ယနေ့လက်ရှိအချိန်ထိ များစွာသောလူသားမျိုးနွယ်စုတွေဟာ ကမ္ဘာမြေရဲ့နေရာအသီးသီ မှာအခြေချနေထိုင်ခဲ့ကြတာဖြစ်ပြီး ပုံစံမျိုးစုံနဲ့ပျောက်ကွယ်သွားတဲ့ လူသားမျိုးနွယ်များစွာဟာလည်း ရှိနေပြန်ပါတယ်။ အသစ်အသစ်သောမျိုးနွယ်စုတွေဟာ ဆက်လက်ဖြစ်ပေါ်နေတဲ့ခေတ်ရေစီးကြောင်းအတိုင်း ရှိနေကြဆဲဖြစ်ပြီ အချို့သောလူအဖွဲ့အစည်းတွေကတော့ သူတို့ချန်ရစ်ခဲ့တဲ့ ထူးခြားတဲ့ သဘာဝလွန်စွမ်းရည်တွေ ဖန်တီးကြံဆမှုတွေကြောင့် လက်ရှိအချိန်မှာပျောက်ကွယ်သွားကြပြီဆိုပေမဲ့ ခိုင်မာတဲ့သမိုင်းမှတ်တိုင်တွေကိုတော့ ဆက်လက်စိုက်ထူထားနိုင်ကြဆဲဖြစ်ပါတယ်။
ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိခဲ့ဖူးတဲ့ ထူးခြားတဲ့လူသားမျိုးနွယ်စုတွေရဲ့အကြောင်းအရာအချို့ဖြစ်ပါတယ် အချက်အလက်တွေအရတော့ အဲဒီမျိုးနွယ်စုတွေပျောက်ကွယ်သွားခဲ့တာဟာ စစ်ပွဲတွေ၊ ရောဂါဘယတွေကပ်ဘေးတွေ၊ ရာသီဥတုပြောင်းလဲ ခြင်းတွေကြောင့် ပျောက်ကွယ်သွားကြတယ်လို့သိရပြီး သူတို့ရဲ့ကျန်ရှိခဲ့ တဲ့မှတ်တမ်း ၊မှတ်ရာတွေဟာမျက်မှောက်ခေတ်လူသားတွေအတွက်ပါ အံ့သြသင့်စရာအချက်အလက်တွေဖြစ်ခဲ့ပါ တယ်။
(၁၀) The Clovis
The Clovis မျိုးနွယ်စုတွေကတော့ မြောက်အမေရိကတိုက်မှာနေထိုင်တဲ့လူသားမျိုးနွယ် စုတွေအဖြစ်နဲ့သာ လူသိများပြီး ဘီစီ ၁၁၅၀၀ လောက်ကတည်းက တည်ရှိနေခဲ့တာဖြစ်ပါတယ်။ Clovis ဆိုတဲ့အမည်ကတော့ယင်းမျိုးနွယ်စုတွေနေထိုင်တဲ့ နေရာကိုအစွဲပြုခေါ်ဆိုကြတာဖြစ်ပြီး ယခု နယူးမက္ကဆီကိုက Clovis မြို့အနီးမှာရှိတဲ့ Clovis ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဟာ Clovis တွေအခြေချနေထိုင်တဲ့အရပ်ဖြစ်ခဲ့ ပါတယ်။
၁၉၂၀ ခုနှစ် ကာလအတွင်းကတည်းက Clovis တွေရဲ့လက်ရာလို့ဆိုရမဲ့ ကျောက် သားဓါးတွေ အရိုးမှုန်နဲ့ ရွံစေးရောစပ်ပြုလုပ်ထားတဲ့ ကြွေထည်နုတွေကို ယင်းအရပ်မှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ ထပ်မံတွေ့ရှိတဲ့အချက်အလက်တွေအရ Clovis တွေဟာ ရေခဲခေတ်ကာလ ကုန်ဆုံးချိန်မှာပဲ ဆိုက်ဘေးရီးယားကနေ ဘဲရင်းရေလက်ကြားကိုကျော်ဖြတ်ပြီး အလက်စကာပြည်နယ်ထဲကို
ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။ ယင်းအချိန်က သမိုင်းဝင်မှတ်တမ်းတွေအရလည်း Clovis တွေခိုင်မာတဲ့ယဉ်ကျေးမှုပိုင်ဆိုင်ပြီး နောက်ထပ်နှစ်ထောင်နဲ့ကာလတွေအထိ လူသားတွေဟာ အရိုင်းသာသာပဲရှိနေခဲ့တာဖြစ်ပါတယ်။
ဒါဆိုရင် Clovis တွေဟာ ဘယ်လိုကြောင့်ပျောက်ကွယ်သွားခဲ့ကြပါသလဲ။ ရာသီဥတုအခြေအနေကြောင့်လား ကပ်ရောဂါတွေကြောင့်လား ရန်သူတွေကြောင့်လား ။ သေချာတာကတော့ မြောက်အမေရိကတိုက်က ယဉ်ကျေးမှုအမွေအနှစ်အတော်များများဟာ Clovis တွေနဲ့ဆက်စပ်နေ တာဖြစ်ပါတယ်။ ပညာရှင်အချို့ကတော့ ဥက္ကာခဲပျံတွေကျရောက်ခဲ့တဲ့ဖြစ်စဉ်တွေကလည်း Clovis တွေကိုမျိုးတုန်းပျောက်ကွယ်သွားနိင်တယ်လို့ ထောက်ပြမှုတွေလည်း ရှိနေတာကိုတွေ့ရပါတယ်။
(၉) The Culture of Cucuteni Trypillia
ဥရောပကျောက်ခေတ်နှောင်းပိုင်းကာလက အကြီးမားဆုံးလူသား မျိုးနွယ်စုတွေအဖြစ် အခြေစိုက်နေထိုင်ခဲ့ကြတဲ့ Cucuteni Trypillia တွေဟာလည်း ကမ္ဘာပေါ်ကထူးထူးခြား ခြားပျောက်ကွယ်သွားခဲ့ကြသူတွေဖြစ်ပါတယ်။ လေ့လာသူတွေကတော့ Cucuteni Trypillia အနွယ်ဝင်ဦးရေဟာ (၁၅၀၀၀) လောက်ရှိပြီး ယခုယူကရိန်း၊ရိုမေးနီးယား၊ မော်ဒိုဗာနိုင်ငံရှိရာ နယ်မြေတွေမှာနေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
Cucuteni Trypillia မျိုးနွယ်စု တွေနဲ့ပတ်သက်ပြီးလူသိများထင်ရှားတဲ့အချက်ကတော့ သူတို့ရဲ့အိုးထိန်းလုပ်ငန်းပညာ ရပ်ဖြစ်ပြီး နေထိုင်မှုသက်တမ်း(၆၀) ကနေ(၈၀)ကြားကာလရောက်ချိန်တွေမှာဆိုရင်လည်း သူတို့နေထိုင်တဲ့ကျေးရွာတွေကို မီးတင်ရှိုတာအပါအဝင်ထူးထူးဆန်းဆန်း လူနေမှုစရိုက်တော်တော်များများကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။ Cucuteni Trypillia တွေရဲ့မျိုးနွယ်စုခေါင်းဆောင်တွေဟာ အမျိုးသမီးတွေသာဖြစ်ကြပြီး ကိုးကွယ်ယုံကြည် ရာမှာလည်း အမျိုးသမီးနတ်ဘုရားတွေကိုယ်သာကိုးကွယ်လေ့ရှိကြပါတယ်။
Cucuteni Trypillia တွေနေထိုင်ခဲ့တယ်ဆိုတဲ့နယ်မြေပေါင်းကတင် (၃၀၀၀)နီးပါးလောက်ရှိနေ တာကိုတွေ့ရမှာဖြစ်ပြီး ဥရောပသမိုင်းကြောင်းတစ်လျှောက်မှာ အခက်ခဲဆုံးနဲ့ အကြမ်း တမ်းဆုံးသောရာသီဥတုဖြစ်စဉ်တစ်ခုအတွင်းမှာပဲ ယင်းမျိုးနွယ်စုအားလုံးကွယ်ပျောက် ခဲ့ရတာလို့ သိရပါတယ်။ ပညာရှင်အချို့ကတော့ Cucuteni Trypillia တွေဟာ မျိုးတုန်း ပျောက်ကွယ်သွားတာမျိုးမဟုတ်ပဲ ရေကြည်ရာ မျက်နုရာဒေသကိုလျှောက်သွားရင်း ကွဲပြားတဲ့ မျိုးနွယ်စုတွေအဖြစ်အသွင်ပြောင်းသွားတာဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောဆို မှုတွေလည်း ရှိနေခဲ့ပါတယ်။
(၈) The Civilization of the Indus Valley
အိန္ဒူမြစ်ဝှမ်းဒေသက မျိုးနွယ်စုတွေအဖြစ်လူသိများတဲ့ The Civilization of the Indus Valley တွေဟာ (၃၃၀၀) ကနေ (၁၃၀၀)ဘီစီလောက်က ယခုပါကစ္စတန်နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံအနောက်ပိုင်းဒေသတွေမှာပျံနှံ့နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ The Civilization of the Indus Valley တွေဟာဆိုရင် လူသိနည်းပေမဲ့ကမ္ဘာရှေးဟောင်းအမွေအနှစ်တွေ ကိုဖော်ဆောင်ခဲ့ကြသူတွေအဖြစ် သမိုင်းမှတ်တမ်းတွေအရသိရှိရပါတယ်။
ဒါအပြင်သူတို့ ရေးသားခဲ့တဲ့ ဝှက်စာတွေအားလုံးလိုလိုကလည်း ယနေ့တိုင်ပညာရှင်များဖော်ထုတ် နိုင်ခြင်းမရှိသေးတာကိုတွေ့ရမှာဖြစ်ပြီး Harappa နဲ့ Mohenjo-Daro မြို့တွေလို နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့အရာတွေကိုလည်းတည်ဆောက်ခဲ့သူတွေဟာ The Civilization of the Indus Valley တွေသာဖြစ်ပါတယ်။
မှတ်သားစရာကောင်းတဲ့အချက်ကတော့ ယင်းမျိုးနွယ်စုတွေဟာ အဲဒီအချိန်ကတည်းက အိမ်သာတွေကို စနစ်တကျအသုံးပြုပြီး အညစ်အကြေးစွန့်ပစ်ခဲ့ကြသူတွေဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ အိန္ဒူမြစ်ဝှမ်းကမျိုးနွယ်စုအားလုံးနီးပါး ဟာဆိုရင် နက္ခတ်ဗေဒင်နဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာထူးချွန်ကြသူတွေဖြစ်ကြပြီး အခြားသောမျိုးနွယ်စုတွေလို စစ်မက်ထူပြောလှတဲ့မျိုးနွယ်တွေမဟုတ်ကြပဲ ဘာသာတရားထိန်းချုပ်မှုရှိတဲ့မျိုးနွယ်တွေလည်းဖြစ်ပါတယ်။ ဒါအပြင်ချည်ထည်ကိုအသုံးပြုပြီး အဝတ်အစားတွေကိုဖန်တီးခဲ့ကြတဲ့ ကမ္ဘာပထမဆုံးသောမျိုးနွယ်စုတွေလည်းဖြစ်ကြပါတယ်။
(၁၉၂၀)ခုနှစ်ကတူးဖော်ရရှိတဲ့ အချက်အလက်တွေအရဆိုရင် အိန္ဒူမြစ်ဝှမ်းဒေသကမျိုးနွယ်စုတွေပျောက်ကွယ်သွားချိန်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၄၅၀၀)ကာလလောက် ကတည်းကဖြစ်တယ်လို့သိခဲ့ရပြီး Ghaggar Hakra (ဂင်္ဂါ)မြစ်တိမ်ကောလာခြင်းနဲ့အတူ ယင်းမျိုးနွယ်စုတွေလည်း တစ်စတစ်စပျောက်ကွယ်သွားခဲ့ကြပါတယ်။ အချို့သောအချက်အလက်တွေမှာတော့ (၁၅၀၀)ဘီစီကာလက Aryans မျိုးနွယ်စုတွေ ရဲ့ဝင်ရောက်တိုက်ခိုက်မှုကြောင့် အိန္ဒူမြစ်ဝှမ်းဒေသကမြို့ပြနိုင်ငံတော်တော်များများ ဟာပျောက်ကွယ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။
မိုဟန်ဂျိုဒရိုမြို့ကြီးအကြောင်းကို အရှည်ဖတ်ချင်ရင် ဒီမှာ သွားဖတ်နိုင်ပါတယ်။
(၇) Minoan Civilization
(၂၀)ရာစုအစောပိုင်းကာလရောက်ချိန်မှသာ တူးဖော်တွေ့ရှိခဲ့တဲ့ Minoan မျိုးနွယ်စုတွေ အခြေချနေထိုင်တဲ့ မူရင်းဒေသကတော့ ဂရိနိင်ငံတွင်းက Crete ကျွန်းမှာဖြစ်ပြီး မှတ်တမ်းတွေအရဆိုရင်တော့ Minoan တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း (၇၀၀၀)လောက်က တည်ရှိခဲ့တဲ့ လူအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ဘီစီ (၁၆၀၀)ကာလတွေဟာ ယင်းမျိုးနွယ်စု တွေရဲ့ တန်ခိုးအာဏာအထက်မြက်ဆုံးကာလတွေဖြစ်ခဲ့ပါတယ်။
သူတို့ရဲ့မျိုးနွယ်စုကို အုပ်ချုပ်ခဲ့သူတွေကိုတော့ Minos မင်းဆက်လို့ခေါ်ဆိုပြီး မြို့တော်ကြီးတွေ၊ Palaces of Knossos လို့လူသိများတဲ့နန်းတော်ကြီးတွေကိုတည်ဆောက်ခဲ့ကြပါတယ်။ ယနေ့အချိန် မှာဆိုရင်တော့ ယင်းနန်းတော်နေရာတွေဟာ ဂရိရဲ့ထိပ်တန်းယဉ်ကျေးမှုနယ်မြေတွေအ ဖြစ်ရှိနေကြပြီဖြစ်ပါတယ်။ Minoans တွေပထမဆုံးအသုံးပြုခဲ့တဲ့ဘာသာစကားကတော့ Linear A လို့ခေါ်ဆိုပြီး နောက်ပိုင်းမှာတော့ Linear B လို့အမည်ပေးထားတဲ့ဘာသာစကားကိုအစားထိုးသုံးစွဲခဲ့ ကြပါတယ်။ ဘာသာစကား(၂)ခုလုံးကတော့ အရုပ်စာသင်္ကေတတွေသာအခြေခံထား ပြီးယနေ့အချိန်ထိ တိတိကျကျဘာသာပြန်ဆိုနိင်ခြင်းတော့မရှိသေးပါဘူး။
ပညာရှင်တွေကတော့ Minoan မျိုးနွယ်စုအားလုံးပျောက်ကွယ်သွားတဲ့အချက်ဟာ Thera (ယခု Santorini)ကျွန်းမှာရှိတဲ့ မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုမှုတွေရှိနေကြပြီး ကျန်ရှိတဲ့မျိုးနွယ်စုတွေကတော့ နေရပ်ကိုစွန့်ခွာ ထွက်ပြေးသွားတာဖြစ်နိုင်ကြောင်း အဆိုပြုကြပါတယ်။ ဒါအပြင်ကပ်ရောဂါလိုဖြစ်စဉ် တွေကလည်း Minoan တွေကိုနှိပ်စက်ခဲ့ပြီး ရေကြောင်းကုန်သွယ်မှုတွေကိုပါရပ်ဆိုင်းခဲ့ ရတာဖြစ်တယ်လို့ပြောဆိုမှုတွေလည်းရှိနေကြတာဖြစ်ပါတယ်။ သမိုင်းပညာရှင်အချို့ ကတော့ Mycenaeans တွေရဲ့ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် Minoan မျိုးနွယ်စုတွေ ကွယ်ပျောက်ခဲ့တာဖြစ်တယ်လို့ ထောက်ပြပြောဆိုမှုတွေလည်းရှိနေခဲ့ပါတယ်။
(၆) The Mayan Civilization
အလယ်အမေရိကတိုက်မှာပေါ်ထွန်းခဲ့တဲ့ Mayanမျိုးနွယ်စုတွေဟာဆိုရင် ထူးခြားပြီး သဘာဝလွန်ပညာရပ်တော်တော်များများကိုတတ်မြောက်ခဲ့သူတွေအဖြစ် သမိုင်းမှာထင်ရှားပါတယ်။ ယခုချိန်မှာတော့ ခိုင်ခိုင်မာမာတည်ရှိခဲ့တဲ့ Mayan တွေရဲ့မြို့တော်ကြီးတွေ၊ လမ်းမကြီးတွေနဲ့ ယဉ်ကျေးမှု အမွေအနှစ်တော်တော်များများ ဟာဆိုရင် အလယ်အမေရိကတိုက်ရဲ့တောနက်ကြီးတွေရဲ့ဝါးမြိုခြင်းကိုခံထားခဲ့ရပြီဖြစ်သလို Mayan မျိုးနွယ်ကနေ ဆင်းသက်လာသူလို့ ယူဆထားတဲ့မျိုးနွယ်စုများစွာဟာလည်း အလယ်အမေရိကတိုက်က ကျေးရွာတွေအတွင်းမှာ အခြေချနေထိုင်လျက်ရှိကြပါတယ်။
Mayan တွေဟာ ဘီစီ (၂၆၀၀)ကနေ အေဒီ(၁၅၂၀) အတွင်းအလယ်အမေရိကတိုက်မှာတည်ရှိနေခဲ့တဲ့ မျိုးနွယ်စုတွေဖြစ်ပြီး လောကီပညာရပ်များစွာကိုတတ်မြောက်ခဲ့ကြသူတွေလို့ လည်း သတင်းကြီးကြပါတယ်။ Mayan မျိုးနွယ်စုတွေရဲ့တန်ခိုးအာဏာဟာ အထွတ်အထိပ်ကို ရောက်ရှိစဉ်ကာလတွေဟာ နှစ်ပေါင်းထောင်နဲ့ချီကြာမြင့်ခဲ့ပြီဆိုပေမဲ့ Mayan တွေရဲ့ ယဉ်ကျေးမှုနဲ့စာပေတွေကတော့ ယနေ့တိုင်ဆက်လက်တည်ရှိနေတာကိုတွေ့ရပါတယ်။
ကမ္ဘာသမိုင်းကပျောက်ကွယ်သွားခဲ့ပြီဖြစ်တဲ့အကြီးမြတ်ဆုံးသော မျိုးနွယ်စုစာရင်းမှာ ထိပ်တန်းနေရာကနေပါဝင်တဲ့ Mayan တွေဟာ စာရေးသားခြင်းပညာရပ်၊သင်္ချာဘာသာ ၊ အင်ဂျင်နီယာပညာနဲ့ ပြက္ခဒိန်ဖန်တီးမှုပညာရပ်တွေကိုပိုင်နိုင်ခဲ့ကြတယ်လို့ သိရပြီး အကောင်းဆုံးသက်သေကတော့ သူတို့တည်ဆောက်ခဲ့ကြတဲ့ ပိရမစ်တွေ လေးထောင့် အဆောက်အအုံတွေကနေ သက်သေခံလျက်ရှိနေတာဖြစ်ပါတယ်။
ကမ္ဘာ့သမိုင်းပညာရှင်တွေအတွက်လည်း Mayan မျိုးနွယ်စုတွေပျောက်ကွယ်သွားတာနဲ့ စပ်လျဉ်းပြီးများစွာသော သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ အကြောင်းအရာတွေကတော့ အဖြေရှာရန်ခက်ခဲတဲ့ဂမ္ဘီရဆန်ဆန်မြို့တွေကိုဖျောက်ကွယ်သွားခဲ့ကြတာ တွေ၊ ကပ်ရောဂါဆိုးတွေနဲ့စားနပ်ရိက္ခာပျက်လပ်မှုဘေးတွေ နဲ့ရာသီဥတုဆိုင်ရာပြောင်း လဲမှုဖြစ်စဉ်တွေ၊ အခြားသောနယ်မြေကျူးကျော်ရေးသမားတွေကြောင့် Mayan မျိုးနွယ် စုအားလုံးနီးပါးဟာ Mayan ယဉ်ကျေးမှုနယ်မြေတွေကနေ တစ်ချိန်တည်းလိုလိုမှာပျောက်ကွယ်သွားခဲ့တာဖြစ်တယ်လို့ မတူညီ တဲ့အမြင်အမျိုးမျိုးရှိနေခဲ့တာဖြစ်ပါတယ်။
(၅) The Mycenaean Civilization
(၁၆၀၀)ကနေ (၁၁၀၀)ဘီစီကာလတွေအတွင်းက မျက်မှောက်ခေတ်ဂရိနိုင်ငံရဲ့ တစ်နိုင်ငံလုံးနီးပါးကို အုပ်စိုးခဲ့တဲ့ Mycenaean မျိုးနွယ်စုတွေဟာ ကုန်ကူးခြင်းအတတ် ပညာတွေအပြင် လက်နက်နဲ့ နယ်ချဲ့ခြင်းတွေကိုပါလုပ်ဆောင်ခဲ့ကြတာကိုတွေ့ရပါတယ်။ Mycenaean တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကာလလောက်ကတည်းက ပီပီပြင်ပြင် ပေါ်ပေါက်ခဲ့တဲ့ လူအဖွဲ့အစည်းတွေဖြစ်ကြပြီး သူတို့ပျောက်ကွယ်သွားခဲ့တဲ့ (၁၁၀၀)ဘီစီကာလမရောက်ချိန်အထိ (၅)ရာစုနီးပါးတန်ခိုးထွားခဲ့ကြသူတွေလည်းဖြစ်ပါတယ်။
များစွာသော ဂရိဒဏ္ဍာရီလာဖြစ်ရပ်တွေဟာဆိုရင် Mycenaean မျိုးနွယ်စုတွေကို မူတည်ပြီးထွက်ပေါ်လာကြတာဖြစ်ပါတယ်။ နာမည်ကျော်ထရိုဂျန်စစ်ပွဲကာလအတွင်းက လည်းဂရိစစ်သည်တွေကို ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ King Agamemnon ဆိုတာကလည်း Mycenaean မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်နေပြန်ပါတယ်။
Mycenaean တွေ ဟာ စီးပွားရေးအရရော ယဉ်ကျေးမှုအမွေအနှစ်ပိုင်းမှာလည်း ကြွယ်ဝတဲ့မျိုးနွယ်စုတွေ ဖြစ်ကြကြောင်းကို လက်ရှိတူးဖော်တွေ့ရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကသက်သေခံ လျက်ရှိနေပါတယ်။ ထူးခြားချက်ကတော့ Mycenaean တွေဟာကမ္ဘာမြေပြင်ပေါ်ကနေ ဘယ်လိုပျောက်ကွယ်သွားတာလဲဆိုတာဖြစ်ပြီး ပညာရှင်တွေကတော့ ငလျင်ဘေးနဲ့ ကျူးကျော်တိုက်ခိုက်ခံခဲ့ရမှုတွေကြောင့် ပျောက်ကွယ်သွားတာဖြစ်ကြောင်း မှတ်ချက်ပြုထားတာတော့ရှိပါတယ်။
(၄) Olmec Civilization
Olmec မျိုးနွယ်တွေကတော့ ဘီစီ(၁၄၀၀)ဝန်းကျင်က ယခုမြောက်အမေရိကတိုက် မက္ကဆီကိုနိုင်ငံတွင်းမှာ အခြေချနေထိုင်ခဲ့ကြသူတွေဖြစ်ကြပြီး မြို့တော် San Lorenzo အပါအဝင် Tenochtitlan နဲ့ Potrero Nuevo မြို့တွေဟာ Olmec မျိုးနွယ်စုတွေနေထိုင်ခဲ့တဲံ အဓိကနေရာတွေဖြစ်ပါတယ်။ Olmec တွေဟာ ထင်ရှားတဲ့ဆောက်လုပ်ရေးပညာရှင်တွေဖြစ်ကြပြီး ကြီးမားတဲ့ကျောက်တုံးကြီးတွေကိုအသုံး ပြုပြီးအဆောက်အအုံတွေတည်ဆောက်ခဲ့ကြပါတယ်။
နာမည်ကျော် မီဆိုအမေရိက အနုပညာလက်ရာတွေရဲ့ မူရင်းဖန်တီးသူတွေဟာလည်း Olmec တွေသာဖြစ်ပြီး စာရေး ခြင်းနည်းစနစ်ကို ပထမဆုံးတီထွင်သူတွေအဖြစ်လည်း သတ်မှတ်နေရာပေးခြင်းကိုခံခဲ့ရ သူတွေဖြစ်ပါတယ်။ ဒါအပြင် Olmec တွေဟာ ပြက္ခဒိန်တွေ သံလိုက်အိမ်မြှောင်ကိုဖန်တီးနိုင်ခဲ့တယ် လို့အချို့သောမှတ်တမ်းတွေအရ သိရှိခဲ့ရပြီး လူခန္ဓာကိုယ်အတွင်းက သွေးထုတ်ခြင်း၊သွေးသွင်းခြင်းနည်းတွေကိုလည်း သိရှိခဲ့တယ် လို့သိရပါတယ်။
Olmec တွေရဲ့သမိုင်းကြောင်းကိုစတင်ရှာတွေသိချိန်ကတော့ (၁၉)ရာစု အလယ်ပိုင်းကာလကဖြစ်ပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းတွေ၊ ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် Olmec မျိုးနွယ်စုတွေဟာ ကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်သွားတာမျိုးဖြစ်နိုင်ကြောင်း ပညာရှင်တွေက အဖြေထုတ်ပေးခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ Olmec တွေရဲ့အမှတ်အသားအဖြစ် ကျောက်တုံးကို ထွင်းထုထားတဲ့ ဧရာမ ဦးခေါင်းပုံကျောက်တုံးကြီးတွေကို မြင်တွေ့နိုင်ပါသေးတယ်။
(၃) The Nabataeans
ယခုဂျော်ဒန်နိုင်ငံတောင်ဘက်စွန်းပိုင်းက Canaan ဒေသနဲ့ မြောက်အာရေဗီးယားဒေသ မှာဘီစီ(၆၀၀)ဝန်းကျင်ကာလကပေါ်ထွန်းခဲ့တဲ့ Nabataeans မျိုးနွယ်စုတွေဟာ Semitic နွယ်ဝင်(ဂျုး၊အာရပ်၊ဖီနီရှင်း၊အဆီးရီးမျိုးနွယ်) ဆိုရင်လည်းမမှားပါဘူး။ Petra မြို့တော်လို ရှေးဟောင်းဗိသုကာပညာရပ်မှာစံထားရတဲ့ မြို့တော်တွေကိုဖန်တီးနိုင်ခဲ့ကြသလို ဂျော်ဒန်နိုင်ငံက ထုံးကျောက်တောင်တွေမှာလည်း Nabataeans တွေရဲ့ပန်းပုလက်ရာ အစွမ်းကိုလေ့လာနိုင်ပါတယ်။
တွေ့ရှိချက်တွေအရတော့ Nabataeans တွေဟာ အရည်ဖိအားဆိုင်ရာ နည်းပညာရပ်တွေကိုပိုင်နိုင်ကြသူတွေဖြစ်သလို တူးမြောင်းတွေ၊ဆည်တွေ၊ ရေလှောင်ကန်တွေကိုဆောက်လုပ်ပြီး သူတို့အခြေချနေထိုင်ရာ ကန္တာရဒေသတွေမှာ စိုက်ပျိုးရေးလုပ်ငန်းတွေကိုဖော်ဆောင်ခဲ့တဲ့အထိ အစွမ်းထက်ခဲ့ကြသူတွေဖြစ်ပါတယ်။
Nabataeans တွေရဲ့အားနည်းချက်ကတော့ သူတို့ရဲ့နည်းပညာနဲ့ယဉ်ကျေးမှုတွေကို စာရေးမှတ်တမ်းတင်တဲ့အလေ့ မရှိတာဖြစ်ပါတယ်။ ယေဘုယအားဖြင့် Nabataeans တွေနေထိုင်တဲ့အရပ်ဟာ လူအသုံးအဆောင်ရှားပါးတယ်ဆိုပေမဲ့ ယင်းကာလက ဆင်စွယ်၊ပိုးထည်၊ဟင်းခတ်အမွှေးအကြိုင်၊သကြား၊သတ္ထု၊ရေမွှေးနဲ့ဆေးဝါးစတာတွေကို ငွေကြေးနဲ့ဖြစ်ဖြစ်၊ကုန်ချင်းလဲလှယ်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်တဲ့ ဈေးကွက်တွေကို Nabataeans တွေဘက်ကဖန်တီးထားနိုင်ခဲ့တာကိုတွေ့ရပါတယ်။
အခြားသောရှေး ခေတ်လူအဖွဲ့အစည်းတွေနဲ့ မတူညီတဲ့အချက်ကတော့ Nabataeans တွေဟာ ကျွန်စနစ်ကိုကျင့်သုံးခြင်းမရှိတာဖြစ်ပြီး မြို့တော်တွေ၊လမ်းတွေ အထိမ်းအမှတ်အဆောက်အအုံတွေတည်ဆောက်ရာမှာလည်း တစ်ဦးချင်းတာဝန်ခွဲဝေ တဲ့ပုံစံမျိုးနဲ့သာပြုလုပ်ခဲ့ကြတာဖြစ်တယ် လို့သိရပါတယ်။
(၂) The Empire Of Aksum
Aksum (Axum) အင်ပါယာကိုတော့ အေဒီ(၁၀၀)ခုနှစ်လောက်က ယခု အီသီယိုးပီးယားနိုင်ငံ ဧရိယာအတွင်းမှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဒေသဆိုင်ရာသမိုင်းအချက်အလက်တွေ အရဆိုရင်တော့ နာမည်ကျော် ဘုရင်မရှီဗာမွေးဖွားခဲ့တဲ့အရပ်အဖြစ်လူသိများပါတယ်။ Aksumမြို့တော်ဟာဆိုရင်ယင်းအေဒီ(၁၀၀)ဝန်းကျင်က ဆင်စွယ်၊ကျောက်မျက်ရတနာ ရွှေနဲ့လယ်ယာထွက်ပစ္စည်းအရောင်းအဝယ်ပြုလုပ်ရာ နိုင်ငံရဲ့ဗဟိုချက်မနေရာဖြစ်ပြီး အရှေရောမနဲ့အိန္ဒိယနိုင်ငံတွေနဲ့ ကုန်သွယ်ခြင်းလုပ်ငန်းတွေလုပ်ကိုင်ခဲ့ကြပါတယ်။
Aksum မျိုးနွယ်တွေဟာ အာဖရိကန်ယဉ်ကျေးမှုအသိုက်အဝန်းကိုဦးဆုံးထူထောင်ခဲ့ကြသူတွေဖြစ်ပြီး ကိုယ်ပိုင်ငွေကြေးကိုထုတ်ဝေသုံးစွဲနိုင်ခဲ့တဲ့အထိ စည်းစနစ်ကျနတဲ့နိုင်ငံတော်တစ်ခုကို တည်ထောင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှုပိုင်းမှာတော့ Aksum တွေဟာနတ်ဘုရားများစွာကို ကိုးကွယ်ခဲ့ကြပြီး (၃၂၄)ခုနှစ်မှာတော့ King Ezana (2) ဟာ Aksum အင်ပါယာတစ်ခုလုံးကို ခရစ်ယာန်ဘာသာကိုးကွယ်စေခဲ့ပြီး ခရစ်ယာန်နဲ့ဆက်နွယ်တဲ့ ယဉ်ကျေးမှုတွေထွန်းကားလာခဲ့ပြန်ပါတယ်။
ဒေသဆိုင်ရာ ဒဏ္ဍာရီတွေအရဆိုရင်တော့ Yodit လို့အမည်ရတဲ့ ဂျူးဘုရင်မဟာ Aksum အင်ပါယာကိုအောင်နိုင်ခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဘာသာရေးစာပေတွေအားလုံးကို မီးရှိုဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒါအပြင်လူမျိုးတုန်းသတ်ဖြတ်မှုများစွာ ကိုဆက်တိုက်ဆင်နွှဲခဲ့ပြန်တာကြောင့် Aksum တွေဟာသမိုင်းထဲကပျောက်ကွယ်သွားတဲ့အထိဖြစ်ခဲ့ရပါတယ်။
အချို့သောမှတ်တမ်းတွေမှာတော့ Aksum တွေဟာ စစ်ပွဲ ကြောင့်မဟုတ်ပဲ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နဲ့ မြေဆီလွှာခမ်းခြောက်ပြီး မအောင်မြင် တဲ့စိုက်ပျိုးရေးလုပ်ငန်းတွေရဲ့နောက်ပိုင်းမှာတော့ Aksum တွေဟာအငတ်ဘေးဆိုက် ရောက်လာခဲ့တယ်လို့ဆိုပါတယ်။ နောက်ဆုံးမှာတော့ Aksum တွေဟာ အုပ်စုတွေကွဲ ပြီးရေကြည်ရာ၊မြတ်နုရာလှည့်လည်သွားရောက်ခဲ့ရာမှ အခြားသောလူမျိုးနွယ်စုတွေနဲ့ ရောနှောကာ အမျိုးပျောက်ခဲ့ရတာဖြစ်တယ်လို့ဆိုကြပါတယ်။
(၁) The Khmer Empire
ကမ္ဘာမြေပေါ်ကပျောက်ကွယ်သွားပြီဖြစ်တဲ့ မျိုးနွယ်စုတွေအနက်မှာတော့ အရှေတောင် အာရှဒေသ ယခုကမ္ဘောဒီးယားနိုင်ငံမှာ အေဒီ (၁၀၀၀)ကနေ (၁၄၀၀)ကာလအတွင်း တည်ရှိခဲ့တဲ့ ခမာအင်ပါယာဟာ ထိပ်တန်းနေရာကနေပါဝင်နေပါတယ်။ ခမာတွေဟာ အခြားအရှေတောင်အာရှနိုင်ငံတွေဖြစ်တဲ့ လာအို၊ထိုင်း၊ဗီယက်နမ်၊မြန်မာနဲ့မလေးရှားနိုင်ငံတွေအထိ ပျံ့နှံ့နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး လက်ရှိယင်းနိုင်ငံတွေအတွင်းမှာလည်း ခမာ တွေဟာ ကွဲပြားတဲ့မျိုးနွယ်စုနာမည်တွေနဲ့ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ အန်ကောမြို့ဟာခမာမျိုးနွယ်စုတွေရဲ့ မြို့တော်ဖြစ်ပြီး ထူးခြားဆန်းပြားတဲ့ ဗိသုကာလက်ရာများစွာတည်ရှိနေတဲ့အရပ်လည်းဖြစ်ပါတယ်။ ခမာ အင်ပါယာအတွင်းကလူဦးရေစုစုပေါင်းဟာ သန်းနဲ့ချီတည်ရှိနေကြတာဖြစ်ပြီး ကိုးကွယ် ယုံကြည်မှုပိုင်းမှာတော့ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်ကြသူများပြားပါတယ်။ စေတီပုထိုးတော်တွေ၊ဘုရားကျောင်းတွေ၊မျှော်စင်တွေကို ခမာလက်ရာဟန်နဲ့ ထင်ထင် ရှားရှားတည်ဆောက်ခဲ့ကြပြီး ခမာတွေရဲ့ဗိသုကာအဆင့်အတန်းကို ကမ္ဘာရှေးခေတ် အံ့ဖွယ်အဆောက်အအုံအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ အန်ကောဝတ်ဘုရားကျောင်း မှာလေ့လာနိုင်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာတည်ရှိတဲ့ ယင်းဘုရားကျောင်းကြီးဟာ နတ်ဘုရား Vishnu ကိုရည်ရွယ်တည်ဆောက်ထားတာဖြစ်ပြီး ယဉ်ကျေးမှုအနုပညာသမိုင်း ကြောင်းတန်ဖိုးအရဆိုရင်တော့ အဖိုးဖြတ်လို့မရအောင်ကိုတန်ကြေးရှိပါတယ်။ ခမာအင်ပါယာပျက်သုဉ်းပျောက်ကွယ်သွားနဲ့ပတ်သက်လို့ကတော့ အကြောင်းအရာ များစွာရှိနေခဲ့ပါတယ်။ ပြည်ပကျူးကျော်စစ်ပွဲတွေကြောင့် အန်ကောမင်းဆက်တွေရပ်တံ့သွားချိန်မှာတော့ ခမာအင်ပါယာ ဟာအဆုံးသတ်သွားခဲ့ပါတော့တယ်။
သမိုင်းဆရာအများစုကတော့ ခမာတွေဖန်တီး ထားတဲ့လမ်းကြောင်းတွေဟာ ကောင်းမွန်လှတာကြောင့် ရန်သူတွေဟာ ခမာအင်ပါယာ နယ်မြေအတွင်းအလွယ်တကူချီတက်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ကြောင်းမှတ်ချက်ပြုထားကြပါတယ်။ အမှန်ကတော့ ခမာတွေဟာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုလွယ်ကူစေရန်ရည်ရွယ်ပြီး နိုင်ငံတွင်း လမ်းကွန်ယက်များစွာကိုဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ ခမာအင်ပါယာဟာ ၁၅ ရာစုမှာ ကျရှုံးပျောက်ကွယ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစလို့ နောင်နှစ်ပေါင်း ၄ရာကျော်အချိန်အထိကို ကမ္ဘောဒီးယားရဲ့ အမှောင်ခေတ် Dark ages of Cambodia လို့ သတ်မှတ်မှတ်တမ်းတင်ခံရပါတယ်။