ယနေ့လိုအင်တာနက်ခေတ်ကာလတည်းမှာတော့ စာကြည့်တိုက်တွေရဲ့အရေးပါမှုဟာ လျော့ပါးသွားခဲ့ပြီလို့ ဆိုရမှာဖြစ်ပေမယ့်လည်း စာကြည့်တိုက်တွေဟာ လူသားတွေရဲ့ သမိုင်း စဉ်ကိုပြောင်းလဲသွားခဲ့တဲ့အထိ အရေးပါတဲ့တည်ရှိမှုတွေဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကတော့ အားလုံးလက်ခံရမှာဖြစ်ပါတယ်။ သမိုင်းအဆက်ဆက်၊ခေတ်အဆက်ဆက်လက်ဆင့်ကမ်း ခဲ့တဲ့စာပေရဲ့သမိုင်း၊ပထဝီဝင်၊သိပ္ပံဆိုင်ရာအချက်အလက်တွေကို အခြေခံပြီးကျွန်တော်တို့ ရဲ့လူအဖွဲ့အစည်းဟာ ပိုမိုဖွံ့ဖြိုးလာနေခဲ့တာဖြစ်ပါတယ်။
စာကြည့်တိုက်တွေဟာ ကမ္ဘာကြီးရဲ့ပြတင်းပေါက်တွေအဖြစ်တင်စားခေါ်ဆိုခဲ့ကြသလို စာအုပ်၊ စာပေယဉ်ကျေးမှုဟာလူသားတွေရဲ့ခေတ်ကာလစရိုက်၊လူနေမှုစနစ်နဲ့တွဲစပ်လျက်ရှိနေတာ ကြောင့်လည်း စာကြည့်တိုက်တွေဟာ လူသားသမိုင်းရဲ့အောင်မြင်မှုမှတ်တိုင်တွေလို့ပြောရင်လည်းမမှားပါဘူး။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ယနေ့ကမ္ဘာပေါ်က အကြီးဆုံးစာကြည့်တိုက်ကြီး (၁၀)ခုရဲ့အကြောင်းအရာအချို့ဖြစ်ပါတယ်။
(၁၀) Royal Danish Library
ဒိန်းမတ်နိုင်ငံ၊ ကိုဗင်ဟေဂင်မြို့မှာတည်ရှိတဲ့ Royal Danish Library ကိုတော့ (၁၆၄၈) ခုနှစ်ကဒိန်းမတ်ဘုရင် Frederik (3) ကနေစတင်တည်ထောင်ခဲ့တာဖြစ်ပြီး (၁၇၉၃) ရောက်ချိန်မှ အများပြည်သူသုံး စာကြည့်တိုက်ဖြစ်လာခဲ့ပါတယ်။ (၁၉၉၉)ခုနှစ်ရောက်ချိန် မှာတော့ Royal Danish Library ဟာ အလွန်ကြီးမားတဲ့ Black Diamond လို့သိကြတဲ့ ဖန်သားပုံအဆောက်အဦးကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။
ဒိန်းမတ်နိုင်ငံအတွင်း အစိုးရရဲ့တရားဝင်ထုတ်ဝေခွင့်ပြုထားတဲ့ စာအုပ်တိုင်းယင်းစာကြည့်တိုက်အတွင်းမှာရှာဖွေတွေ့ရှိနိုင်သလို Gutenberg Bible အပါအဝင် အိုက်စလန်သမိုင်းနဲ့ ဆက်စပ်နေတဲ့မူရင်းလက်ရေးမှုတွေ နဲ့ နာမည်ကျော်စာရေးဆရာ Hans Christian Anderson ရဲ့နာမည်ကျော်စာပေလက်ရာဖန်တီးမှုတွေကိုလည်း လေ့လာဖတ်ရှုနိုင်ပါတယ်။
(၉) Bibliotheque Nationale de
ပြင်သစ်နိုင်ငံရဲ့အမျိုးသားစာကြည့်တိုက်ကြီးကိုတော့ (၁၄၆၁)ခုနှစ်က ဘုရင်လူးဝစ် (၁၁) ကပဲရစ်မြို့မှာစတင်တည်ထောင်ခဲ့ပါတယ်။ (၁၇၉၂)ခုနှစ်၊ပြင်သစ်တော်လှန်ရေးကာလအ တွင်းမှာတော့ Bibliotheque Nationale de ဟာအများပြည်သူပိုင်စာကြည့်တိုက်တစ်ခု ဖြစ်လာခဲ့ပြီး ပြင်သစ်တစ်ပြည်လုံးရဲ့အဖိုးတန်ဆုံးသော စာကောင်းပေမွန်လက်ရာတွေတည် ရှိရာနေရာဖြစ်လာခဲ့ပါတယ်။
ပြင်သစ်စစ်ဘုရင်နပိုလီယံဘိုနာပတ်ရဲ့လက်ထက်မှာတော့ Bibliotheque Nationale de ဟာပြုပြင်မွမ်းမံမှုများစွာပြုလုပ်ခြင်းခံရသလို ကမ္ဘာတစ် လွှားကစာပေများစွာကို သိုမှီးလာနိုင်ခဲ့ပါတယ်။ စာချစ်သူနပိုလီယံရဲ့အထူးထူးသောစီမံချက် တွေနဲ့အတူ Bibliotheque Nationale de ဟာ(၁၉)ရာစုအတွင်းမှာတော့ ကမ္ဘာပေါ်မှာ အခမ်းနားဆုံးနဲ့အကြီးဆုံးစာကြည့်တိုက်ကြီးအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။
(၈) National Library of China
တရုတ်နိုင်ငံဘေဂျင်းမှာတည်ရှိနေတဲ့ တရုတ်ပြည်သူသမ္မတနိုင်ငံရဲ့အမျိုးသားစာကြည့် တိုက် ( National Library of China ) ဟာဆိုရင်စာအုပ်စာပေနဲ့မှတ်တမ်းပေါင်းသန်း (၃၀) ကျော်လောက်ကိုထိန်းသိမ်းထားပါတယ်။ ယင်းစာကြည့်တိုက်ဟာ တရုတ်တစ်နိုင်ငံလုံးမှာ အကြီးမားဆုံးသော စာအုပ်အချင်းအကျင်းတွေတည်ရှိရာနေရာဖြစ်သလို အာရှတိုက်ရဲ့အ ကြီးဆုံးသော စာကြည့်တိုက်တစ်ခုအဖြစ်လည်းနာမည်ကျော်ပါတယ်။
ပြတိုက်အတွင်းမှာဆိုရင် လွန်ခဲ့တဲ့ဘီစီ(၁၆)ရာစုကာလက ရှေးလူမျိုးစုတွေအသုံးပြုခဲ့ကြတဲ့ တိရိစ္ဆာန်အရိုး၊ကျောက်သားနဲ့လိပ်ခွံကိုထွင်းထားတဲ့ စာပေလက်ရာတွေအပြင် တရုတ်သ မိုင်းတစ်လျှောက် ခေတ်အသီးသီးမှာအသုံးပြုခဲ့ကြတဲ့ ရှေးတရုတ်စာပေလက်ရာမွန်တွေကို လည်းလာရောက်လေ့လာနိုင်ပါတယ်။
(၇) Toronto Public Library
မြောက်အမေရိကတိုက်၊ ကနေဒါနိုင်ငံ Ontario မှာတည်ရှိတဲ့ Toronto Public Library မှာဆိုရင် သီးခြားစာဖတ်စင်ပေါင်း (၉၈)ခုလောက်ရှိနေပြီး ကမ္ဘာပေါ်မှာအရှုပ်ထွေးဆုံးသော စာကြည့်တိုက်ဖွဲ့စည်းပုံကိုပိုင်ဆိုင်ထားပါတယ်။ Toronto Public Library ကိုနှစ်စဉ် လာရောက်လည်ပတ်သူအရေအတွက်ဟာ (၁၈)သန်းလောက်ရှိပြီးစာအုပ်ငှားသူကတော့ (၃၂)သန်းလောက်ကိုရှိနေပါတယ်။
ယင်နှုန်းထားဟာ ကမ္ဘာကျော်စာကြည့်တိုက်တွေအ နက်မှာအတော်ကိုများပြားတဲ့ပမာဏတွေဖြစ်ပြီး နာမည်ကျော်စာရေးဆရာ Conan Doyle ရဲ့ထုတ်ဝေပြီးသမျှစာအုပ်တွေအပြင် အဖိုးတန်သုတ၊ရသ၊သိပ္ပံနဲ့နည်းပညာစာအုပ်၊စာပေ များစွာကိုလာရောက်ဖတ်ရှုလေ့လာနိုင်တဲ့နေရာလည်းဖြစ်ပါတယ်။
(၆) National Diet Library
ဂျပန်နိုင်ငံ၊တိုကျိုမှာတည်ရှိတဲ့ National Diet Library ဟာဆိုရင် (၁၉၄၈)ခုနှစ်ကစတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မဖြစ်ပွားမီအချိန်ထိ ဂျပန်မှာအမျိုးသားစာကြည့်တိုက် ဆိုတာမျိုးမပေါ်ပေါက်သေးပါဘူး။ နိုင်ငံသားအားလုံးရဲ့စစ်လိုလားသူတွေရဲ့ဖက်ဆစ်စနစ် ရိုက်သွင်းခြင်းခံနေခဲ့ရတာဖြစ်ပြီး စစ်ကြီးပြီးချိန်ရောက်မှသာ မဟာမိတ်တပ်တွေရဲ့အကြံ ပေးမှုနဲ့ ဒီမိုကရေစီရဲ့အနှစ်သာရနိုင်ငံတွင်းဖြန့်ဝေပေးမှုအနေနဲ့ပေါ်ပေါက်လာခဲ့တာလည်း ဖြစ်ပါတယ်။
National Diet Library ဟာဂျပန်နိုင်ငံရဲ့အမျိုးသားစာကြည့်တိုက်ကြီးအဖြစ် သာမက ဥပဒေပြုလွှတ်တော်အစည်းအဝေးခန်းမဆောင်(၂)ခုကိုလည်း ထည့်သွင်းတည် ဆောက်ထားပါတယ်။ ယင်းစာကြည့်တိုက်တွင်းမှာတော့ ဂျပန်နိုင်ငံမှာထုတ်ဝေပြီးသမျှ သောစာအုပ်၊စာပေတွေကိုလည်းအလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပါတယ်။
(၅) National Library of Russia
လွန်ခဲ့တဲ့နှစ်ပေါင်း (၂၂၅)နှစ်ကာလဖြစ်တဲ့ (၁၇၉၅)ခုနှစ်မှာရုရှားနိုင်ငံ စိန့်ပီတာစဘတ် မြို့တော်မှာဖွင့်လှစ်ခဲ့တဲ့ National Library of Russia မှာတော့ စာအုပ်၊စာပေပေါင်း (၁၅) သန်းလောက်ကိုတည်ရှိနေတာဖြစ်ပါတယ်။ စတင်တည်ထောင်သူကတော့အမျိုးသမီးဘုရင်မတွေထဲမှာရုရှားကိုကာလကြာအုပ်စိုးခဲ့တဲ့ Catherine the Great ဖြစ်ပြီး စတင်တည် ထောင်ချိန်ကတော့ သူမရဲ့ကိုယ်ပိုင်စာအုပ်တွေနဲ့သာစတင်ခဲ့ရာကနေ ယခုချိန်မှာတော့ နှစ်စဉ်လူသန်းနဲ့ချီပြီးလာရောက်ကြတဲ့ ရုရှားရဲ့အထင်ကရနေရာတစ်ခုဖြစ်လာခဲ့ပါပြီ။
ဒီစာကြည့်တိုက်ကြီးဟာ ရုရှားနိုင်ငံရဲ့ရှေးအကျဆုံးစာကြည့်တိုက်ဖြစ်သလို ဒုတိယအကြီးဆုံး စာကြည့်တိုက်လည်းဖြစ်ပါတယ်။National Library of Russia အတွင်းမှာတော့ အစောဆုံး Koran ကျမ်းစာရဲ့မိတ္တူအပြင် Codex Sinaiticus လို့သိကြတဲ့ (၄)ရာစုကာလကအသုံးပြုခဲ့ကြတဲ့ဆေးပညာဆိုင်ရာမှတ်တမ်းတွေလည်းရှိနေပါတယ်။
(၄) Russia State Library
(၁၈၆၂)ခုနှစ်လောက်က ရုရှားနိုင်ငံမော်စကိုမှာစတင်တည်ထောင်ခဲ့ပြီး စာကြည့်တိုက် တစ်ခုအဖြစ်သာမက ပြတိုက်ကိုပါ ထည့်သွင်းတည်ဆောက်ခဲ့ပါတယ်။ (၁၉၂၅)ခုနှစ်မှာ တော့နိုင်ငံရဲ့အမျိုးသားစာကြည့်တိုက် Russia State Library ဖြစ်လာခဲ့ပြီးရုရှားနိုင်ငံရဲ့ ထုတ်ဝေခဲ့သမျှစာအုပ်စာပေတွေအပြင် မြေပုံအဟောင်းတွေ၊ ဂျာနယ်နဲ့ဂီတဆိုင်ရာအ ထောက်အကူပစ္စည်းများစွာကိုလည်းပြသထားပါတယ်။
ဒါအပြင် Archangel Gospel၊ ၁၀၉၂ ခုနှစ်ရက်စွဲလောက်ကတည်းက Slavonic ဘာသာနဲ့ရေးသားထားတဲ့ ရှေးဟောင်း လက်ရေးစာမူတွေကိုလည်း Russia State Library မှာလာရောက်လေ့လာနိုင်ပါတယ်။ အခြားသော နိုင်ငံတွေရဲ့အမျိုးသားစာကြည့်တိုက်တွေလိုပဲ Russia State Library ကြုံတွေ့ရတဲ့ ပြဿနာကတော့ စာအုပ်ထားရှိမယ့်နေရာကျဉ်းမြောင်းလာတာဖြစ်ပြီး စာကြည့်တိုက်ရဲ့နေရာတိုင်းဟာ စာအုပ်ပုံတွေသာတိုးပြီးရင်းတိုးလာနေတာဖြစ်ပါတယ်။
(၃) New York Public Library
(၁၉)ရာစုလောက်ကတည်းကတစ်ဖြည်းဖြည်းချင်းတိုးတက်လာတဲ့ New York Public Libraryမှာဆိုရင် နယူးယောက်ရဲ့နယ်မြေဒေသအားလုံးကစာပေချစ်သူတွေအတွက် စာဖတ်ခုံများစွာပါဝင်နေပြီး အများပြည်သူပိုင်နဲ့သီးခြားစာဖတ်ခန်းတွေ၊အစိုးရနဲ့နီးနွယ်နေတဲ့စာဖတ်ခန်းတွေကိုလည်းပေါင်းစပ်ဖွဲ့စည်းထားပါတယ်။
နာမည်ကျော်ခရစ်ယာန်ကျမ်းစာအုပ်တစ်ခုဖြစ်တဲ့ Gutenberg Bible ဟာဆိုရင်လည်း New York Public Library အတွင်းမှာပဲထိန်းသိမ်း ထားရှိတာဖြစ်ပြီးမြောက်အမေရိကတိုက်ရဲ့ သမိုင်းနဲ့ခေတ်ကာလအဆက်ဆက်စာကောင်းပေမွန်များစွာကိုလည်း စုစည်းထားရှိပါတယ်။ New York Public Library အဆောက်အအုံ ဟာ (၂၀၀၄)ခုနှစ်ကရုံတင်ခဲ့တဲ့ ဟောလီဝုဒ်နာမည်ကျော် The Day After Tomorrrow ရုပ်ရုပ်ရဲ့ ဇာတ်ဝင်ခန်းအတော်များများကိုရိုက်ကူးခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။
(၂) Library of Congress
အမေရိကန်ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေးမြို့တော်ဝါရှင်တန်ဒိစီမှာတည်ရှိတဲ့ Library of Congress ဟာဆိုရင်(၁၈၀၀)ပြည့်နှစ်လောက်ကတည်းကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စာကြည့်တိုက်ဖွင့်ဖို့အကြံကို စတင်ပေးခဲ့သူကတော့ အမေရိကန်နိုင်ငံတည်ထောင်သူ ဖခင်ကြီးတစ်ယောက်ဖြစ်တဲ့ James Madison ဖြစ်ပါတယ်။ ၁၇၈၃ ခုနှစ်ကတည်းက ဒီအကြံကိုပေးခဲ့ပေမယ့် ၁၈၀၀ပြည့်နှစ် သမ္မတ ဂျွန်အဒမ်လက်ထက်မှ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
Library of Congress မှာဆိုရင်အမေရိ ကန်ပြည်ထောင်စုအတွင်းထုတ်ဝေတဲ့စာအုပ်၊စာပေမိတ္တူ(၂)စုံလောက်အထိထားရှိတယ်လို့ သိရပြီး (၁၈၁၂)ခုနှစ်မှာတော့ ဗြိတိန်စစ်တပ်ရဲ့မီးရှိုဖျက်ဆီးခြင်းကိုခံခဲ့ရပါတယ်။ (၁၈၅၁) ခုနှစ်ရောက်ချိန်မှာလည်း မီးထပ်မံလောင်ကျွမ်းခဲ့ပြန်တာကြောင့် စာကြည့်တိုက်ရဲ့နေရာ အတော်များများကို ပြန်လည်မွမ်းမံခဲ့ရပါတယ်။ Library of Congress အတွင်းမှာပဲ နာမည်ကျော် Stradivarius တယော(၂)လက်နဲ့ ရှားပါးစာအုပ်တွေနဲ့ ရုပ်ပုံကားချပ် တွေ ကိုပြသထားပြီး စုစုပေါင်းဘာသာစကား (၄၅၀)လောက်ကိုအသုံးပြုရေးသားထားတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့နှစ်တွေကတော့ ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက်ဖြစ်ခဲ့ဖူးပြီး ဒီစာကြည့်တိုက်ကြီးမှာတော့ စာအုပ်တွေအပါအဝင် အခြားပစ္စည်း စုဆောင်းမှုစုစုပေါင်း ၁၆၇ သန်းခန့်ရှိနေပါတယ်။ စာအုပ်ပေါင်း ၃၈သန်းကျော်မှာ ရှားပါးစာအုပ်ချည်းပဲ ၈သိန်းနီးပါးခန့်ရှိပါတယ်။ ဒီအထဲမှာ အမေရိကန်လွတ်လပ်ရေးကြေငြာစာတန်း ၊ ၁၅ရာစုထုတ် နွားသားရေစာအုပ်ဖြစ်တဲ့ ဂူတင်ဘတ်သမ္မာကျမ်းစာ(ကမ္ဘာပေါ်မှာ ၃အုပ်ပဲရှိ) ၊ ၁၆၄၀ ထုတ် အမေရိကန်ရဲ့ပထမဆုံးစာအုပ် The Bay Psalm Book လိုစာအုပ်တွေပါဝင်နေပါတယ်။ ဒီစာကြည့်တိုက်မှာ အကြီးဆုံးစာအုပ်ကတော့ ၅ပေx၇ပေ အရွယ်အစားရှိတဲ့ စာအုပ်ဖြစ်ပြီး ဘူတန်နိုင်ငံရဲ့ပုံရိပ်များကို ဖော်ပြထားတဲ့စာအုပ်ပါ။ အငယ်ဆုံးစာအုပ်ကတော့ အလျားအနံ ၁လက်မရဲ့ ၂၅ပုံ ၁ပုံစီသာရှိတဲ့ Old King Cole စာအုပ်ဖြစ်ပါတယ်။
(စာအုပ်ချည်းပဲဆိုရင်တော့ ကွန်ဂရက်စာကြည့်တိုက်မှာ စာအုပ် ၃၈သန်းရှိပြီး ၊ ဗြိတိသျှစာကြည့်တိုက်မှာ စာအုပ် ၁၄သန်းခန့်သာ ရှိတဲ့အတွက် ကွန်ဂရက်က ပိုကြီးတယ်လို့ ဆိုရမှာပါ)
(၁) British Library
လက်ရှိကမ္ဘာပေါ်မှာ အကြီးဆုံးစာကြည့်တိုက်ကတော့ ဗြိတိသျှစာကြည့်တိုက်ဖြစ်ပါတယ်။ တည်ရှိရာနေရာကတော့ အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့တော်မှာဖြစ်ပြီး အင်္ဂလိပ်ပါလီမန်ရဲ့ ဆုံးဖြတ်ချက်နဲ့ (၁၉၇၂)ခုနှစ်မှာစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ British Library ဟာမူလ ကတော့ ဗြိတိန်အမျိုးသားပြတိုက်ရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ယင်းနေရာမှာပဲ Karl Marx ၊ Oscar Wide နဲ့ Mahatma Gandhi လိုကမ္ဘာကျော်ပုဂ္ဂိုလ်တွေစာပေလေ့လာလိုက် စားခဲ့ကြပါတယ်။
ဒီစာကြည့်တိုက်မှာ ဗြိတိန်ကျွန်းမကြီးပေါ်က ရှေးဟောင်းနဲ့ကာလပေါ်စာအုပ်စာပေတွေသာမက ကမ္ဘာနိုင်ငံအသီးသီးရဲ့စာပေမှတ်တမ်း စုစုပေါင်း သန်း (၁၇၀)ကနေ (၂၀၀)အကြားကို စုဆောင်းထားရှိတာဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ British Library ဟာ St. Pancras အဆောက်အအုံအတွင်းပါဝင်နေပြီး ပြတိုက်ရဲ့ရတနာတွေအဖြစ် Gutenberg bible (၂)အုပ်၊ Lindisfarne Gospels နဲ့ စွယ်စုံရရှေးပညာကျော်ကြီးလီယိုနာဒိုဒါဗင်ချီရဲ့ ရှားပါးမှတ်စုစာအုပ်တစ်အုပ်တို့ ရှိနေပါတယ်။
Thutazone