ဒေါက်တာသန်းထွန်း ရဲ့ ကျော်စွာ ၁၀၀ စာအုပ်မှ
စာရိုက်တင်သူ – Ko Kyaw Min Htwe
ကနေ့လူတွေက ကက်စတီး (Castile) မိဖုရား ပထမအစ္စဘဲလာဆိုရင် အတ္တလန္တိတ် သမုဒ္ဒရာကိုဖြတ်ပြီး ရေလမ်းခရီးသွားဖို့ ခရစ်စ္စတိုဖာကိုလံဘတ်စ်ကို စရိတ်ငွေတော် အမြောက်အမြား ထုတ်ပေးခဲ့တယ်လို့ပဲ သိနေကြတယ်။ တကယ်က ဘုရင်မက သွက်လက်ချက်ချာပြီး အစွမ်းထက်တဲ့ အုပ်ချုပ်သူတစ်ဦး ဖြစ်တယ်။ ရှေ့ရာစုနှစ်ပေါင်းအကြာကြီး စပိန်နဲ့ လက်တင်အမေရိက အကျိုးပြုနိုင်မယ့် အရေးပါတဲ့ ဆုံးဖြတ်ချက် အများကြီးချမှတ်ခဲ့လို့ တိုက်ရိုက်အကျိုးပေး မဟုတ်ပေမယ့် ဆက်သွယ်ပြီး အခုခေတ်ထိ လူပေါင်းသိန်းသန်းကုဋေ အကျိုးခံစားနေကြရပါတယ်။
ဘုရင်မချမှတ်တဲ့ ပေါ်လစီတွေဟာ သူ့လိုပဲအကင်းပါးပြီး အလုပ်လုပ်နိုင်စွမ်း အများကြီးရှိတဲ့ ကြင်ယာတော် ဘုရင် ဖာဒီနန်နဲ့တွဲဖက်ပြီး ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ မင်းမိဖုရား တွဲဖက်ဆောင်ရွက်တယ်ဆိုရင် မင်းမိဖုရားနှစ်ပါးစလုံးက ဒီစာအုပ်မှာ အတူတူတွဲဖက် ဂုဏ်ပြုထိုက်တယ်လို့ ဆိုရင် ဟုတ်မှာပါ။ ဒါပေမယ့် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ဘုရင်မကသာ ရှေ့ဆောင်ပြီး ဆုံးဖြတ်ချက်ပေးသွားတယ်လို့ သိရလို့ အခုလို ဘုရင်မ/မိဖုရားတစ်ဦးတည်းကို ရွေးနုတ်တင်ပြရတာ ဖြစ်ပါတယ်။
အခု စပိန်နိုင်ငံ (Spain)အတွင်း ကက်စတီး (Castile) နိုင်ငံ၊ မဒရိဂါလ်မြို့မှာ အစ္စဘဲလာကို ၁၄၅၁ ခုနှစ် မှာ မွေးဖွားပါတယ်။ ကလေးငယ်အရွယ်ကစပြီး ဘာသာတရားကိုင်းရှိုင်းအောင် ဂရုတစိုက်သွန်သင်ဆုံးမတာကို ခံရတယ်။ ဒါနဲ့ ဘာသာတရားကို အင်မတန်ကြည်ညိုလေးစားတဲ့ ကက်သလစ်တစ်ယောက် ဖြစ်လာပါတယ်။ အဖေတူအမေကွဲ မောင်တော် စတုတ္ထ ဟင်နရီဟာ ၁၄၅၄ ကစပြီး နတ်ရွာစံတဲ့ ၁၄၇၄ အထိ ကက်စတီးရဲ့မင်း ဖြစ်ခဲ့တယ်။
အဲဒီတုန်းက စပိန်နိုင်ငံရယ်လို့ မရှိသေးပါ။ အခု စပိန်ကို ဟိုတုန်းက လေးနိုင်ငံခွဲထားတယ်။ ကက်စတီးက အကြီးဆုံး၊ အရဂုန်က ကနေ့စပိန်ရဲ့ အရှေ့မြောက်၊ ပရနဒက တောင်၊ နဗာက မြောက်မှာ ဖြစ်ပါတယ်။ ၁၄၆၀ ကျော်နှောင်းပိုင်းမှာ အစ္စဘဲလာဟာ ကက်စတီး ရာဇပလ္လင်ကို အမွေရဖို့ အလားအလာရှိလေတော့ အဲဒီအခါက ဥရောပမှာ အချမ်းသာဆုံး အမွေရှင်လို့ သတ်မှတ်ကြပါတယ်။
ဒီတော့ ဒီမင်းသမီးကို လက်ထပ်ချင်တဲ့ မင်းသားတွေပေါ်တယ်။ အဖေတူအမေကွဲမောင်တော် စတုတ္ထဟင်နရီဘုရင်က ပေါ်တူဂီဘုရင်နဲ့ ထိမ်းမြားစေချင်တယ်။ ဒါပေမယ့် ၁၄၆၉ ခု အရွယ်တော် တစ်ဆယ့်ရှစ်နှစ်မှာ အစ္စဘဲလာက ဒီအစီအမံကို ဇွတ်ရှောင်တိမ်းပြီး အရဂုန် (Aragon) ထီးမွေကိုရမယ့် ဖာဒီနန်ကို လက်ထပ်လိုက်တယ်။ အစ္စဘဲလာက သူ့အစီအမံကို မလိုက်နာလို့ ဟင်နရီက သူ့သမီးဂျွန်သာ သူ့အရိုက်အရာကို ဆက်ခံစေလို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် ၁၄၇၄ မှာ ဟင်နရီနတ်ရွာစံတော့ အစ္စဘဲလာက ကက်စတီးထီးမွေကို သူသာဆက်ခံပိုင်ခွင့်ရှိတယ်လို့ တောင်းဆိုပါတယ်။ ဂျွန်ကိုထောက်ခံသူတွေက တင်းတင်းမာမာခုခံကြလို့ ပြည်တွင်းစစ်ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၄၇၉ မှာ အစ္စဘဲလာတပ်တွေက အနိုင်ရတယ်။ အရဂုန်ဘုရင် ဒုတိယဂျွန်က အဲဒီနှစ်မှာပဲ နတ်ရွာစံပြန်တော့ ဖာဒီနန်က အရဂုန်ဘုရင်ဖြစ်လာတယ်။ အဲဒီကစပြီး ဖာဒီနန်နဲ့ အစ္စဘဲလာဇနီးမောင်နှံဟာ စပိန်နယ်အကုန်လိုလို သူတို့အုပ်စီးနိုင်ပါတယ်။
သဘောတရားအရ အရဂုန်တစ်နိုင်ငံ၊ ကက်စတီးတစ်နိုင်ငံ ဖြစ်ပါတယ်။ အစိုးရဖွဲ့စည်းပုံကလည်း တစ်နိုင်ငံတစ်မျိုး ခြားနားပါတယ်။ လက်တွေ့မှာတော့ ကိစ္စအဝဝကို မင်းမိဖုရားအတူတူ စဉ်းစားဆုံးဖြတ်လေ့ ရှိပါတယ်။ သူတို့ကလည်း စွမ်းဆောင်နိုင်သမျှ ကြိုးစားပြီး စပိန်ကို ပူးတွဲအုပ်ချုပ်ပါတယ်။ နှစ်ဦးပေါင်းစပ်အုပ်ချုပ်ချိန် နှစ်ဆယ့်ငါးနှစ်အတွင်းမှာ သူတို့ရဲ့အခြေခံဝါဒက စပိန်နိုင်ငံကို အားလုံးပေါင်းပြီး တန်ခိုးကြီးဘုရင်က အုပ်ချုပ်ဖို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံးစီမံကိန်းက ဂရာနာဒါ (Granada) ကို သိမ်းယူဖို့ဖြစ်တယ်။
အိုင်ဘီရိယ (Iberia) အမည်ရှိတဲ့ ကျွန်းဆွယ်မှာ မူဆလင်အုပ်ချုပ်တဲ့နိုင်ငံဟာ ဂရာနာဒါ တစ်နိုင်ငံပဲ ကျန်ပါတယ်။ ၁၄၈၁ ခုနှစ်မှာ စစ်ပွဲစပါတယ်။ ၁၄၉၂ စစ်ပြီးချိန်မှာ ဖာဒီနန်နဲ့ အစ္စဘဲလာတို့ အောင်နိုင်ပါတယ်။ ဂရာနာဒါပြီးတဲ့အခါ ကနေ့စပိန်အတိုင်းရှိတဲ့ မြေဧရိယာကို သူတို့စိုးမိုးအုပ်ချုပ်ခွင့် ရခဲ့ပါတယ်။ (နဗားနယ်ကလေးကိုတော့ အစ္စဘဲလာနတ်ရွာစံပြီးမှ ၁၅၁၂ မှာ ဖာဒီနန်က သိမ်းယူပါတယ်။) ဒီမင်းမိဖုရားနှစ်ပါး အုပ်စိုးချိန်စတဲ့အခါကပဲ စပိန်မိစ္ဆာဒိဋ္ဌိ နှိပ်ကွပ်ရေး (Spanish Inquisition) စပါတယ်။
မိစ္ဆာဒိဋ္ဌိနှိပ်ကွပ်ရေးဆိုတာက တရားသူကြီးဂျူရီ (ဆုံးဖြတ်ချက်ကို ညှိနှိုင်းတင်ပြတဲ့လူကြီးအဖွဲ့) တရားလိုရှေ့နေနဲ့ ပုလိပ်ထောက်လှမ်းရေး အားလုံးပေါင်းထားတဲ့ ဘာသာယုံကြည်မှုဆိုင်ရာ တရားရုံးတော်ဖြစ်ပါတယ်။ ပြစ်ဒဏ်ပေးတဲ့နေရာမှာ သိပ်ရက်စက်တယ်။ ရုံးတော်လုပ်ထုံးမှာလည်း အင်မတန်ဘက်လိုက်ပြီး မတရားသဖြင့် စီးစီးနင်းနင်းလုပ်တယ်လို့ သိပ်သတင်းကြီးပါတယ်။ သိပ်မသင်္ကာဘူးလို့ စွဲချက်အတင်ခံရရင် လွတ်ဖို့ မျှော်လင့်ချက်မရှိပါ။ တရားခံကို ဘာပြစ်မှုနဲ့စွဲဆိုထားတယ်၊ ဘယ်သူက စွဲဆိုတယ်ဆိုတာတောင် ပြည့်စုံအောင် မသိရဘဲ စီရင်ချက်ချပစ်တယ်။ စွဲဆိုတာကို မဟုတ်ပါလို့ငြင်းရင် ဟုတ်တယ်လို့ ပြင်မပြောမချင်း အင်မတန် ကြမ်းတမ်းရက်စက်တဲ့ ညှင်းဆဲနည်းတွေကို သုံးပြီး နှိပ်စက်ပါတယ်။
စပိန်မိစ္ဆာဒိဋ္ဌိနှိပ်ကွပ်ရေးပေါ်ပြီး အနှစ်နှစ်ဆယ်အတွင်းမှာ လူနှစ်ထောင်ထက်မနည်း မီးရှို့ပြီး အသတ်ခံရတယ်ဆိုတာ လျှော့တွက်ထားတာ ဖြစ်တယ်။ ပြစ်ဒဏ်ဟာ မီးရှို့တဲ့အထိ မကျရောက်ပေမယ့် အနှိပ်စက်ခံရသူ အရေအတွက်က မီးရှို့ပြီးသတ်တဲ့ နှစ်ထောင်ထက် အဆအများကြီးပိုပါတယ်။ စပိန်မိစ္ဆာဒိဋ္ဌိနှိပ်ကွပ်ရေးကို တစ်ဖက်စွန်းရောက်ပြီး အယူသီးတဲ့ သောမတ်စ်ဒေတော်ကွေမဒ (Tomas de Torquemada) ခေါင်းဆောင်တယ်။ သူက အစ္စဘဲလာကို အာပတ်ဖြေပေးတဲ့ ဘုန်းကြီးဖြစ်ပါတယ်။ ဒီမိစ္ဆာဒိဋ္ဌိ နှိပ်ကွပ်ရေး လုပ်ခွင့်ကို ရဟန်းမင်း (Pope) က ခွင့်ပြုထားတယ်ဆိုပေမယ့် စပိန်ရှင်ဘုရင်တွေ ကြိုက်သလိုလုပ်နေကြပါတယ်။ ဆိုလိုတာက ယုံကြည်မှုတူညီရမယ်။ ဆန့်ကျင်တဲ့ နိုင်ငံရေးသမားကို နှိမ်နင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေပါတယ်။
အင်္ဂလန်မှာဆိုရင် ပဒေသရာဇ် (နယ်ရှင်ပယ်ရှင်) တွေက ရှင်ဘုရင်ထင်သလို မင်းမူတာကို တားနိုင်တယ်။ စပိန်ပဒေသရာဇ်တွေကတော့ တစ်ခါတုန်းက တန်ခိုးကြီးခဲ့ပေမယ့် အခုတော့ ရှင်ဘုရင်က သူတို့ကို ချိုးနှိမ်ဖို့ လက်နက်သဖွယ် အခုပြောတဲ့ ရုံးကို ကောင်းကောင်းကြီးအသုံးချနေပါတယ်။ ဒီလိုနဲ့ ရှင်ဘုရင်ရဲ့ ဗဟိုကချုပ်ကိုင်တဲ့စနစ် သက်ဦးဆံပိုင် ရှင်ဘုရင်စနစ် (a centralized and absolute monarchy) ကို ခိုင်ခိုင်တည်ဆောက်နိုင်ခဲ့ပါတယ်။ စပိန်ဘုန်းကြီးတွေအပေါ်မှာလည်း ဒီနည်းနဲ့ ချုပ်ကိုင်တာဖြစ်ပါတယ်။
တကယ့်ရည်ရွယ်ချက်က ခရစ်ဝါဒီတွေထဲက ယိမ်းယိုင်သူတွေကို သုတ်သင်မယ်ဆိုပေမယ့် လက်တွေ့မှာ ဂျူး (Jews) နဲ့ မူဆလင် (Moslems) ဘာသာဝင်တွေထဲက ဟန်ဆောင်နာမည်ခံ (nominal converts) ခရစ်ယာန် ဖြစ်လာပေမယ့် တိတ်တဆိတ် အရင်အယူကို ယူမြဲဖြစ်တဲ့လူတွေကို အထူးညှိုးပါတယ်။ (တစ်ဖက်သတ်) အယူသီးတဲ့ တော်ကွေမဒက အတင်းတိုက်တွန်းလို့ ဖာဒီနန်နဲ့ အစ္စဘဲလာတို့က စပိန်သား ဂျူးမှန်သမျှ ခရစ်ယာန်ဝါဒကို ကူးပြောင်းရမယ်၊ သို့မဟုတ် ရှိတဲ့ပစ္စည်းကို ထားခဲ့ပြီး နိုင်ငံက လေးလအတွင်း ထွက်ခွာသွားပါလို့ အမိန့်တော်တစ်ရပ်ကို လက်မှတ်ထိုးကြေညာရပါတယ်။
စပိန်သားဂျူး ၂၀၀၀၀၀ ကျော်အတွက် ဒီလိုပြည်နှင်ဒဏ်ပေးတာဟာ သိပ်ပြီးဆင်းရဲပင်ပန်းဖြစ်ရတယ်။ ဘေးကင်းရာအရပ်မရောက်မီ သေဆုံးကြတာလည်း များတယ်။ စပိန်အတွက်လည်း တိုင်းပြည်မှာ လက်မှုပညာအကျွမ်းဆုံး၊ အတော်ဆုံး၊ အကြိုးစားဆုံးဆိုတဲ့ လူအများကြီး လျော့နည်းသွားလို့ စီးပွားရေးအများကြီး ကျဆင်းရတယ်။ ဂရာနာဒါ (Granada) လက်နက်ချပြီး ငြိမ်းချမ်းရေးစာချုပ်ချုပ်တဲ့အခါ စပိန်မှာရှိပြီး မူဆလင်တွေ နှစ်သက်ရာအယူဝါဒကို ယူခွင့်ပေးတယ်လို့ ပါရှိပေမယ့် စပိန်အစိုးရက ဒီစာချုပ်ပါ အချက်ကိုပဲ ချိုးဖောက်ပါတယ်။ မိုး (Moors) တွေ သူပုန်ထပေမယ့် ရှုံးနိမ့်ပါတယ်။ ၁၅၀၂ မှာ စပိန်မှာရှိတဲ့ မူဆလင်မှန်သမျှ ခရစ်အယူကိုယူ၊ မယူရင် တိုင်းပြည်ကထွက်ဆိုတဲ့ အရင်ဆယ်နှစ်က ဂျူးတွေကို ကြိုက်ရာရွေးခိုင်းသလို သူတို့လည်း ကြိုက်ရာတစ်ခုကို ရွေးကြရပါတယ်။
အစ္စဘဲလာက ကက်သလစ်အယူဝါဒပေါ်မှာ ကြည်ညိုသဒ္ဒါပြင်းပြပေမယ့် စပိန်အမျိုးသားရေးနဲ့ အယူဝါဒက နိုင်ငံရေးကို ရောနှောစွက်ဖက်တာ မရှိရလေအောင် သတိပြုပြီးထိန်းပါတယ်။ သူနဲ့ဖာဒီနန်တို့က စပိန်ရဲ့ကက်သလစ်ကျောင်းတော်ကို စပိန်မင်းတွေကသာ အုပ်ချုပ်၊ ရဟန်းမင်းမအုပ်ချုပ်စေရအောင် ကြိုးစားစီမံပါတယ်။ တစ်ဆယ့်ခြောက်ရာစုနှစ် ပရိုတက်စတင့်ပြုပြင်ရေးဟာ စပိန်ကို မထိုးဖောက် မဝင်ရောက်နိုင်တာဟာ အခုပြောတဲ့အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အစ္စဘဲလာလက်ထက် အထင်ရှားဆုံးပေါ်ပေါက်တဲ့ကိစ္စက ကမ္ဘာသစ်ကို ခရစ္စတိုဖာကိုလံဘတ်စ်က ကံထတဲ့နှစ်လို့ဆိုရမယ့် ၁၄၉၂ မှာ ရှာဖွေတွေ့ရှိတဲ့ကိစ္စ ဖြစ်ပါတယ်။
ကိုလံဘတ်စ်ကို ကက်စတီးနိုင်ငံက ငွေကြေးပံ့ပိုးတယ်။ (မိဖုရားအစ္စဘဲလာက လိုသလောက်ငွေရအောင် လက်ဝတ်ရတနာတွေ ပေါင်နှံရတယ်ဆိုတဲ့ ပုံပြင်က မမှန်ပါ။) အစ္စဘဲလာက ၁၅၀၄ မှာ နတ်ရွာစံတယ်။ သားတစ်ယောက်၊ သမီးလေးယောက်ကျန်ရစ်တယ်။ သား ဂျွန်က ၁၄၉၇ က သေဆုံးတယ်။ သမီးထဲမှာ ထင်ရှားတာက ဂျွန် (Juana) ဖြစ်တယ်။ ဖာဒီနန်နဲ့ အစ္စဘဲလာတို့က မင်းလှပထမဖိလစ် (Philip I the Handsome) ဆိုတဲ့ သြစတြီးယား ဟက်စဗာ့တ် (Austrian Hapsburg) ဧကရာဇ်သားတော်၊ ဘာဂန်ဒီ (Burgundy) နိုင်ငံကို အမွေဆက်ခံရမယ့် မင်းသားနဲ့ ပေးစားဖို့ စီမံတယ်။
ဖာဒီနန်နဲ့ အစ္စဘဲလာတို့ စွမ်းဆောင်ပုံနဲ့ သြဇာသက်ရောက်ပုံကို အချုပ်ပြန်ပြီးကြည့်ရအောင် ဒီမင်းနှစ်ပါး ပူးတွဲဆောင်ရွက်လို့ စပိန်ဟာ ခုလိုပေါင်းစပ်ခဲ့ပြီး နောက်ပိုင်းခုထိ ငါးရာစုနှစ်ကြာသည့်တိုင်အောင် စပိန်နိုင်ငံရဲ့ နယ်နမိတ်ဟာ တည်တန့်နေပါတယ်။ ဗဟိုက ကျကျနနချုပ်ကိုင်နိုင်တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ် စပိန်မှာ ကြီးပွားခဲ့တယ်။ မိုး (Moors)နဲ့ ဂျူး (Jews) တွေကို နှင်ထုတ်ခြင်းကြောင့် အနှင်ခံရသူတွေရော နှင်သူတွေပါ အရေးပါတဲ့ နောက်ဆက်တွဲအဖြစ်အပျက်တွေ ကြုံတွေ့ရတယ်။ ယုံကြည်မှုအစွဲအလန်းနဲ့ သင့်/မသင့်၊ ရာမရာ ဉာဏ်ပညာနဲ့ မနှိုင်းဆဘဲ ထင်သလို ရိုင်းရိုင်းစိုင်းစိုင်း လုပ်တယ်။ မိစ္ဆာဒိဋ္ဌိနှိပ်ကွပ်ရေး လုပ်တယ်။ အဲဒါတွေကြောင့် စပိန်ရဲ့နောက်ပိုင်းသမိုင်းမှာ (ကြီးကျယ်) တဲ့ အကျိုးအပြစ်တွေ ပေါ်လာရပါတယ်။
နောက်ဆုံးအချက်ကို ဆက်ဆွေးနွေးရပါလိမ့်မယ်။ ရိုးရိုးပြောရရင် မိစ္ဆာဒိဋ္ဌိနှိပ်ကွပ်ရေးကြောင့် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတယ်။ ၁၄၉၂ ကစပြီး ရှေ့ရာစုနှစ်ပေါင်းများစွာမှာ အနောက်ဥရောပဟာ ဉာဏ်ပညာမျက်စိဖွင့်ပြီး သိပ္ပံပညာ ထွန်းကားလို့ အသီးအပွင့်အကျိုးခံစားခွင့်တွေနဲ့ ဝေဝေဆာဆာ ဖြစ်ပေါ်သလို စပိန်မဖြစ်နိုင်ပါ။ သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေ နည်းနည်းတိမ်းစောင်းတာကို ပြောမိရင် မိစ္ဆာဒိဋ္ဌိနှိပ်ကွပ်ရေး ရန်မူတာကို ခံရမှာကြောက်တာနဲ့ ကိုယ်ပိုင်ထိုးထွင်းဉာဏ် တုံးသွားတယ်။ ဒါပေမယ့် အခြား ဥရောပနိုင်ငံတွေမှာတော့ အတွေးအခေါ် ကွဲလွဲခွင့်ပေးတယ်။
စပိန်မှာဆိုရင် မိစ္ဆာဒိဋ္ဌိနှိပ်ကွပ်ရေးက ရှေးမူမပျက် ကက်သလစ်ဝါဒနဲ့ ညီညွတ်အောင် ပြောမပြော စောင့်ကြည့်နေတယ်။ ၁၇၀၀ ပြည့်ရောက်တော့ စပိန်ဟာ အတွေးအခေါ်ဘက်က အနောက်တိုင်းနိုင်ငံတွေနဲ့စာရင် ရေသေ ရေပုပ်အိုင်ထဲမှာ နစ်သလိုဖြစ်နေတယ်။ စင်စစ် ဖာဒီနန်နဲ့ အစ္စဘဲလာတို့ စပိန်မိစ္ဆာဒိဋ္ဌိ နှိပ်ကွပ်ရေး စတင်ဆောင်ရွက်တာ နှစ်ငါးရာရှိပြီး မိစ္ဆာဒိဋ္ဌိနှိပ်ကွပ်ရေးကို အပြီးတိုင် ဖျက်ပစ်တာက အနှစ် ၁၅၀ ရှိပြီ၊ ဒါပေမယ့် အဲဒီလိုလုပ်မိတဲ့ဆိုးပြစ်ကို ခံရတာက ခုထိ နာလန်မထူသေးဘူးလို့ ဆိုရတယ်။
ဆက်ပြောစရာရှိသေးတယ်။ ကိုလံဘတ်စ်ကို တောင်နဲ့ဗဟို အမေရိက ရှာဖို့ ငွေကြေးမတည်ပေးတဲ့ အစ္စဘဲလာကြောင့် ဒီနေရာတွေဟာ စပိန်ကိုလိုနီတွေ ဖြစ်ခဲ့ပါတယ်။ ဆိုလိုတာက စပိန်ဓလေ့နဲ့ မိစ္ဆာဒိဋ္ဌိနှိပ်ကွပ်ရေးအပါအဝင် အဖွဲ့အစည်းတွေလည်း အနောက်ကမ္ဘာခြမ်းကို ရောက်သွားတယ်။ ဒီလိုဆိုရင် အနောက်ဥရောပမှာ စပိန်ဟာ တခြားနိုင်ငံတွေထက် ဉာဏ်ပညာဘက်မှာ အောက်တန်းကျ ကျန်ရစ်တောင် အမေရိက စပိန်ကိုလိုနီတွေမှာလည်း ဉာဏ်ပညာဘက်က မြောက်အမေရိက အင်္ဂလိပ်ကိုလိုနီတွေနဲ့ ဉာဏ်ပညာဘက်က ကွာတာဟာ ဘာအံ့သြစရာရှိသလဲ။
အစ္စဘဲလာကို ဒီစာအုပ်မှာ ဘယ်နေရာက ထည့်မလဲလို့ စဉ်းစားရင် ပထမထိပ်ဆုံး မေးစရာက ဒီမိဖုရားသာမပေါ်ခဲ့ရင် ခုပြောတာတွေ ဖြစ်မှာပဲလားလို့ မေးကြည့်သင့်တယ်။ ခရူးဆိတ်သတ္တိက စပိန်မှာ ထက်သန်နေဆဲဖြစ်တယ်။ ဘာပြုလို့လဲ ဆိုတော့ အိုင်ဘီရီယန် (Iberian စပိန်ပေါ်တူဂီ) ကျွန်းဆွယ်ကို မူဆလင်တွေလက်က ပြန်လုယူရတာ အနှစ် ၇၀၀ ကြာတယ်။ ဒီပွဲမှာ ၁၄၉၂ မှာ အောင်ပွဲရတော့ ဘယ်လမ်းဆက်လျှောက်မလဲဆိုတာကို တွေးဆရပြန်တယ်။ ဖာဒီနန်နဲ့ အစ္စဘဲလာတို့က အတိအကျပြောရရင် အစ္စဘဲလာက စပိန်ဟာ စေ့စပ်ဖြန်ဆိုရေးကို လုံးဝလက်မခံဘဲ ရှေးဆန်တဲ့ သာသနာရေးအယူအဆသက်သက်လမ်းကို လိုက်မယ်လို့ ဆုံးဖြတ်ပါတယ်။ မိဖုရားကြောင့်သာ မဟုတ်ရင် စပိန်ဟာ ပျမ်းမျှလိုက်လျောတဲ့ နှစ်ဘက်လှလူ့အဖွဲ့အစည်း ဖြစ်နိုင်စရာရှိပါတယ်။
အစ္စဘဲလာကို အင်္ဂလန်ပထမ အယ်လီဇဘက်နဲ့ နှိုင်းယှဉ်ကြည့်ရင် သဘာဝကျပါတယ်။ အယ်လီဇဘက်လည်း အစ္စဘဲလာလိုပဲ အစွမ်းအစထက်ပါတယ်။ သူ့မှာ ကြင်နာတယ်။ သည်းခံတယ်ဆိုတဲ့ ပေါ်လစီကြောင့် သာလွန်ပြီး ကြည်ညိုစရာဖြစ်ပါတယ်။ ဒါပေမယ့် ထွင်ဉာဏ်မှာ အစ္စဘဲလာကိုမမီပါ။ ဒီတော့ အစ္စဘဲလာ တီထွင်တဲ့ မိစ္ဆာဒိဋ္ဌိနှိပ်ကွပ်ရေးလို ကြီးကျယ်တဲ့ကိစ္စ မဖြစ်နိုင်ပါ။ အစ္စဘဲလာရဲ့ ပေါ်လစီတချို့ဟာ ရွံမုန်းစရာဖြစ်ပေမယ့် သမိုင်းမှာ သူ့လောက်အရှည်သဖြင့် သြဇာရှိတဲ့ အုပ်စိုးသူမျိုး မရှိပါ။
ဒေါက်တာသန်းထွန်း ရဲ့ ကျော်စွာ ၁၀၀ စာအုပ်မှ