ဘဏ်လုပ်ငန်းစနစ်ဟာ နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးကွန်ယက်အတွက်တော့ အဓိကအသက်သွေးကြောသဖွယ်ဖြစ်ပြီး နိုင်ငံတကာစီးပွားရေးလမ်းကြောင်းမှာလည်းမရှိမဖြစ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းလည်းဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတန်ဖိုးအကြီးဆုံးသော ဘဏ်တွေဟာငွေကြေးအပ်နှံသူတွေအတွက် အာမခံချက် အပေးနိုင်ဆုံးသောဘဏ်တွေ လို့ဆိုရပါမယ်။
ဒါဆိုရင်လက်ရှိကမ္ဘာပေါ်မှာ ပိုင်ဆိုင်မှု တန်ဖိုးအကြီးဆုံးသောဘဏ်တွေဟာ ဘယ်ဘဏ်တွေလဲ၊ ဘယ်နိုင်ငံမှာလည်းရှိတာ လည်းဆိုတဲ့အဖြေဟာစိတ်ဝင်စားစရာဖြစ်လာခဲ့ပြန်ပါတယ်။ ဒီနေရာမှာ သုတဇုန်မိတ် ဆွေတွေကိုမျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်က အကြီးဆုံးသောဘဏ်ကြီး(၉)ခုရဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။
အချက်အလက်တွေကိုတော့ (၂၀၁၉)ခုနှစ်S&P ရဲ့ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ထောက်လှမ်းရေးအစီရင်ခံစာကနေ အခြေခံထားတာဖြစ်ပါတယ်။ ထိပ်တန်းနေရာတွေကိုတော့ လက်ရှိ ကမ္ဘာ့စီးပွားရေးကိုအင်နဲ့အားနဲ့ဖြန့်ကျက်နိုင်ဖို့ပြင်ဆင်နေတဲ့ တရုတ်နိုင်ငံကဘဏ်တွေက ရယူထားတာကိုတွေ့ရပါတယ်။
(၉) BNP Paribas
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ အခြေစိုက်တဲ့ဘဏ်တစ်ခုဖြစ်ပြီး ပိုင်ဆိုင်မှုတန်ဖိုးအမေရိ ကန်ဒေါ်လာ (၂.၃၄) ထရီလီယံ အထိရှိတာကြောင့် ဥရောပမှာတော့ ဒုတိယ အကြီးဆုံးဘဏ်အဖြစ် ရှိနေပါတယ်။ ဒါအပြင် BNP ဟာဆိုရင်နိုင်ငံပေါင်း(၇၂)နိုင်ငံမှာလုပ်ငန်းလည်ပတ်လျက် ရှိနေတဲ့ကမ္ဘာအကြီးဆုံးသောဘဏ်ကွန်ယက်စနစ်ကိုပိုင်ဆိုင်ထားတဲ့ဘဏ်တစ်ခုအနေနဲ့လည်း တည်ရှိနေပါတယ်။
BNP ရဲ့ domestic retail banking ဈေးကွက်တည်ရှိရာနေရာ (၄) ခုကတော့ပြင်သစ်၊အီတလီ၊ဘယ်ဂျီယံနဲ့ လူဇင်ဘတ်နိုင်ငံတွေမှာတည်ရှိနေတာဖြစ်ပါတယ်။ (၂၀၀၉)ခုနှစ်၊ဧပြီလမှာတော့ BNP ဟာ Fortis ဘဏ်ကနေရှယ်ရာ(၇၅)ရာခိုင် နှုန်းကိုဝယ်ယူနိုင်ခဲ့အပြီးမှာတော့ ဥရောပဇုန်ရဲ့ deposit holder အကြီးဆုံးဘဏ်အဖြစ်ရပ် တည်လာနိုင်ခဲ့ပါတယ်။ (၁၈၄၈)ခုနှစ်ကတည်းကစတင်တည်ထောင်ခဲ့တဲ့ဘဏ်ဖြစ်ပြီး ဝင်ငွေရဲ့လေးပုံသုံးပုံကျော်ဟာဆိုရင်နေ့စဉ်သုံးစွဲနေတဲ့ Client Account တွေကနေ ရယူနေနိုင်ခဲ့တာဖြစ်ပါတယ်။ BNP ရဲ့တရားဝင်ဝန်ထမ်းဦးရေကတော့ (၂၀၂၆၂၄) ဦး အထိ ရှိနေပါတယ်။
(၈) Bank of America (BAC)
အမေရိကန်ပြည်ထောင်စုရဲ့အကြီးဆုံးသောဘဏ်တွေအနက်က တစ်ခုဖြစ်ပြီး ပိုင်ဆိုင်မှု တန်ဖိုးအမေရိကန်ဒေါ်လာ (၂.၃၅)ထရီလီယံအထိရှိနေပါတယ်။ ကမ္ဘာတဝှမ်းက BAC ရဲ့ဖောက်သည်တွေကို အမေရိကန်ပြည်ထောင်စုနဲ့ အဓိကချိတ်ဆက်ပေးနေတဲ့(ကုမ္ပဏီပေါင်း ၅၀၀ ကျော်နဲ့ချိတ်ဆက်) ဘဏ်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
(၂၀၀၈)ခုနှစ်မှာတော့ BAC ဟာ နာမည်ကျော် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ Merrill Lynch နဲ့ ပူးပေါင်းခဲ့ပြီးဘဏ္ဍာရေးဆိုင်ရာတောင့်တင်းတဲ့ဘဏ်ဖြစ်လာခဲ့ပါတယ်။ BNC ဟာဆိုရင် နယူးယောက်စတော့အိတ်ချိန်း (NYSE) စာရင်းမှာလည်းပါ ဝင်နေပြီး S&P 500 index နဲ့ the Dow jones indystrial Average ရဲ့အစိတ်အပိုင်း တစ်ခုအနေနဲ့လည်းရှိနေပါတယ်။ ရုံးချုပ်ကတော့မြောက်ကာရိုလိုင်းနားက ချာလော့တီမှာတည်ရှိနေပြီးဝန်ထမ်းဦးရေ (၂၀၄၄၈၉)နဲ ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေဆောင်ရွက်ပေးလျက်ရှိနေပါတယ်။
(၇) HSBC Holdings PLC
ဗြိတိသျှဘဏ်ဖြစ်တဲ့ HSBC ဟာဆိုရင် ကမ္ဘာပေါ်မှာတော့ ၇ ခုမြောက် အကြီးဆုံးဘဏ်ကြီးဖြစ်ပြီး ဥရောပမှာတော့ အကြီးဆုံးဘဏ်ဖြစ်ပါတယ်။ ဒီဘဏ်ဟာ အမေရိကန်ပြည်ထောင်စုတစ်ခုလုံးမှာ ဘဏ်ခွဲပေါင်း (၄၆၀) ကျော် လောက်ကိုပိုင်ဆိုင်ထားပြီး နယူးယောက်ပြည်နယ်တစ်ခုတည်းမှာတင်ဘဏ်ခွဲ (၃၈၀) လောက်တည်ရှိနေပါတယ်။ ကမ္ဘာအနှံ့မှာတော့ ဘဏ်ခွဲပေါင်း ၉၀၀၀ ကျော် အထိဖွင့်လှစ်ထားနိုင်တဲ့ ဘဏ်ကြီးဖြစ်ပါတယ်။
ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၂.၅၅)ထရီလီယံရှိပြီး အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်မှာအခြေစိုက်ကာ ဝန်ထမ်းပေါင်း ( ၂၃၅ ၀၀၀) လောက် ပိုင်ဆိုင်ထားပါတယ်။ (၁၈၆၅)ခုနှစ်ကတည်းက ဟောင်ကောင်မှာစတင်တည်ထောင်ခဲ့ တဲ့ဘဏ်ဖြစ်ပြီး သူရဲ့ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေ၊ retail banking တွေနဲ့ ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာဘဏ်လုပ်ငန်းစဉ်တွေ၊ကနေ သူရဲ့Customer (၄)သန်းလောက်ကို နိုင်ငံတကာ စီးပွားရေးဈေးကွက်အတွင်း ဝင်ရောက်နိုင်ရန် ဝန်ဆောင်မှုပေးနေတာကိုတွေ့ရပါတယ်။
(၆) J.P Morgan Chase
ကမ္ဘာ့ပိုင်ဆိုင်မှုတန်ဖိုးအကြီးဆုံးဘဏ်စာရင်းမှာနံပါတ်(၆) နေရာကနေရပ်တည်နေတာ ကတော့ အမေရိကန်ပြည်ထောင်စု အခြေစိုက် J.P Morgan Chase ဖြစ်ပါတယ်။ ဒီစာရင်းမှာပါဝင်တဲ့ဘဏ်စာရင်းမှာတော့ ဒုတိယမြောက်သက်တမ်းအနုဆုံးဘဏ်ဖြစ်ပြီး (၂၀၀၀) ပြည့်နှစ်ကစတင်တည်ထောင်ခဲ့ ကာပိုင်ဆိုင်မှုတန်ဖိုးအမေရိကန်ဒေါ်လာ (၂.၆၂)ထရီလီယံအထိရှိနေတာကိုတွေ့ရပါတယ်။ တကယ်တော့ ဘဏ်အသစ်လို့ ဆိုပေမယ့် J.P Morgan ဟာ နှစ်ပေါင်း ၂၂၀ သက်တမ်းရှိတဲ့ Bank of the Manhattan ကို ဆက်ခံထားတာဖြစ်ပါတယ်။
J.P Morgan Chase ဟာနိုင်ငံပေါင်း (၁၀၀) ကျော်လောက်မှာရှိနေတဲ့ သူရဲ့ဖောက်သည်တွေအတွက်လိုအပ်တဲ့ကုန်ပစ္စည်း ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေကိုပေးအပ်နေတဲ့ ဘဏ်လည်းဖြစ်ပါတယ်။ ဘဏ္ဍာငွေဆိုင်ရာစီမံခန့်ခွဲရေးလုပ်ငန်းတွေ၊ ရင်းနှီးမြုပ်နှံမှုဘဏ်လုပ်ငန်းတွေ၊ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေ၊ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာလုံခြုံရေးလုပ်ငန်းတွေကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပြီးနယူးယောက်မြို့တော်မှာအခြေစိုက်ပါတယ်။ J.P Morgan Chase ဟာဆိုရင် NYSE ရဲ့လက်အောက်က ticker symbol JPM အဖြစ်ကုန်သွယ်မှုလုပ်ငန်းတွေကိုလုပ်ကိုင်လျက်ရှိနေပြီး ဝန်ထမ်းဦးရေ ( ၂၅၆၉၈၁ )ဦးလောက်နဲ့စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်လျက်ရှိနေပါတယ်။
(၅) Mitsubishi UFJ Financial Group
ပိုင်ဆိုင်မှုတန်ဖိုးအမေရိကန်ဒေါ်လာ (၃.၀၇)ထရီလီယံနဲ့ ကမ္ဘာ့ ၅ ခုမြောက်အကြီးဆုံး ဘဏ်ကတော့ ဂျပန်နိုင်ငံ Misubishi Group ရဲ့ပိုင်ဆိုင်မှုအောက်မှာရှိတဲ့ MUFJ ဘဏ်ဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းအပြင်အာခခံလုပ်ငန်းတွေ၊ဘဏ္ဍာရေးဆိုင်ရာ ရပ်နှီးမြုပ်နှံမှုလုပ်ငန်းတွေကိုနိုင်ငံတကာနယ်ပယ်အထိရောက်အောင်ဝန်ဆောင်မှုပေး နေတဲ့ ဂျပန်နိုင်ငံရဲ့အကြီးဆုံးသောဘဏ်အဖြစ်လည်းရှိနေပါတယ်။
တိုကျိုအခြေစိုက် မစ်ဆူဘီရှီငွေကြေးအဖွဲ့အစည်း နဲ့ အိုဆာကာအခြေစိုက် UFJ Holdings တို့ ပူးပေါင်းရာကနေ Mitsubishi UFJ ဘဏ်ဆိုပြီး ဖြစ်လာတာပါ။ တည်ထောင်တဲ့ ခုနှစ်ကတော့ (၂၀၀၅)ခုနှစ်ဖြစ်ပြီး အခုစာရင်းမှာတော့ သက်တမ်းအနုဆုံးဘဏ်လည်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံ မြို့တော်တိုကျိုမှာအခြေစိုက်ကာဝန်ထမ်းပေါင်း (၁၀၆၈၀၀)ဦးနဲ့ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေကိုပြုလုပ်ပေးလျက်ရှိပါတယ်။
(၄) Bank of China
ကမ္ဘာထိပ်တန်းဘဏ်စာရင်းမှာ နံပါတ်(၄) နေရာကရပ်တည်နေတာကတော့ တရုတ်နိုင်ငံ ဘေဂျင်းမှာပဲအခြေစိုက်တဲ့ Bank of China (တရုတ်ကူးသန်းရောင်းဝယ်ရေးဘဏ်) ဖြစ်ပြီးပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၃.၀၉)ထရီလီယံအထိရှိနေပါတယ်။ (၁၉၁၂) ခုနှစ်ကတည်းကစတင်တည်ထောင်ခဲ့တာဖြစ်ပြီး အစိုးရရဲ့ထိန်းချုပ်မှု(၁၀၀)ရာခိုင်နှုန်းရှိ မနေတာမှန်ပေမဲ့ ဘဏ်ရဲ့အဓိကရှယ်ယာပိုင်ရှင်ကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အစိုးရပဲဖြစ်ပါတယ်။
တရုတ်နိုင်ငံတွင်းမှာတော့ ဒုတိယမြောက်ချေးငွေထုတ်ချေးမှု အများဆုံးဘဏ်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့နယူးယောက်ပြည်နယ်အတွင်းမှာ တောင်ဘဏ်ခွဲ(၂)ခုရှိနေပါတယ်။ Bank of China ရဲ့ငွေကြေးနဲ့ဘဏ္ဍာရေးဆိုင်ရာကွန် ယက်အတွင်းမှာတော့ ဘဏ်ဝန်ထမ်းပေါင်း (၃၁၁၀၀၀) လောက်ရှိနေပြီး ဒီဘဏ်ကို နာမည်အတိုကောက် BOC လို့ပဲခေါ်ကြလေ့ရှိပါတယ်။
(၃) Agricultural Bank of China
တရုတ်နိုင်ငံရဲ့စိုက်ပျိုးမွေးမြူရေးဘဏ် ( Agricultural Bank of China) ဟာ ဆိုရင် ကမ္ဘာ့တတိယအကြီးဆုံးဘဏ်အဖြစ် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ (၃.၂၉)ထရီလီယံနဲ့ရပ်တည်နေပါတယ်။ တရုတ်အစိုးရပိုင်ဒီဘဏ်ကို တည်ထောင်တဲ့ခုနှစ်ကတော့ (၁၉၅၁) ခုနှစ်ကဖြစ်ပြီး လန်ဒန်၊ဆစ်ဒနီ၊နယူးယောက်၊စင်ကာပူနဲ့ဆိုးလ်မြို့တော်အပါအဝင်ကမ္ဘာ နိုင်ငံမြို့တော်ကြီးအတော်များများမှာဘဏ်ခွဲတွေထားရှိပြီးငွေကြေးဆိုင်ရာဝန်ဆောင်မှု တွေပြုလုပ်ပေးနေပါတယ်။
(၂၀၀၇)ခုနှစ်ကတော့ AG Bankဟာ တရုတ်ဘဏ်သမိုင်း မှာအမြင့်ဆုံးအနေနဲ့ အမေရိကန်ဒေါ်လာ (၇.၅)သန်းအထိ ခိုးယူလုယက်ခြင်းခံခဲ့ရပါတယ်။ AG Bank ရဲ့ရုံးချုပ်ကတော့မြို့တော်ဘေဂျင်းမှာပဲတည်ရှိပြီး တရားဝင်ဝန်ထမ်း ဦးရေ (၄၇၃၆၉၁)ဦးအထိခန့်ထားတာကိုတွေ့ရပါတယ်။ ကမ္ဘာတလွှားမှာ သူ့ရဲ့ Customer ပေါင်း သန်း ၃၂၀ ခန့်ရှိနေပြီး ဘဏ်ခွဲပေါင်း ၂၄၀၀၀ နီးပါးဖွင့်လှစ်ထားနိုင်တဲ့ တရုတ္အစုိးရပုိင္ဧရာမဘဏ်ကြီးလည်း ဖြစ်ပါတယ်။
(၂) China Construction Bank of Corporation
ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးဘဏ်ကတော့ CCB လို့အတိုကောက် ခေါ်ဆိုလေ့ရှိတဲ့ China Construction Bank of Coporation ဖြစ်ပြီးမြို့တော် ဘေဂျင်းမှာပဲအခြေစိုက်ပါ တယ်။ CCB ရဲ့လက်ရှိပိုင်ဆိုင်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၃.၃၈)ထရီလီယံအထိ ရှိနေပြီး (၁၉၅၄)ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့တရုတ်နိုင်ငံရဲ့သက်တမ်းရင့် ဘဏ်တစ်ခုအဖြစ်လည်းရှိနေပါတယ်။
(၂၀၀၅)ခုနှစ်တုန်းကတော့ တရုတ်နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေချဲထွင်လိုနေတဲ့ Bank of America ( BAC ) က CCB ရဲ့ အစုရှယ်ယာ (၉)ရာခိုင်နှုန်းကိုဝယ်ယူခဲ့ပါတယ်။ ဒါပေမဲ့ BAC ရဲ့ရည်ရွယ်ချက်ဟာ အထမမြောက်ပဲ (၂၀၀၉)ခုနှစ်အမေရိကန်နိုင်ငံရဲ့ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းကြောင့် ဝယ်ယူထားတဲ့အစုရှယ်ယာတွေကို ပြန်လည်ရောင်းချခဲ့ရပါတယ်။ (၂၀၁၃)ခုနှစ် မှာတော့ BAC ဟာကျန်ရှိတဲ့အစုရှယ်ယာအားလုံးကိုအပြီးသတ်ရောင်းချခဲ့ပြီးသူရဲ့အာရှဈေးကွက်ကိုဟောင်ကောင်နိုင်ငံဘက်ကိုပြန်လည်ဦးတည်သွားခဲ့ရပါတယ်။
CCB ဘဏ်ဟာ ကမ္ဘာတလွှားမှာတော့ ဘဏ်ခွဲပေါင်း ၁၃၀၀၀ ကျော်ကို ဖွင့်လှစ်ထားပြီး ဒီဘဏ်ကို ပိုင်ဆိုင်သူက တရုတ်အစိုးရသာ ဖြစ်ပါတယ်။ China Construction Bank of Coporation ဘဏ် လက်ရှိအချိန်ထိဝန်ထမ်းပေါင်း (၃၄၅ ၉၇၁) ဦးလောက်နဲ့ဘဏ်လုပ်ငန်းတွေကိုဝန်ဆောင်မှုပေးလျက်ရှိနေပါတယ်။
(၁) Industrial and Commercial Bank of China
ICBC လို့သိကြတဲ့တရုတ်နိုင်ငံရဲ့စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်ကိုတော့ (၁၉၈၄ )ခုနှစ်က စတင်တည်ထောင်ပြီးအင်နဲ့အားနဲ့ဖွံဖြိုးလာတဲ့တရုတ်စီးပွားရေးနဲ့အတူလျှင်မြန် စွာကြီးထွားလာခဲ့တဲ့ ဘဏ်ကြီးဖြစ်ပါတယ်။ မြို့တော်ဘေဂျင်းအခြေစိုက် ICBC ရဲ့လက်ရှိ ပိုင်ဆိုင်မှုစာရင်းက အမေရိကန်ဒေါ်လာ (၄.၀၃)ထရီလီယံဖြစ်တာကြောင့် ကမ္ဘာအကြီးဆုံးဘဏ်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ ဒီဘဏ်ရဲ့ ရှယ်ယာ ၇၀.၈၂% ကို တရုတ်အစိုးရက ပိုင်ဆိုင်ပါတယ်။
စက်မှုလုပ်ငန်းတွေ၊ကုန်ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ၊လျှပ်စစ်စွမ်းအင်နဲ့ ကုန်စည်လက်လီရောင်းချတဲ့လုပ်ငန်းတွေ အတွက် ချေးငွေတွေကိုထုတ်ချေးပေးနေပြီးအလျှင် အမြန်အကျိုးအမြတ်ဖြစ်ထွန်းနေကာ (၂၀၁၇)ခုနှစ်(၃)လပတ်ကာလတွင်းမှာပဲအမြတ် ငွေ (၃.၃)ရာခိုင်နှုန်းတိုးလာခဲ့တယ်လို့ S&P ရဲ့မှတ်တမ်းတွေအရသိရပါတယ်။ လက်ရှိ အချိန်ထိ ICBC ရဲ့တရားဝင်ဝန်ထမ်းအင်အားက (၄၅၃ ၀၄၈) ဦး အထိရှိနေတာကိုတွေ့ရပါတယ်။