ပင်လယ်ဓားပြ ဆိုတာနဲ့ ကျွန်တော်တို့အများစု ပြေးမြင်မိကြမှာက နာမည်ကျော် Pirates of the Caribbean ရုပ်ရှင်တွေရဲ့ ဇာတ်ကောင် ဂျက်စပဲရိုးဖြစ်ပါလိမ့်မယ်။ ဒီတခါတော့ ရုပ်ရှင်တွေ ပုံပြင်တွေထဲက မဟုတ်ပဲ ကမ္ဘာပေါ်မှာ တကယ်ရှိခဲ့တဲ့ အချမ်းသာဆုံး ပင်လယ်ဓားပြကြီးရဲ့ အကြောင်းကို ဝေမျှလိုက်ပါတယ်။ သူကတော့ Black Sam လို့ လူသိများတဲ့ ပင်လယ်ဓားပြကြီး Samuel Bellamy ဖြစ်ပါတယ်။
(၁၉၈၄)ခုနှစ်ကာလက Whydah အမည်ရတဲ့ ပင်လယ်ဓါးမြလှေတစ်စီးကို ရေအောက်သုတေသမားတစ်ယောက်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ယင်း ဓါးပြလှေဟာ နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ ကမ္ဘာပင်လယ်ဓါးပြလောကမှာ အချမ်းသာဆုံးဓါးပြအဖြစ် သတ်မှတ်ခံထားရတဲ့ ဓါးပြကြီး ဘယ်လာမီဆင်မြူရယ်ရဲ့ဓါးပြသင်္ဘော ကြီးဖြစ်ပြီး သူရဲ့တပည့် ပင်လယ်ဓါးပြ(၁၄၀)ဦးနဲ့အတူများစွာသော ရွှေ၊ငွေ၊အဖိုးတန် ပစ္စည်းတွေပါ တပါတည်းပါခဲ့တယ်ဆိုတဲ့ ပုံပြင်လိုလို၊ ဒဏ္ဍာရီလိုလို ရှိခဲ့တဲ့သင်္ဘောပျက်ကြီးဖြစ်ပါတယ်။
ရှေးအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ပါးစပ်ရာဇဝင်တွေကတော့ ဓါးပြတွေဟာ သက်ဆိုင်ရာ ခွဲတမ်းအလိုက် ရွှေ၊ငွေတွေကိုယူဆောင်ပြီး ဓါးပြလှေကြီးကိုထာဝရ စွန့်ခွာကာ အလိုရှိရာအရပ် ဒေသအသီးသီးကိုခရီးဆက်မဲ့ရည်ရွယ်ချက်နဲ့ ပြန်လာကာမှ nor’ easter ဆိုတဲ့မုန်တိုင်းကြောင့် အမေရိကန် ပြည်ထောင်စု အရှေမြောက်ဘက်က Massachusetts ကမ်းလွန်မှာ အသက်နဲ့ကိုယ်အိုးစား ကွဲခဲ့ရတယ်လို့ ဆိုပါတယ်။
အမှန်တော့ သင်္ဘောမှာပါလာသူတွေရဲ့ အိမ်ပြန်ချင်စိတ်ထက် ပိုမိုပြင်းထန်သူကတော့ ဓါးပြခေါင်းဆောင်ကြီး ဆင်မြူရယ်ဘယ်လာမီဖြစ်ပြီး သူ့ချစ်သူ Maria Hallett နဲ့ မျက်နှာတောင်မမြင်ဖူးရသေးတဲ့ မိမိရင်သွေးအတွက် အဖိုးတန်အိမ်မက်တွေကိုသယ် ဆောင်လာပေမယ့် အကုသိုလ်ကံကပြန်အကျိုးပေးတာလား၊ သူရဲ့သက်တမ်းက ဒီအထိပဲ ပါလာတာလား မသိရပေမဲ့ သူရဲ့ ဇာတ်လမ်းဟာ အတ္တလနစ်သမုဒ္ဒရာရေပြင်မှာပဲ ဇာတ်သိမ်းခဲ့ရပါတယ်။
ဆင်မြူရယ်ဘယ်လာမီ ကွယ်လွန်တဲ့ခုနှစ်ကတော့ (၁၇၁၇)ခုနှစ် ဧပြီ(၂၆) ရက်နေ့ဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ ကမ္ဘာကျော်ဓါးပြကြီးဟာ အသက်(၂၈) နှစ်အရွယ်သာရှိပါသေးတယ်။ သမိုင်းမှတ်တမ်းတွေအရ သူရဲ့စုစုပေါင်းပိုင်ဆိုင်မှုတန် ဖိုးဟာ ယခုခေတ်နဲ့တွက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ (၁၄၂.၅)သန်းလောက်ကို ချမ်း သာတာဖြစ်လို့ ကမ္ဘာပင်လယ်ဓါးပြသမိုင်းမှာတော့ အချမ်းသာဆုံးပင်လယ်ဓါးပြကြီးလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
အစောပိုင်းကာလတွေအထိတော့ လူတော်တော်များများဟာ ဘယ်လာမီဆင်မြူရယ် ရဲ့ အကြောင်းကိုမသိကြပါဘူး။ သမိုင်းပညာရှင်တွေရဲ့ကျေးဇူးကြောင့်သာ ကမာ့္ဘပင်လယ် ဓါးပြသမိုင်းမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဘယ်လာမီဆင်မြူရယ် ရဲ့အကြောင်းကိုသိ ရှိခွင့်ရခဲ့ကြတာဖြစ်ပါတယ်။
သူ့ကိုတော့ (၁၆၈၉)ခုနှစ်က အင်္ဂလန်နိုင်ငံတွင်းက Devonshire ကောင်တီအတွင်းက Hittisleigh ကျေးရွာ မှာမွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ပင်လယ်ပြင်မှ ာစွန့်စားမှုတွေပြုလုပ်ဖို့ အာသီသပြင်းထန်တဲ့ ဘယ်လာမီဟာ ဆယ်ကျော်သက်အရွယ်မှာပဲ ဗြိတိန်တော် ဝင်ရေတပ်ကိုဝင်ရောက်ပြီး စစ်ပွဲများစွာကိုဆင်နွှဲခဲ့ပါတယ်။ ရေတပ်စစ်သည်ဘဝနဲ့ပင် လယ်ခရီးစဉ်များစွာသွားလာရင်းနဲ့ပဲ ဘယ်လာမီဟာ ပင်လယ်ရဲ့အထာကိုကောင်း ကောင်းကြီးသဘောပေါက်လာခဲ့ပါတယ်။
ယင်းနောက်မှာတော့ ဘယ်လာမီဟာ လွတ်လပ်မှုမရှိတဲ့ မင်းခစားဘဝကို စိတ်ကုန်ပြီးစစ်တပ်ကနေထွက်ခဲ့ပါတော့တယ်။ မိသားစုနဲ့နေထိုင်ရင်းနဲ့ပဲ ပင်လယ်ပြင်မှာပဲပျော်နေတတ်တဲ့ ဘယ်လာမီဟာ သိပ်မကြာခင်အချိန်မှာပဲ သူရဲ့မိန်းမနဲ့ကလေးကို အင်္ဂလန်မှာထားခဲ့ပြီး စပိန်တွေရဲ့ပျောက်ဆုံးနေတဲ့ ရတနာသိုက်ကို ရှာဖွေမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ မြောက်အမေရိကတိုက်က ဖလော်ရီဒါကမ်းခြေကို သင်္ဘောနဲ့ရွက်လွှင်ခဲ့ပြန်ပါတယ်။
မြောက်အမေရိကခရီးစဉ်ရဲ့ လမ်းခုလတ်ဖြစ်တဲ့ Massachusetts ပြည်နယ်က Cape Cod ဆိပ်ကမ်းကိုရောက်ရှိ ချိန်မှာတော့ ဘယ်လာမီဟာ အသက်(၁၅)နှစ်သာရှိနေသေးတဲ့ Maria Hallett ဆိုတဲ့ ကလေးမလေးနဲ့ချစ်ကြိုးသွယ်ခဲ့ပါတယ်။ ရုပ်ချော အပြောကောင်းတဲ့ ဘယ်လာမီကြောင့် ကလေးမလေးရဲ့မိဘတွေကိုယ်တိုင်က ကိုသူတို့သမီးနဲ့ ဘယ်လာမီကို လင်မယားအရာမြောက် စေခဲ့ပါတယ်။ ဒီအတွက်ဘယ်လာမီဟာ သူ့စွန့်စားဖက်သူငယ်ချင်း Paulsgrave William ရဲ့ရွှေစနဲ့ ရတနာအနည်းငယ်ကို Maria Hallett ရဲ့မိဘတွေကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ ဘယ်လာမီဟာ သူ့ဝသီ အတိုင်း ပင်လယ်ထဲကိုရွက်လွှင့်ဖို့ပြင်ဆင်ပြီး ကိုယ်ဝန်ကြီးနဲ့ကျန်ခဲ့တဲ့ Maria Hallett ကို သူအနေနဲ့ နှစ်ကိုယ်တူ ချစ်ခရီးသာယာစေဖို့ ရတနာသိုက်ရှာပုံတော်ဖွင့်မှာဖြစ်ကြောင်းနဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ တန်ဖိုးအထိုက်တန်ဆုံးသောရတနာတွေပါဝင်တဲ့ ရွက်လှေကြီး ကိုစီးပြီး သူမဆီကိုပြန်လာမယ်လို့ ကတိပေးခဲ့ပါတယ်။
Maria Hallett လည်းမကြာခင်မှာ ဘယ်လာမီရဲ့ကလေးကိုမွေးဖွားသန့်စင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ကလေးငယ်ဟာ သေဆုံးသွား ရှာပါတယ်။ ယင်းဖြစ်ရပ်ဟာ ဒေသဆိုင်ရာဥပဒေတွေအရ ရာဇဝတ်သင့်တာကြောင့် Maria Hallett ဟာ မြို့ကနေနှင်ထုတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့သူမကတော့ ဘယ်လာမီ အလာကိုနောက်ဆုံးချိန်အထိကိုစောင့်နေခဲ့တယ်လို့သိရပါတယ်။
လူစွန့်စားကြီး ဘယ်လာမီနဲ့ သူဘော်ဒါ ဝီလီယံတို့ကတော့ လပေါင်းများစွာ ရွက်လွှင့်ပြီး ချိန်မှာတော့ သူတို့ရဲ့ပန်းတိုင် ကယ်လီဖိုးနီးယားကမ်းရိုးတန်းကိုရောက်ရှိပြီး စပိန်တွေ ထားခဲ့တယ်ဆိုတဲ့ ရေအောက်ရတနာတွေကိုရှာပုံတော်ခွင့်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဘာမှမတွေ့တာကြောင့် လက်လျော့ခဲ့ရပါတယ်။ ရတနာတွေရရင်ချမ်းသာပြီလို့ အပိုင်တွက်ထားတဲ့ ဘယ်လာမီ တို့ သူငယ်ချင်းနှစ်ယောက်ကတော့ စိတ်အဆင်းရဲကြီးဆင်းရဲပြီး နောက်ဆုံးမှာတော့ မမြင်ရတဲ့ ရတနာတွေရှာမဲ့အစား ဓါးပြတိုက်ပြီး ရတနာရှာဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။
မကြာခင်မှာပဲ ဘယ်လာမီတို့ဟာ ပင်လယ်ဓါးပြ Captain Benjamin Hornigold ဆိုသူ နဲ့ဆက်သွယ်မိပြီး သူအဖွဲ့မှာ ပင်လယ်ဓါးပြတွေဖြစ်လာခဲ့ပါတယ်။ Benjamin Hornigold ရဲ့စရိုက်ကတော့ ပြင်သစ်နဲ့ စပိန်ကုန်သင်္ဘောတွေကိုပဲ ဓါးပြတိုက်လေ့ရှိတာဖြစ်ပြီး သူဟာ ဖမ်းဆီးရမိတဲ့ အကျဉ်းသားတွေအပေါ်မှာလည်း အလွန်ရက်ရောစွာပေးလှူတတ်သူဖြစ်ပါတယ်။ သူရဲ့သံမဏိစည်းကမ်းကတော့ အင်္ဂလိပ်ကုန်သင်္ဘောတွေကို မတိုက်ရ ဆိုတဲ့ ပြဌာန်းချက်ဖြစ်ပြီး အကြံသမား ဘယ်လာမီနဲ့ဝီလီယံတို့အတွက်ကတော့ ယင်းအချက်ဟာ အခြားသောဓါးပြတွေကို သူတို့နဲ့အတူပုန်ကန်ဖို့ လမ်းစဖြစ်စေခဲ့ပါတယ်။
(၁၇၁၆)ခုနှစ် ဂျွန်လမှာတော့ ဘယ်လာမီ ဦးဆောင်ပြီး ဓါးပြအဖွဲ့တွင်း ပုန်ကန်မှုကြီး ဖြစ်ပွားခဲ့ပြီး အဆုံးမှာတော့ ဘယ်လာမီကိုယ်တိုင် ဓါးပြခေါင်းဆောင်ဖြစ်လာပါတယ်။ ဘယ်လာမီဟာ သူ့သူငယ်ချင်းဝီလီယံကို လက်ထောက်အဖြစ်ခန့်အပ်ခဲ့ပြီး အောင်မြင်တဲ့ ဓါးပြလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ပါတော့တယ်။ တစ်နှစ်အတွင်းမှာတင် ဘယ်လာမီဦးဆောင်တဲ့ အဖွဲ့ဟာ အတ္တလန္တိတ်နဲ့ ကာရေဘီယံဒေသ ကို ဖြတ်သန်းးလာတဲ့ ကုန်သင်္ဘောအစီး (၅၀)လောက်ကို ဓါးပြတိုက်နိုင်ခဲ့ပြီး အကျိုးအမြတ် များစွာရရှိခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဘယ်လာမီဟာ Black Bellamy ဆိုတဲ့အမည်နဲ့ကျော်ကြားလာခဲ့ပါ တယ်။ သူဟာဓါးပြခေါင်းဆောင်တစ်ယောက်လို့မထင်ရအောင် သိမ်မွေ့တဲ့အမူအရာကို ပိုင်ဆိုင်ထားပြီး တန်ဖိုးကြီးအဝတ်အစားတွေ၊လက်ဝတ်ရတနာတွေကိုဝတ်ဆင်ရတာ ကို အထူးသဖြင့် အနက်ရောင်ကုတ်အင်္ကျီကိုအမြဲဝတ်ဆင်လေ့ရှိပြီး ကျည်လေးလုံးထိုးပစ္စတိုသေနတ်ကိုအိတ်ကပ်ထဲမှာ အမြဲဆောင်လေ့ရှိပါတယ်။
ပင်လယ်ဓါးပြလောကမှာ ဘယ်လာမီနာမည်ကျော်ရတဲ့အချက်ကတော့ သူရဲ့ အုပ်ချုပ်မှုပုံတွေဟာ ဓါးပြအများစုကျင့်သုံးသလို အာဏာရှင်မဆန်ပဲ ဒီမိုကရေစီနည်း လမ်းဆန်တာဖြစ်ပါတယ်။ ပင်လယ်ဓါးပြတွေရဲ့အရည်အချင်းအလိုက်၊လုပ်သက်အလိုက် စီမံခန့်ခွဲမှုတာဝန်ပေးထားပြီး သူရဲ့အုပ်ချုပ်မှုဟာ အောက်ခြေကနေစတင်ပြီး သူဆီမှာ ပြန်လည်အဆုံးသတ်လေ့ရှိတာကြောင့် စစ်တပ်တစ်တပ်လို ခိုင်မာတဲ့ ဓါးပြအုပ်စုကြီးကိုပိုင်ဆိုင် ထားခဲ့တာဖြစ်ပါတယ်။
လက်အောက်ငယ်သားတွေကတော့ သူကို ပင်လယ်ဓါးပြလောကရဲ့ ရော်ဘင်ဝုဒ်လို့ တင်စားခေါ်ဆိုတဲ့အထိတောင် လက်အောက်ငယ်သားတွေရဲ့ ထောက်ခံမှုကိုရရှိခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ဘယ်လာမီဟာ ပင်လယ်ဓါးပြထဲမှာတော့ အတော်ကို စည်းစနစ်ကြီးသူလို့ဆိုရပါမယ်။ ပုံမှန်အားဖြင့် ဘယ်လာမီဟာ ဓါးပြသင်္ဘော (၂)စင်းကို ထိန်းချုပ်တာဝန်ယူလေ့ရှိပါတယ်။ သူလက်အောက်မှာရှိတဲ့ယင်းသင်္ဘော(၂) စီးအနက် (၁)စီးဟာ များစွာသောအမြောက်တွေ သံချပ်ကာနဲ့မီးလက်နက်တွေတပ်ဆင်ထားပြီး အဓိကတိုက်ခိုက်ရေးရေယာဉ်အဖြစ် အသုံးပြုပါတယ်။
နောက်တစ်စီးကတော့ အတော်ကို လျှင်မြန်အောင်သွားနိုင်ဖို့ဖန်တီးထားပြီး ကုန်နဲ့လူညီမျှအောင်စီမံထားပါတယ် သူရဲ့အစီစဉ်ကြောင့် ပစ်မှတ်ကုန်တင်ရေယာဉ်တွေဟာ ဘယ်လာမီတို့လက်ကနေ လွတ်မြောက်အောင်ပြေးဖို့ မလွယ်ကူပါဘူး။ နောက်ထပ်တစ်ချက်က တစ်ဖက်သင်္ဘောကခုခံခြင်းမရှိပါက လက်နက်နဲ့တိုက်ခိုက်တာမျိုး မလိုအပ်ပဲအကြမ်းဖက်တာမျိုး တွေမလုပ်ဖို့ ဘယ်လာမီကသူအဖွဲ့ကိုတင်းတင်းကြပ်ကြပ်ကို အမိန့်ထုတ်ထားပါတယ်။
(၁၇၁၇)ခုနှစ် ဖေဖော်ဝါရီလတွင်းမှာတော့ ဘယ်လာမီ တို့အဖွဲ့ဟာ ကျွန်တွေကိုကုန်ကူး နေတဲ့ Whydah အမည်ရအင်္ဂလိပ်သင်္ဘောတစ်စင်းကို ဂျာမေကာနိုင်ငံကိုသွားတဲ့ လမ်း ကြောင်းပေါ်မှာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ယင်းသင်္ဘောအတွင်းမှာတော့ ရွှေ၊ငွေ အမြောက်အမြားအပြင် ဆင်စွယ်နဲ့ ဆိုးဆေးတွေပါ ပါရှိခဲ့ပြီး ဘယ်လာမီ တို့အတွက်တော့ ကံအလွန်ကောင်းတဲ့နေ့ရက်ဖြစ်ခဲ့ပါတယ်။ ယင်းသင်္ဘောမှာပါရှိတဲ့ ရွှေ၊ငွေတွေ ရဲ့တန်ဖိုးဟာ ဘယ်လာမီတို့ နှစ်(၂၀)လောက်တိုက်ထားတဲ့စုစုပေါင်းရွှေ၊ငွေတန်ဖိုး ထက်ကိုများပြားနေတာဖြစ်ပါတယ်။
ဘယ်လာမီ ဟာယင်း Whydah နဲ့သူရဲ့တိုက်သင်္ဘော Sultana ကိုလက်နက်တွေပြန်ဖြုတ်ပြီး လဲလှယ်ခဲ့ပါတယ်။ ယင်းဖြစ်စဉ်ပြီးဆုံးချိန်မှာတော့ ဘယ်လာမီဟာသူရဲ့ရည်မှန်းချက်ပန်းတိုင်ကို ပြည့်မြောက်ခဲ့ပြီးဖြစ်တယ်လို့ယူဆတာကြောင့် အိမ်ပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါအပြင်သူရဲ့ နောက် လိုက်ပင်လယ်ဓါးပြတွေကိုလည်း လုံလောက်တဲ့ရွှေ၊ငွေတွေကို အချိုးကျခွဲဝေပေးကာ ဘဝသစ်တစ်ခုပြန်လည်တည်ထောင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။
(၁၇၁၇)ခုနှစ် ဧပြီလမှာတော့ ဘယ်လာမီစီးနင်းလာတဲ့ Whydah အလံတင်ရေယာဉ်ဟာ သူပြန်လာမယ်လို့ ဂတိပေးထားတဲ့ Maria Hallett နေထိုင်ရာ Cape Cod ရဲ့အနီးဆုံးရေလမ်းကြောင်း အတွင်းရောက်ရှိနေခဲ့ပါတယ်။ ယင်းအချိန်မှာပဲ မထင်မှတ်ပဲပြင်းထန်တဲ့မုန်တိုင်း တစ်ခုဟာ ရုတ်ချည်းဆိုသလို ကျရောက်ခဲ့ပြီး ဘယ်လာမီစီးနင်းလာတဲ့ Whydah သင်္ဘောနဲ့ သူလက်ထောက် ဝီလီယံတို့စီးနင်းလာတဲ့ သင်္ဘောတွေဟာ လေပြင်းနဲ့လှိုင်းဒဏ်ကို ပြင်းထန်စွာခံခဲ့ရပါတယ်။
aန့လည်ခင်းအချိန်ကစတင်တဲ့ယင်းမုန်တိုင်းဒဏ်ကို ဘယ်လာမီတို့လူစု တစ်ညလုံးနီးပါးခံခဲ့ရပြီး နောက်ဆုံးမှာတော့ သင်္ဘော(၂)စင်းစလုံး နစ်မြုပ်သွားခဲ့ပါတယ်။ ယင်းနစ်မြုပ်မှုအတွင်း ဘယ်လာမီဟာသေဆုံးသွားခဲ့ရပြီး စုစုပေါင်းပင်လယ်ဓါးပြ (၁၄၈)ယောက်အနက် (၈)ယောက်သာအသက်ရှင်ခဲ့ပါတယ်။ ယင်းထဲက (၆)ယောက်ဟာလည်း ဓါးပြမှုနဲ့ကြိုးပေးသတ်ခံခဲ့ရပြန်တာကြောင့် ဘယ်လာ မီရဲ့ ဇာတ်ကြောင်းကိုသိရှိသူဟာ ဓါးပြမိသားစုဝင်(၂)ယောက်သာကျန်ခဲ့ပါတယ်။
ယခုဖော်ပြခဲ့တဲ့ Prince of Pirates (ပင်လယ်ဓါးပြဘုရင်ကြီး) ဆင်မြူရယ်ဘယ်လာမီ ရဲ့ အကြောင်းကိုတော့ Whydah ရေယာဉ်နစ်မြုပ်စဉ်ကအသက်ရှင်ကျန်ရစ်ခဲ့သူ Thomas Davis ဆိုသူကပြောပြခဲ့တာဖြစ်ပါတယ်။ မှတ်တမ်းတွေအရ ကမ္ဘာပင်လယ်ဓါးပြလော ကမှာ အချမ်းသာဆုံးဖြစ်တဲ့ ဆင်မြူရယ်ဘယ်လာမီရဲ့အကြောင်းဟာ ယခုချိန်မှာဆိုရင် Cape Cod မှာ တော့ကလေးတွေရဲ့ ညအိပ်ယာဝင်ပုံပြင်တစ်ပုဒ်လိုတောင်ဖြစ်နေခဲ့ပါပြီ။
ပင်လယ်ဓားပြသင်္ဘောပျက်ကြီးကို ၁၉၈၄ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့သူကတော့ နာမည်ကျော် ရေအောက်သုတေသနသမားတစ်ယောက်ဖြစ်တဲ့ Barry Clifford ဆိုသူဖြစ်ပါတယ်။ Cape အရှေ့ပိုင်းကမ်းရိုးတန်းရဲ့ လေးမိုင်အကွာ ရေအောက်အနက်ပေ ၃၀ ခန့်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူနဲ့သူအဖွဲ့ဟာ ဒီသင်္ဘောကြီးနဲ့အတူ ဒင်္ဂါးပြား ၊ အမြောက်များ ၊ လက်လုပ်သေနတ်တွေနဲ့ အခြားပစ္စည်းစုစုပေါင်း ပစ္စည်း အခု ၂သိန်းလောက်ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
အစဉ်အဆက်ပြောဆိုခဲ့တဲ့ ပုံပြင်တွေထဲကလို ရတနာပစ္စည်းတွေကိုတော့ အမြောက်အများမတွေ့ခဲ့ရပါဘူး။ တချို့ကတော့ ရတနာတွေဟာ ရေအောက်သဲပြင်ရဲ့ အောက်မှာ ရှိနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ လက်ရှိအချိန်မှာတော့ မန်ဆာချူးဆက်ပြည်နယ် West Yarmouth မှာ သင်္ဘောပြတိုက်(Whydah Pirate Museum) ကို ဖွင့်လှစ်ထားပြီး အဲဒီမှာ ပင်လယ်ဓားပြသင်္ဘောပေါ်က ရရှိခဲ့တဲ့ ပစ္စည်းတွေကို ပြသထားပါတယ်။