သမိုင်းဖြစ်စဉ်တွေကိုပြန်ကြည့်မယ်ဆိုရင် လူသားအားလုံးအတွက် အမှတ်ရစရာခေါင်းဆောင်တွေဟာ ကမ္ဘာနေရာအသီးသီးမှာပေါ်ထွက်ခဲ့တာကိုတွေ့ရပါတယ်။ ခေါင်းဆောင်မှုအရည်အသွေးထက်မြက်မှုနဲ့ စိတ်ထားမွန်မြတ်မှုကို ပိုင်ဆိုင်တဲ့ခေါင်းဆောင် တွေကြောင့် ပြည်သူလူထုတွေကောင်းကျိုးချမ်းသာခံစားခဲ့ရသလို တစ်ဖက်မှာလည်း အာဏာနဲ့ စစ်မာန်စွယ်ငေါနေတဲ့ စစ်ဘီလူးခေါင်းဆောင်တွေကြောင့်လည်း အပြစ်မဲ့ပြည်သူ ကမ္ဘာသားသန်းနဲ့ချီသေဆုံးခဲ့ရတာကို သမိုင်းစာမျက်နှာတွေမှာ အထင်အရှားတွေ့ရပါတယ်။
အဆိုးဆုံး၊အဆိုးဆုံးသောအကြမ်းဖက်သမားလို့ ခေါင်းစဉ်တပ်ရမဲ့ အုပ်ချုပ်သူတွေအနက်က ဒီနေရာမှာမျှဝေပေးချင်တာကတော့ ရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့ကြတဲ့ ကမ္ဘာအဆိုးဆုံနဲ့အရက်စက်ဆုံး နိုင်ငံခေါင်းဆောင်(၁၀)ဦးရဲ့အေ ကြာင်းအရာ အချို့ဖြစ်ပါတယ်။ Wonderslist ဝဘ်ဆိုဒ်က ပြုစုထားတဲ့စာရင်းဖြစ်တာကြောင့် မိတ်ဆွေတို့ထင်ထားတဲ့သူတွေနဲ့ တော့ ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။
(၁၀) Idi Amin Dada
စစ်အာဏာရှင်တစ်ယောက်ဖြစ်တဲ့ Idi Amin Dada ဟာ အာဖရိကတိုက်က ယူဂန်ဒါနိုင်ငံ ကို(၁၉၇၁) ကနေ (၁၉၇၉)ခုနှစ်အထိ သမ္မတတစ်ယောက်အနေနဲ့အုပ်ချုပ်ခဲ့ပါတယ်။ သူ့ရဲ့ဆိုးရွားလွန်းတဲ့ရက်စက်မှုတွေကြောင့် ယူဂန်ဒါက သားသတ်သမားလို့ တင်စားခေါ်ဝေါ်ခံရပါတယ်။ Amin ဟာဗြိတိသျှတွေလက်ထဲက ယူဂန်ဒါရိုင်ဖယ်တပ်ရင်းကို (၁၉၄၆)ခုနှစ်ကစတင် ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ယူဂန်ဒါစစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီးရာထူးအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ (၁၉၇၁)ခုနှစ်ဇန်နဝါရီမှာ စစ်တပ်ရဲ့အာဏာသိမ်းမှုအပြီးမှာတော့ Idi Amin Dadaဟာ ယူဂန်ဒါစစ်တပ်တစ်ခုလုံးကိုထိန်းချုပ်နိုင်ခဲ့ပြီး မကြာခင်မှာပဲ ဗိုလ်ချုပ် မှူးကြီးရာထူးတိုးမြှင့်ကာ ယူဂန်ဒါကိုစစ်အုပ်ချုပ်ရေးနဲ့စတင်အုပ်ချုပ်ခဲ့ပါတယ်။
သူရဲ့မူကိုက လူအခွင့်အရေးကိုဆန့်ကျင်နေပြီး ပြိုင်ဘက်နိုင်ငံရေးပါတီတွေ၊အတိုက်အခံတွေ၊တိုင်း ရင်းသားမျိုးနွယ်စုဝင်တွေအပေါ်မှာ ရက်ရက်စက်စက်နှိမ်နင်းခဲ့ပြီးတရားဝင်စာရင်းတွေ အရ လူပေါင်း(၈၀၀၀၀)ကနေ(၅၀၀၀၀၀)လောက်ဟာ Idi Amin Dada ရဲ့စနက်နဲ့ အသက်ပျောက်ခဲ့ရပါတယ်။ သူဟာဥရောပသားတွေကို အမုန်းကြီးမုန်းနေသူလည်းဖြစ်ပြီး သူမိန့်ခွန်းတွေမှာဆိုရင် ငါတို့အာဖရိကန်တွေကို ကျွန်အဖြစ်ဥရောပကိုပို့ခဲ့တာ ဒီကောင်တွေ(ဥရောပသား)ပဲလေ အခုလည်း သွေးခွဲတာတွေလုပ်ပြီး ဒုက္ခပေးနေတုန်းပါပဲ ခြားနားချက်ကတော့ ငါတို့က ခုချိန်မှာ ငပိန်းတွေမဟုတ်ဘူး စတဲ့ စကားများကိုပြောကြားလေ့ရှိသူဖြစ်ပါတယ်။
သူဟာ တိုင်းပြည်ရဲ့အင်အားဟာ တိုင်းပြည်တွင်းမှာပဲရှိမယ်လို့ယုံကြည်သူဖြစ်ပြီး သူသေဆုံးချိန်အထိ သူ့ရဲ့ရက်စက်မှုတွေအတွက် နည်းနည်းလေးမှ နောင်တမရပဲ ယူဂန်ဒါနိုင်ငံဟာ သူကိုအလိုရှိနေဆဲလို့ထင်မှတ်ခဲ့သူလည်းဖြစ်ပါတယ်။ မရေမတွက်နိုင်တဲ့လူသတ်မှုတွေရဲ့အဓိက လက်သည်ကြီး Idi Amin Dadaဟာ (၂၀၀၃)ခုနှစ်၊ဂျူလိုင်(၂၀)မှာတော့ ဆော်ဒီအာရေးဗျနိုင်ငံ ဂျီဒတ်က King Faisal Specialist ဆေးရုံမှာမအောင်မြင်တဲ့ ကျောက်ကပ်အစားထိုးမှုနဲ့ ကွယ်လွန်ခဲ့ပါတယ်။
(၉) Attila The Hun
နာမည်ကျော် ဟန်းလူမျိုးအင်ပါယာရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Attilaဟာ(၄၃၄)ခုနှစ်က နေ(၄၅၃)အထိ ဟန်းလူမျိုးတွေကိုဦးဆောင်ပြီး စစ်တိုက်ဖို့ပဲအမြဲစဉ်းစားနေသူဖြစ်ပါ တယ်။ သူဟာ Ural မြစ်ကနေ Rhine မြစ်အထိနယ်ချဲခဲ့ပြီး ယင်းကနေမရပ်မနားပဲ Danube မြစ်ကနေ Baltic ပင်လယ်အထိကျူးကျော်စစ်ပွဲတွေဆင်နွှဲခဲ့ပြန်ပါတယ်။ Attila ကိုသမိုင်းရဲ့အကြီးဆုံးဗီလိန်အဖြစ် ဥရောပသားတွေကသတ်မှတ်ထားကြပြီး အနောက် ဥရောပနိုင်ငံတွေဆိုရင် မွေးကင်းစကလေးကနေ သက်ကြီးရွယ်အိုတွေအထိ လူပေါင်းများစွာဟာ သတ်ဖြတ်ခံခဲ့ရပါတယ်။
Attila ဟာ Danube မြစ်ကို (၂) ကြိမ်တိုင်ဖြတ်ပြီး Balkans ဒေသအတွင်းကနိုင်ငံတွေကို လုယက်ဖျက်ဆီးကာ ရောမအင်ပါယာရဲ့ပိုင်နက်တော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ မြို့တော် Constantinople ကိုတော့ မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ Attilaဟာ ပြင်သစ်နိုင်ငံက Roman Gaul ဒေသကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ပြီး (၄၅၁)ခုနှစ်မှာလည်း ရိုင်းမြစ်ကို ဖြတ်ကျော်ပြီး Aurelianum (Orleans) ဒေသကို သိမ်းပိုက်ခဲ့ပေမဲ့ Catalaunian Plains တိုက်ပွဲမှာရှုံးနိမ့်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ ဆက်တိုက်ဆိုသလိုဟန်းလူမျိုး တွေဟာ အီတလီမြောက်ပိုင်းကပြည်နယ်တွေကို သိမ်းပိုက်ကာ ရောမကို ထပ်မံကျူးကျော်ခဲ့ပြန်ပါတယ်။
ဒီတစ်ခါမှာတော့ အကွီလီယာ ၊ ဗီရွန်နာ၊ ဘရစ်ရှီးယား ၊ ဘာဂွန်မန် နဲ့ မီဒီယိုလေနမ်(မီလန်) စတဲ့မြို့ကြီးတွေဟာ အတီလာရဲ့လက်အောက်ကို ရောက်ခဲ့ပြီး ပြာပုံဘဝကိုရောက်ခဲ့ရပါတယ်။ ဒါပေမယ့် ငတ်မွတ်မှု နှင့် ကူးစက်ရောဂါတွေကြောင့် ရောမကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိပဲ နောက်တစ်ကြိမ်မှ သိမ်းပိုက်ဖို့အစီစဉ်ချမှတ်ပြီးနေရပ်ကို(၄၅၂)ခုနှစ်မှာပြန်လာခဲ့ပါတယ်။ သူရဲ့တပ် ပြန်လည်ဆုတ်ခွာလာတဲ့ လမ်းကြောင်းမှာတော့ Attila ရဲ့ပုံစံအတိုင်း လုယက်ဖျက်ဆီးခြင်းနဲ့ လူသတ်ပွဲတွေ လှိုင်လှိုင်လုပ်ပြီး ပြန်လာခဲ့ပြန်ပါတယ်။
ပြန်လာရတဲ့အကြောင်းပြချက်တစ်ခု ကတော့ လက်ထပ်ပွဲ ဆင်နွှဲရန်အတွက်ဖြစ်တယ်လို့သိရပါတယ်။ အမှန်ဆိုသူဟာမိန်းမအများကြီး ရှိသူဖြစ်ပြီး တချို့မှတ်တမ်းတွေအရဆိုရင် အယောက် ၃၀၀ခန့်တောင်ရှိခဲ့သူပါ။ အံံ့သြသင့်စရာကောင်းတာကတော့ (၄၅၃)ခုနှစ်ရဲ့ အစပိုင်းမှာပြုလုပ်ခဲ့တဲ့မင်္ဂလာဦးညမှာတော့ စစ်ဘုရင်ကြီး Attila ဟာအမူးလွန်ပြီး နှာခေါင်းသွေးလျှံတဲ့ရောဂါနဲ့ တစ်ယောက်တည်းရှိနေတဲ့အချိန်မှာ သေဆုံးသွားခဲ့ပါတယ်။
(၈) Genghis Khan
နာမည်ကျော် မွန်ဂိုအင်ပါယာကို တည်ထောင်သူ Genghis Khan ဟာလည်း သူရဲ့ မရပ်နားနိုင်တဲ့နယ်မြေသိမ်းစစ်ပွဲတွေကြောင့် အရက်စက်ဆုံး လူသားစာရင်းမှာ ပါဝင်လာခဲ့ပြန်ပါတယ်။ အထူးသဖြင့် အာရှအရှေ့မြောက်ဒေသတိုက်ပွဲတွေမှာ Genghis Khan ရဲ့ မွန်ဂိုတပ်တွေရဲ့ရက်စက်မှုတွေဟာ အစွမ်းကုန်ဖြစ်ခဲ့ပြီး သွေးချောင်းစီးတမျှသတ်ဖြတ် ပြခဲ့ကြပါတယ်။ မွန်ဂိုအင်ပါယာကိုထူထောင်ပြီးချင်း Genghis Khan ဟာယူရေးရှားဒေသအများစုကိုသိမ်းယူနိုင်ခဲ့ပြီး ဥရောပအထိကျူးကျော်စစ်တွေကို ဆင်နွှဲခဲ့ပြန်ပါတယ်။
သူသိမ်းပိုက်ခဲ့တဲ့ အကျယ်အဝန်းကတော့ အိန္ဒိယအနောက်မြောက်ပိုင်း ၊ အီရန် ၊ ရုရှားနိုင်ငံတစ်စိတ်တစ်ဒေသ ၊ တရုတ်နိုင်ငံ မြောက်ပိုင်း ကြားဧရိယာအားလုံးဖြစ်တယ်။ စတုရန်းမိုင်ပေါင်း ၁၁သန်း နဲ့ ၁၂ကြား (ကမ္ဘာ့ကုန်းမြေရဲ့ ၁၆.၁၁ရာခိုင်နှုန်း) ကျယ်ဝန်းခဲ့ပြီး ကမ္ဘာ့တစ်ဆက်တည်း ဧရိယာအကြီးမားဆုံးအင်ပါယာတည်ထောင်သူ အဖြစ် သမိုင်းတင်ခဲ့တယ်။ Genghis Khan ဟာစစ်သားကောင်းတစ်ယောက်လည်းဖြစ်တယ် လို့သိရပြီး မွန်ဂိုမျိုးနွယ်စုအားလုံးကိုသာမက သူမိသားစုဝင်တွေကိုပါ တင်းကျပ်တဲ့ စစ်စည်းကမ်းတွေနဲ့ အုပ်ချုပ်ခဲ့သူလည်းဖြစ်ပါတယ်။
(၇) Pol Pot
ခမာနီခေါင်းဆောင် ပိုပေါ့ သတ်ခဲ့တဲ့အရေအတွက်ဟာ အခြားအာဏာရှင်တွေ နည်းပေမယ့် သူ့ကို အရက်စက်ဆုံးလူသားလို့ သတ်မှတ်ချင်လည်း သတ်မှတ်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ သူက အခြားအာဏာရှင်တွေလို မဟုတ်ပဲ ကိုယ့်လူမျိုးချည်း သန်းနဲ့ချီသတ်ပစ်ခဲ့လို့ပါ။ (၁၉၇၆)ကနေ(၁၉၇၉)ခုနှစ်အထိ ကမ္ဘောဒီးယားနိုင်ငံကို ကွန်မြူနစ်စနစ်နဲ့ ရက်ရက်စက်စက်အုပ်ချုပ်ခဲ့သူ Pol Pot ဟာကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်သလို Khmer Rouge တွေရဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။
Pol Potဟာ (၁၉၇၅)၊ဧပြီ(၁၇)ရက်နေ့ မှာကမ္ဘောဒီးယားရဲ့ခေါင်းဆောင်စဖြစ်လာခဲ့ပြီး သူရဲ့ဦးဆောင်မှုနဲ့ တစ်တိုင်းပြည်လုံးငတ် မွတ်ခေါင်းပါးမှုတွေ၊ကပ်ရောဂါတွေအပြင် အထူးလူသတ်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူ သန်းနဲ့ချီသေဆုံးခဲ့ရပါတယ်။ Pol Pot ဟာအာဏာကို ထိန်းသိမ်းဖို့အကြမ်းဖက်နည်းကို သာရွေးချယ်ခဲ့ပြီး သူ့ကိုဆန့်ကျင်သူတိုင်းဟာ ထောင်ထဲမှာ၊လူသတ်ရုံမှာ နှိပ်စက်မှုမျိုးစုံ နဲ့သေဆုံးခဲ့ရတာချည်းသာဖြစ်လို့ အရက်စက်ဆုံးခေါင်းဆောင်စာရင်းမှာပါဝင်နေတာ ဟာ သိပ်တော့အဆန်းမဟုတ်ပါဘူး။
(၆) Vlad Tepes
Vlad Tepes ကို Vlad Dracula လို့လည်းလူသိများကြပြီး Wallachia (ယခုရိုမေးနီးယားနိုင်ငံတွင်းမှာတည်ရှိ)ရဲ့သုံးဆက်မြောက်သက်ဦးဆံပိုင်ဘုရင်ဖြစ်ပြီး (၁၄၅၆)ကနေ (၁၄၆၂)ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါတယ်။ ယင်းကာလက အော်တိုမန်အင်ပါ ယာဟာ ဥရောပရဲ့ဘောလကန်ဒေသမှာအောင်ပွဲတွေဆက်တိုက်ရရှိနေချိန်လည်းဖြစ်ပါ တယ်။ သမိုင်းဆရာတွေကတော့ Vlad Tepes ဟာသွေးစုပ်ဖုတ်ကောင်ပူးဝင်နေတဲ့သူ တစ်ဦးဖြစ်ကြောင်းမှတ်ချက်ပြုကြပြီး တစ်ဦးရဲ့ဗိုက်ကိုတစ်ဦးကခွဲစေပြီး အူတွေကိုအပြိုင် အဆိုင်ထုတ်ခိုင်းတဲ့ရက်စက်ညှင်းပန်းမှုတွေဟာလည်း Vlad Tepes ရဲ့ကြံဆချက်တွေ ဖြစ်ပါတယ်။
Vlad Tepes ဟာထမင်းစားချိန်၊အရက်သေစာသောက်နေချိန်မှာတောင် လူတွေကို ညှင်းပန်းသတ်ဖြတ်နေတာကို တစ်စိမ့်စိမ့်ကြည့်ရတဲ့ မြင်ကွင်းကိုကြည့်ပြီး ပြုလုပ်လေ့ရှိတယ်လို့သိရပြီး လူသေအလောင်းကောင်တွေအနီးမှာပဲ သူရဲ့စားပွဲတွေ ကိုပြင်ဆင်ပေးရပါတယ်။ Vlad Tepes ရဲ့လက်ချက်နဲ့ Amlas မြို့က ယောင်္ကျား၊မိန်းမ၊ ကလေးငယ် (၂၀၀၀၀)လောက်ဟာ အပျင်းပြေသဘောမျိုးညှင်းပန်းသတ်ဖြတ်ခဲ့တာကို ခံခဲ့ရပါတယ်။
လူတစ်ယောက်ကိုအရှင်လတ်လတ်မြေမြုပ်ခြင်း၊ ရေနွေးလောင်းသတ်ခြင်း၊ မီးရှိုသက်ခြင်း၊ ဒလိမ့်တုံးနဲ့ကြိတ်ခြင်း၊ဓါးနဲ့အချက်ပေါင်းများစွာထိုးသတ်ခြင်းစတဲ့သတ် နည်းမျိုးစုံရဲ့မူပိုင်ရှင်ဟာ Vlad Tepes သာဖြစ်ပြီး လူအရှင်လတ်လတ်ရဲ့နှာခေါင်း၊နား၊ လိင်အင်္ဂါတွေနဲ့ခြေလက်တွေကို ဖြတ်တောက်တာကလည်း သူအလွန်နှစ်သက်တဲ့ အလုပ်တွေဖြစ်ခဲ့ပါသတဲ့ဗျာ။
(၅) Ivan 4 of Russia
ရုရှားသမိုင်းမှာလူဆိုးကြီး Ivan လို့လည်းသိကြတဲ့ Ivan (4) of Russia ဟာ(၁၅၃၃) ကနေ (၁၅၄၇)ခုနှစ်အထိက မော်စကိုရဲ့တော်ဝင်အိမ်ရှေ့မင်းသားအဖြစ်ရှိနေပြီး (၁၅၄၇) ကနေစတင်ကာ ရုရှားသမိုင်းရဲ့ ပထမဆုံး ဇာဘုရင်ဖြစ်လာခဲ့ပါတယ်။ Ivan (4)ဟာရှုပ် ထွေးတဲ့ လူူမှုရေးကိစ္စတွေကိုပိုင်ဆိုင်ထားပြီး ဉာဏ်ကောင်းကာ ဘာသာရေးကိုင်ရှိုင်းသူ အဖြစ်လည်းလူသိများပါတယ်။ ဒါပေမဲ့ သူဟာ စိတ်ရောဂါရှိသူတစ်ယောက်ဖြစ်နေတယ် ဆိုတဲ့အချက်နဲ့တင် ဒီစာရင်းထဲပါလာခဲ့ပါတယ်။
Ivan ဟာလူတွေကိုဒယ်အိုးထဲမှာထည့် ကြော်တဲ့နှိပ်စက်မှုတွေကို ပျော်ရွှင်စရာတစ်ခုအဖြစ်အရသာခံကြည့်ခဲ့ပြီး လူတစ်ထောင်လောက်ကို အရှင်လတ်လတ်ဒယ်အိုးထဲထည့်ပြီး သတ်ခဲ့တဲ့အထိ ရက်စက်ခဲ့တယ်လို့သိရပါတယ်။ သူရဲ့နှိပ်စက်မှု ဒဏ်ခံခဲ့ရတဲ့ မြို့သူ/သားတွေကိုလည်းထွက်မပြေးစေရန် ကြီးမားတဲ့နံရံတွေကို ကာစေခဲ့ပြီး လူ(၅၀၀)ကနေ (၁၀၀၀)ကြားရှိတဲ့ အပြစ်မဲ့ပြည်သူတွေဟာ ဘာပြစ်မှုကိုမှထင်ထင် ရှားရှားမပြုလုပ်ရပဲ တမင်တကာကို Ivan နဲ့သူရဲ့သားရှေမှောက်မှာ အသတ်ခံခဲ့ရရှာပါ တယ်။ မင်းဆိုးမင်းညစ်အဖြစ် သမိုင်းဆရာတွေမှတ်တမ်းတင်ခဲ့တဲ့ Ivan ဟာ(၁၅၈၄)ခုနှစ် မတ်လ(၁၈)ရက်နေ့မှာတော့ သူရဲ့မိတ်ဆွေနိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ Bogdan Belsky ဆိုသူနဲ့ စစ်တုရင်ကစားနေစဉ်မှာပဲ ဆေးပညာပိုင်းမှာ Stroke လို့ခေါ်တဲ့ လေသင်တုန်းဖြတ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
(၄) Adolph Eichmann
ဂျာမန်အင်ပါယာရဲ့ Rhineland နယ်ထဲက စက်မှုမြို့ငယ်လေး Solingen မှာမွေးဖွားခဲ့တဲ့ Adolph Eichmann ကိုတော့လူတော်တော်များများသိပါလိမ့်မယ်။ ဒါပေမဲ့ကောင်းသော သိခြင်းတော့မဟုတ်ပါဘူး။ ဟစ်တလာရဲ့အယုံကြည်ရဆုံးလူယုံ၊ကမ္ဘာထိပ်တန်းစစ်ရာဇဝတ်ကာင် Halocaust လို ဂျူးသုတ်သင်ရေးစီမံချက်တွေမှ ာအဓိကတာဝန်ရှိသူအဖြစ်နဲ့ပါ။ သူရဲ့လုပ်ရပ်ကြောင့်ဂျူးလူမျိုး(၅)သန်းနီးပါး သေဆုံးခဲ့ရပြီး ဂျာမနီတို့ စစ်ရှုံးပေမဲ့ သူကိုယ်တိုင်ကတော့ လွတ်မြောက်ပြီးအာဂျင်တီးနားနိုင်ငံမှာမိသားစုနဲ့အတူ သွား ရောက်နေထိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အစ္စရေးထောက်လှမ်းရေးအဖွဲ့မော့ဆတ်တွေရဲ့ ခြေရာခံခြင်းခံရပြီးနောက် အစ္စရေးကိုခေါ်ဆောင်ခြင်းခံခဲ့ရပြီး (၁၉၆၂)၊မေလ(၂၉) ရက် နေ့ရောက်မှသာ ကြိုးပေးကွပ်မျက်ခံခဲ့ရပါတယ်။ လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် နောင်တမရတဲ့အပြင် ဂျူးသန်းပေါင်းများစွာကို သုတ်သင်ပစ်ခဲ့သည့် စီမံကိန်းတွင် သူ မည်သို့ပါဝင်ခဲ့ပုံကို ဂုဏ်ယူဝံ့ကြွားစွာပြောခဲ့သူလည်းဖြစ်ပါတယ်။ လူသန်းနဲ့ချီသတ်ဖြတ်မှုတွေရဲ့ အဓိက လက်သည် Adolph Eichmannဟာ ကမ္ဘာအဆိုးဆုံးလူသားစာရင်းမှာနံပါတ်(၄)နေရာ ကပါဝင်နေတယ်။
(၃) Leopold (2) of Belgium
(၁၈၆၅)ကနေ(၁၉၀၉)ခုနှစ်အထိ ဘယ်ဂျီယံထီးနန်းကိုစိုးစံခဲ့တဲ့ Leopold (2)ဟာ ဘရပ်ဆဲလ်မှာမွေးဖွားခဲ့ပြီး Leopold (1) ဘုရင်နဲ့ Louise of Orleans တို့ရဲ့ဒုတိယမြောက် သားဖြစ်ပါတယ်။ သူဟာကွန်ဂိုနိုင်ငံကိုတည်ထောင်ခဲ့သူဖြစ်ပြီး ယင်းဒေသကသယံဇာတ တွေကိုရယူရာမှာလည်းဒေသခံတွေကိုပဲလူမဆန်တဲ့နည်းနဲ့ အမြတ်ထုတ်ခိုင်း စေခဲ့သူဖြစ်ပါတယ်။ Leopold (2) ဟာသူဖခင်ဆီကထီးနန်းကိုတော့ (၁၈၆၅)ခုနှစ်၊ဒီဇင်ဘာ(၁၇ )ရက်နေ့ကရယူခဲ့ပြီး (၄၄)နှစ်ကြာအောင်ထီးနန်းကိုစိုးစံခဲ့ပါတယ်။
သူဟာအလယ်အာဖရိကဒေသက ကွန်ဂိုနိုင်ငံကိုတည်ထောင်အပြီးမှာတော့ ယင်းဒေသကရာဘာနဲ့ ဆင်စွယ်တွေကိုအများအပြားထုတ်ယူခဲ့ပါတယ်။ ယင်းသို့ထုတ်ယူရာမှာလည်းဒေသခံ ကွန် ဂိုတိုင်းရင်းသားများစွာကိုကျွန်အဖြစ် အသုံးပြုပြီးရက်ရက်စက်စက် ကိုင်တွယ်ခိုင်းစေခဲ့ တာကြောင့် အာဖရိကသား ၁၀ သန်းနီးပါးဟာသေဆုံးခဲ့ရပါတယ်။ လူကြီးများသာမက ကလေးငယ်များပါ အလုပ်ခွဲတမ်းနဲ့လုပ်ရပြီး ပျက်ကွက်ပါက ရိုးရိုးမသတ်ပဲ ခြေဖြတ် ၊ လက်ဖြတ် ၊ မျိုးပွားအင်္ဂါတွေကိုဖြတ်ကာ အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်စေခဲ့သူလည်း ဖြစ်ပါတယ်။
(၂) Adolf Hitler
သြစတြီးယားဖွား ဂျာမန်လူမျိုး ဟစ်တလာဆိုရင်တော့မသိသူမရှိလောက်ပါဘူး။ စစ်အာဏာရှင်တွေအနက်မှာမှ တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်ပြခဲ့တဲ့ ငယ်စဉ်က နူးညံ့တဲ့စိတ်ရှိသူဟစ်တလာရဲ့ မူလရည်မှန်းချက်ကတော့ ပန်းချီဆရာတစ်ယောက်ဖြစ်ဖို့သာဖြစ်ပါသ တဲ့။ သူဟာနိုင်ငံရေးလောကကို ဂျာမန်အလုပ်သမားပါတီရဲ့ဝါဒဖြန့်ချီရေးတစ်ယောက် အဖြစ်ဝင်ရောက်လာခဲ့တာဖြစ်ပြီး (၁၉၃၃)ကနေ(၁၉၄၅)နှစ်အထိ ကာလအကြားမှာ အရာရာ ပျက်စီးပြီး ဗာဆိုင်းစာချုပ်နဲ့ရေတိမ်နစ်နေတဲ့ ဂျာမန်နိုင်ငံကို စက်မှုထိပ်သီးနိုင်ငံအဖြစ်အလျှင် အမြန်တည်ဆောက်ခဲ့တာကတော့ မဖြစ်မနေချီးကျူးရမဲ့အချက်ဖြစ်ပါတယ်။
နာဇီခေါင်းဆောင်ဖြစ်တဲ့ ဟစ်တလာဟာ ဒုတိယကမ္ဘာစစ်ကို စတင်မီးမွှေးခဲ့သူအဖြစ်လည်းနာမည်ကျော်ပြီး Halocaust လိုလူသတ် ပွဲတွေဟာလည်း သူ့ရဲ့အငြိုးကြီးမှုကြောင့် ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှာ တော့သူရဲ့ခေါင်းမာတဲ့ပေါ်လစီတွေကြောင့် စစ်ပွဲမဟုတ်ပဲ အခြားသောမလိုအပ်တဲ့ အနေအထားတွေကတင် မျိုးတုန်းသတ်ဖြတ်ခံခဲ့ရတဲ့ဂျူး(၆)သန်း အပါအဝင် လူ(၁၀)သန်းကျော်လောက်သေဆုံးခဲ့ရတယ်လို့ အဖြေထွက်ခဲ့ပါတယ်။ (၁၉၄၅)ခုနှစ်၊ ဧပြီ(၁၀)ရက်နေ့မှာတော့ ကမ္ဘာစစ်ကြီးကိုအရှုံးနဲ့ဇာတ်သိမ်းရပြီလို့ သိရှိသွားတဲ့ ဟစ်တလာဟာ မိမိကိုယ်ကိုသေနတ်နဲ့သတ်သေသွားခဲ့ပြီး သူရဲ့အလောင်းကိုတော့ လက်စပျောက်သွားခဲ့ပါတယ်။ အဲဒီတုန်းက ဟစ်တလာမသေခဲ့ပဲ လွတ်မြောက်သွားခဲ့တယ်လို့ ယုံကြည်တဲ့သူတွေလည်း ယခုတိုင်အောင် ဒုနဲ့ဒေးရှိနေဆဲပါ။
(၁) Joseph Stalin
နာမည်အရင်းကတော့ Joseph Viddarionovich Stalin ဖြစ်ပြီးဆိုဗီယက်ပြည်ထောင်စု ရဲ့ဝန်ကြီးချုပ်အဖြစ် (၁၉၄၁)မေ(၆)ရက်နေ့က သူသေဆုံးတဲ့(၁၉၅၃)၊မတ်လ(၅) ရက်နေ့အထိတာဝန်ယူသွားခဲ့ပါတယ်။ သူအုပ်စိုးစဉ်ကာလတွေမှာကမ်းကုန်အောင်မိုက်ခဲ့သူ၊ အစွမ်းရှိသမျှရက်စက်ခဲ့သူအဖြစ်နာမည်ကျော်ခဲ့သလို တစ်ဖက်ကလည်း ဆိုဗီယက်ရဲ့ ပုံရိပ်ကိုကမ္ဘာအလည်မှာ မြှင့်တင်ပေးခဲ့သူ၊ နာဇီဂျာမနီကိုအောင်နိုင်သူအဖြစ်လည်း နာမည်ကျော်ခဲ့ပါတယ်။
ယခင်ဆိုဗီယက်ပြည်ထောင်စုရဲ့ဂျော်ဂျီယာပြည်နယ်(ယခုဂျော် ဂျီယာနိုင်ငံ)ကလယ်သမားမိသားစုကနေ ဖွာမြင်တဲ့စတာလင်ဟာ ရုရှား တော်လှန်ရေးအတွင်းမှာတော့ Bolshevik ပါတီဝင်တစ်ယောက်အဖြစ်နဲ့စွမ်းစွမ်းတမံ လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပြီး(၁၉၁၇)ခုနှစ်မှာတော့ ပါတီရဲ့ အနာဂတ်ခါင်းဆောင်အဖြစ် သတ်မှတ်ခံလာခဲ့ရပါတယ်။ သူရဲ့စွမ်းရည်ကိုသတိထားမိတဲ့ယင်းအချိန်က Bolshevik ခေါင်းဆောင် လီနင်ရဲ့လက်သပ်မွေးခြင်းနဲ့အတူ စတာလင်ဟာနိုင်ငံရေး လောကမှာ ထင်ပေါ်လာခဲ့ပြီးလီနင်ကွယ်လွန်ပြီးနောက်မှာတော့ တဖြည်း့ဖြည်းနဲ့ သူရဲ့ ပုံရိပ်ကို ဆိုဗီယက်ပြည်ထောင်စုအားလုံးကိုဖြန့်ကျက်စေခဲ့ပါတယ်။
အာဏာရလာချိန်မှာ တော့စတာလင်ဟာ လျို့ဝှက်အဖွဲ့အစည်းများစွာကိုဖွဲ့စည်းပြီးသူရဲ့အတိုက်အခံအားလုံးကို ရက်ရက်စက်စက်ချေမှုန်းပါတော့တယ်။ အတိုက်အခံများအပေါ် လျှို့ဝှက်စုံထောက်များ၊ထောက်လှမ်းရေးများကို အသုံးပြုပြီး မည်သည့်အကြောင်းပြချက်မျှ မပေးပဲ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ဆိုက်ဗေးရီးယားသို့ နယ်နှင်ခြင်း၊ သတ်ဖြတ်ခြင်း အစရှိတဲ့နည်းတွေကို အသုံးပြုခဲ့ပါတယ်။ အခြား ခေါင်းဆောင်ပိုင်းမှလူများကို သုတ်သင်ရာတွင် ပြည်သူတို့ရှေ့တွင် ပါတီနှင့် တော်လှန်ရေးဦးတည်ချက်များကို သစ္စာဖောက်သည်ဟု ကိုယ်တိုင်ဝန်ခံစေပြီး သေဒါဏ်စီရင်စေသူလည်းဖြစ်ပါတယ်။ ဝေဖန်ခြင်း နှင့် ကဲ့ရဲ့ပြောဆိုခြင်းကို နည်းနည်းလေးမှ သီးခံခြင်းမရှိပဲ သူ့သဘောသူဆန္ဒတစ်ခုတည်းဖြင့် လိုသလိုအုပ်ချုပ်ခဲ့သူလည်းဖြစ်ပါတယ်။ စတာလင်ရဲ့စနက်ကြောင့်သေဆုံးခဲ့သူစာရင်း ကတော့ လူသန်း(၂၀)ထက်မကရှိခဲ့ပါတယ်။