တိန်မှ မိုင်းယု၊ နမ့်ခမ်း၊ ဗန်းမော်၊ မြစ်ကြီးနား၊ တနိုင်း လမ်းပိုင်းကို တရုတ်ဖက် မှပြုပြင်ဖောက် လုပ်နေ ပြီ ဖြစ်ပြီး အိန္ဒိယနယ်စပ်မှ တနိုင်းအထိ လမ်းပိုင်းကို အိန္ဒိယမှ တာဝန်ယူ ဖောက်လုပ်မည်ဟု သိရှိရသည်။ မြစ်ကြီးနား မြို့ကို ဖြတ် သန်းသွားသော လီဒို လမ်းမကြီး၏ဘေးတွင် အံတော်ရှင် ဘုရား၊ စိမ်းမြ ဧရာ ပန်းခြံ၊ နာရီစင်၊ မြစ်ကြီးနား လေဆိပ် တို့ရှိနေကြပေ သည်။
၂၀၁၀ ပြည့်နှစ်နောက်ပိုင်း တွင် အာသံ ပြည်နယ် မှ ဒေသခံ အချိုသည် မြန်မာ ပြည် နယ်စပ် ပန်ဆောင် တောင်ကြား အထိ လီဒို လမ်းကြောင်း အတိုင်း မော်တော် ဆိုင်ကယ်၊ ကား များဖြင့်အုပ်စု လိုက် ခရီး ထွက်ကြ ကြောင်းကြားသိရပေသည်။ ၂၀၀၈ ခုနှစ် တွင် ယူနန် တက္ကသိုလ်မှ သမိုင်း ပညာရှင် ဂီရှူရာ ဦးဆောင် ၍ တရုတ် သတင်း ထောက် (၁၀၀) ကျော် ပါဝင် သော အဖွဲ့သည်လီဒို လမ်းမကြီး အတိုင်း မြစ်ကြီးနား မြို့သို့ရောက်ရှိ လာခဲ့ကြသည်။ ဂီရှူရာသည် လီဒို မြို့သို့ ပထမဆုံး ရောက်ဖူး ခြင်းဖြစ်ပြီး လီဒို လမ်းမကြီး ၏အစိတ် အပိုင်း၊ တောတောင်၊ မြစ်ချောင်း၊ မိုင်တိုင် တစ်ခုတိုင်း တွင် ပြောပြ စရာ သမိုင်း အဖြစ် အပျက်များ များစွာရှိကြောင်း ပြောခဲ့ သည်။
အမေရိကန်နိုင်ငံရှိ ဒုတိယကမ္ဘာစစ် စစ်မှုထမ်း ဟောင်း အချို့ သည်လည်း လီဒို လမ်း၊ နှင့် မြန်မာလမ်းမ ခရီးစဉ် ကို လာရောက်ခဲ့ကြဖူးသည်။ မြန်မာ ပြည်သူများလည်း တစ်ဆစ်ချိုး အကွေ့ပေါင်း ၂၁ ကွေ့ ရှိကာ ၊ပေတစ်သောင်း ကျော်နက်သောချောက်ကမ်းပါးများရှိသည့် တောင်အသွယ်သွယ် ပေါ်တွင် ဖောက်လုပ် ထားသည့် လီဒိုလမ်းမ ကြီး တစ်လျှောက် ခရီးနှင် လှည့်လည်ရင်းအတိတ် သမိုင်း ကို ပြန်လည် ခံစား နိုင်ကြ သကဲ့သို့ ပြည်ပမှလာရောက်လည်ပတ် လိုသူ များကို လည်းလီဒိုလမ်းနှင့် မြန်မာလမ်းမတို့ကိုသွားရောက်နိုင်ရန် စီစဉ်ပေးနိုင်ပါက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် တစ်စိတ်တစ်ပ်ုင်း အထောက်အပံ့ဖြစ်လာနိုင်မည်ဟု ယူဆမိပါသည်။
မောင်သာ(ရှေးဟောင်းသုတေသန)
( မြန်မာ့အလင်းသတင်းစာ)