ကမ္ဘာ့မြောက်ဘက်အကျဆုံးမြို့တော် ရေးခီးဗက်

Posted on

အားလုံးပဲ မင်္ဂလာပါရှင် ။ ကမ္ဘာ့နိုင်ငံတိုင်းလိုလိုမှာ အနည်းဆုံးမြို့တမြို့ကိုတော့ capital city မြို့တော်အဖြစ် သတ်မှတ်ထားလေ့ရှိပါတယ်။

မြို့တော်လို့ သတ်မှတ်တဲ့နေရာမှာ မြို့ကြီးတာ သေးတာ လူဦးရေများတာ နည်းတာနဲ့ သတ်မှတ်လေ့မရှိပဲ ယေဘုယျအားဖြင့် အစိုးရ အဓိကရုံးစိုက်ရာမြို့ကို သတ်မှတ်ခြင်း ဖြစ်ပါတယ်။

ဒီတခါတော့ နိုင်ငံအလိုက် ထင်ရှားတဲ့မြို့တော်တွေအများကြီး ရှိတဲ့အနက်က ကမ္ဘာ့မြောက်ဘက်အကျဆုံးမြို့တော်အဖြစ် သတ်မှတ်ခံထားရတဲ့ မြို့ကလေး နဲ့ သုတဇုန် မိတ်ဆွေတွေကို မိတ်ဆက်ပေးပါမယ်။

ဒီမြို့ကလေးဟာ ကမ္ဘာ့အချမ်းသာဆုံး အစိမ်းလန်းဆုံး နှင့် အလုံခြုံဆုံး မြို့တော်များ စာရင်းမှာလည်း ထိပ်တန်းက ပါဝင်နေလေ့ရှိပါတယ်။ ဒီမြို့ရဲ့အမည်ကတော့ ရေးခီးဗက် ဖြစ်ပြီး မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ တည်ရှိတဲ့ အိုက်စလန်နိုင်ငံငယ်လေးရဲ့ မြို့တော် ဖြစ်ပါတယ်။

ရောင်စုံအိမ်ကလေးများနဲ့ စနစ်တကျ တည်ဆောက်ထားတဲ့ ရေးခီးဗက်မြို့ဟာ အိုက်စလန်ရဲ့ အကြီးဆုံး နဲ့ အရေးပါဆုံးမြို့လည်း ဖြစ်ပါတယ်။ နိုင်ငံရဲ့ ယဉ်ကျေးမှု ၊ စီးပွားရေးလုပ်ငန်းများ နဲ့ အစိုးရအဖွဲ့အစည်းများ အခြေစိုက်ရာ ဗဟိုဌာနလည်း ဖြစ်ပါတယ်။

ဒီမြို့ဟာ ၁၀၅ စတုရန်းမိုင်ခန့် ကျယ်ဝန်းပြီး မြို့ပေါ်နေ လူဦးရေ ၁၃၀,၀၀၀ ခန့်သာနေထိုင်တဲ့မြို့ဖြစ်ပါတယ်။ ၁ မိုင်ပတ်လည်မှာ လူဦးရေ ၁၂၀၀ ခန့်သာနေထိုင်တဲ့အတွက် လူနေကျဲပါးတဲ့မြို့တမြို့လို့ ဆိုနိုင်ပါတယ်။

ရေးခီးဗက်ရဲ့ သမိုင်းကိုပြောရမယ်ဆိုရင်တော့ ဒီမြို့တည်ရှိတဲ့နေရာမှာ အေဒီ ၈၇၀ ခန့်ကတည်းက လူတွေ စတင်အခြေချနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရာစုနှစ်ပေါင်းများစွာတိုင်အောင် အပြောင်းအလဲ သိပ်မရှိပဲ ၁၈ ရာစုတိုင်အောင် စိုက်ပျိုးမြေတွေ အနေနဲ့သာ ရှိခဲ့ပါတယ်။

ဒိန်းမတ်ဘုရင် အုပ်ချုပ်တဲ့ ၁၇၈၆ ခုနှစ်မှ မြို့တမြို့အဖြစ် စတင်သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ မြို့လို့သာ သတ်မှတ်လိုက်ပေမယ့် စည်ကားခြင်း မရှိပဲ နောက် ရာစုနှစ်တခုတိုင်အောင် ရွာကြီးတရွာ အနေနဲ့သာ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒိန်းမတ်တို့ထံကနေ လွတ်မြောက်ပြီး အိုက်စလန်ဘုရင့်နိုင်ငံကို စတင်ထူထောင်တဲ့ ၂၀ ရာစု အစောပိုင်းမှာတော့ ရေးခီးဗက်ဟာ နိုင်ငံရဲ့ မြို့တော်ဖြစ်လာခဲ့ပါတယ်။ ရေးခီးဗက် ဆိုတဲ့အမည်ကတော့ မီးခိုးများရဲ့ပင်လယ်အော် လို့ အဓိပ္ပါယ်ရပါတယ်။

မြို့ရဲ့အဆောက်အအုံအများစုကိုတော့ ဒုတိယ ကမ္ဘာစစ်ကာလတွင်းမှ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စစ်အတွင်းမှာ ဗြိတိသျှ နဲ့ အမေရိကန်တပ်များ ခြေချခဲ့ရာကနေ ရေးခီးဗက်လေဆိပ်ကို ဗြိတိသျှတို့က တည်ဆောက်ခဲ့ပြီး ကတ်ဖလတ်ဗစ် လေဆိပ်ကိုတော့ အမေရိကန်တို့က တည်ဆောက်ပေးခဲ့ပါတယ်။

စစ်အပြီးကာလကနေ စတင်လို့ ရေးခီးဗက်မြို့ဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။ စိုက်ပျိုးရေးဘက်မှာလည်း နည်းပညာစွမ်းအားကို အသုံးချလာကြသလို စီးပွားရေးဖြစ်ထွန်းလာမှုကြောင့် လူဦးရေလည်း တဖြည်းဖြည်း တိုးပွားလာခဲ့ပါတယ်။

၁၉၉၀ ဝန်းကျင်ကာလမှ စပြီး ငွေကြေးဝန်ဆောင်မှု ဘဏ်လုပ်ငန်း ၊ ကွန်ပျူတာအိုင်တီနည်းပညာ လုပ်ငန်းများထွန်းကားလာခဲ့ပါတယ်။ ဒီလိုနဲ့ ရေးခီးဗက်ဟာ ရွာကြီးတရွာမှ ခေတ်သစ်မြို့ပြတခုအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။

ရေးခီးဗက်ဟာ နိုင်ငံရဲ့အနောက်တောင်ပိုင်းမှာ တည်ရှိပြီး မြို့ဧရိယာအများစုကိုတော့ ရေခဲပြင်များက ဖုံးလွှမ်းထားပါတယ်။ အေးချမ်းသာယာတဲ့ ရာသီဥတုမျိုးကို ပိုင်ဆိုင်ထားပြီး တနှစ်ပတ်လုံး ပျမ်းမျှအပူချိန်က ၅ဒီဂရီ ဆဲစီးယပ်ခန့်သာရှိပါတယ်။

မြို့ရဲ့အမှတ်အသားလို့ ခေါ်ရမယ့်အရာကတော့ ဟာဂရင်စကင်ကာ ခရစ်ယာန် ဘုရားကျောင်းဖြစ်ပါတယ်။ မြို့ရဲ့အလယ်မှာတည်ရှိပြီး ဒုံးပျံပုံသဏ္ဍာန်တည်ဆောက်ထားတဲ့ ဒီဘုရားကျောင်းဟာ အမြင့်ပေ ၂၄၄ ခန့် မြင့်ပါတယ်။ နိုင်ငံရဲ့အကြီးဆုံးဘုရားကျောင်းဖြစ်သလို ဒုတိယအမြင့်ဆုံး အဆောက်အအုံလည်း ဖြစ်ပါတယ်။ ဒီဘုရားကျောင်းကြီးကို ၁၉၈၆ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး တည်ဆောက်ချိန် နှစ်ပေါင်း ၄၀ ခန့် ကြာမြင့်ခဲ့ပါတယ်။

နောက်ထပ်ထင်ရှားတဲ့ အဆောက်အအုံတခုကတော့ ဟာ့ရှ်ပါ အဆောက်အအုံဖြစ်ပါတယ်။ ဖန်တွေနဲ့ ပျားအုံသဏ္ဍာန် ဗိသုကာလက်ရာမြောက်စွာ တည်ဆောက်ထားတဲ့ အဆောက်အအုံ ဖြစ်ပါတယ်။ ဖန်တွေကြောင့် နေရောညပါ တောက်ပလျက်ရှိတဲ့ ဒီအဆောက်အအုံကြီးမှာတော့ အခမ်းအနား နဲ့ ဆင်ဖိုနီ ၊ အော်ပရာ စတဲ့ အနုပညာပွဲတွေကို ကျင်းပလေ့ရှိပါတယ်။

ရေးခီးဗက်ဟာ သဘာဝရေနွေးကန်တွေကြောင့်လည်း ကျော်ကြားပါတယ်။ မီးတောင်ပတ်ဝန်းကျင်မှာရှိတာကြောင့် သူ့အလိုလိုနွေးနေရခြင်းဖြစ်ပြီး တမြို့လုံးမှာ ဒီလိုရေကန်ပေါင်း ၁၇ ခုခန့် ရှိနေပါတယ်။ သဘာဝရေနွေးကန်တွေမှာ ရေစိမ်ခြင်းဟာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစေတယ်လို့ ယုံကြည်ကြပြီး မြို့သူမြို့သားသာမက ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ပြည့်နေတတ်တဲ့ နေရာတွေ ဖြစ်ပါတယ်။

ဒီမြို့ဟာ မြို့နေလူဦးရေနဲ့တွက်လျှင် ကားပိုင်ဆိုင်မှု အများဆုံးမြို့တမြို့လို့လည်း ဆိုနိုင်ပါတယ်။ မြို့နေထိုင်သူ ၁၀၀၀ မှာ ကားစီးရေ ၈၀၀ ကျော် ရှိတာကြောင့် လူ ၁၀ ယောက်မှာ အနည်းဆုံး ၈ ယောက်က ကိုယ်ပိုင်ကား ရှိသူတွေ ဖြစ်ကြပါတယ်။

ရေးခီးဗက်ပြည်တွင်းလေဆိပ်ကတော့ ဖာရိုးကျွန်းစု နဲ့ ဂရင်းလန်တို့ကိုပါ သွားရောက်နိုင်ပြီး နှစ်စဉ်ခရီးသွား ၄ သိန်းခန့်ရှိပါတယ်။ ကတ်ဖလတ်ဗစ်နိုင်ငံတကာလေဆိပ်ကတော့ ဥရောပနိုင်ငံတွေကို သွားရောက်နိုင်ပြီး နှစ်စဉ်ခရီးသွား ၁သန်းကျော်ကို ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။

ဒါအပြင် ရေခီးဗက်မြို့ဟာ ဆိပ်ကမ်းမြို့ဖြစ်တဲ့အတွက် ငါးဖမ်းသင်္ဘောတွေ ၊ ပင်လယ်ကူးဇိမ်ခံသင်္ဘောကြီးတွေနဲ့ ၊ ကာဂိုကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်ရာ အဓိက ဆိပ်ကမ်း ၂ခုလည်း ရှိနေပါသေးတယ်။

ရေးခီးဗက် မြို့သူမြို့သားတွေရဲ့ အဓိကစီးပွးာရေးလုပ်ငန်းတွေကတော့ ငွေကြေးနှင့် ဘဏ်လုပ်ငန်း ၊ နည်းပညာ ၊ ငါးဖမ်းလုပ်ငန်း ၊ ဘူမိအပူစွမ်းအင် ၊ ဆေးဝါး နှင့် ခရီသွားလာရေး ဝန်ဆောင်မှု လုပ်ငန်း စတာတို့ဖြစ်ပါတယ်။ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၆၅၀၀၀ ခန့်ဖြစ်ပြီး တဦးချင်းဝင်ငွေနဲ့တွက်လျှင် ကမ္ဘာ့အချမ်းသာဆုံးမြို့စာရင်းမှာ ပါဝင်နေပါတယ်။

ပညာရေးထွန်းကားပြီး တက္ကသိုလ် ကောလိပ်ကျောင်းပေါင်း ၁၅ ခုခန့်ရှိနေပါတယ်။ ဒီအထဲမှာ ရေးခီးဗက်တက္ကသိုလ် ၊ အိုက်စလန် တက္ကသိုလ် နဲ့ အိုက်စလန်အနုပညာအကယ်ဒမီ တို့ဟာ ထင်ရှားပါတယ်။

ရေးခီးဗက်ကို ပင်လယ်ပျော် ဖတ်ဖင်ငှက် Puffin တို့ရဲ့မြို့တော်လို့လည်း ခေါ်ကြလေ့ရှိပါတယ်။ ကမ္ဘာပေါ်ရှိ Puffin ငှက် စုစုပေါင်းရဲ့ ၆၀% ခန့် က အိုက်စလန်တနိုင်ငံထဲမှာ ရှိနေပြီး ဒီအထဲက အများစုက ရေးခီးဗတ်အနီးတဝိုက်မှာပဲ နေထိုင်ကျက်စားကြလို့ ဖြစ်ပါတယ်။

စာပေယဉ်ကျေးမှု အလွန်ထွန်းကားတာကြောင့် ယူနက်စကိုရဲ့ စာပေမြို့တော်အဖြစ် သတ်မှတ်ခံထားရတဲ့မြို့လည်းဖြစ်ပါတယ်။ ဒီမြို့မှာနေထိုင်သူအများစုဟာ စာအုပ်တွေကို အလွန်နှစ်သက်ကြပြီး မြို့အနှံ့မှာ စာဖတ်နေသူတွေကို မကြာခဏမြင်ကြရမှာ ဖြစ်ပါတယ်။

ရေခီးဗက်မှာ ပြတိုက်ပေါင်းများစွာလည်း ရှိနေပြီး ထင်ရှားတဲ့ပြတိုက်တွေကတော့ အိုက်စလန်အမျိုးသားပြတိုက် ၊ ရေးခီးဗက်ရေကြောင်းပြတိုက် ၊ ဆာဂါပြတိုက် ၊ အင်နားဂျွန်ဆင်ပြတိုက် တို့ဖြစ်ပါတယ်။

ရေးခီးဗက်ဟာ nightlife ယဉ်ကျေးမှု ထွန်းကားပြီး ညအခါမြို့ရဲ့ကောင်းကင်ပြင်မှာ အလွန်တဲ့ ဥတ္တရအလင်းတန်းတွေကို မြင်တွေ့ရလေ့ရှိပါတယ်။

ရေးခီးဗက်ကို ကမ္ဘာ့ထိပ်တန်း အစိမ်းရောင်မြို့ပြ Green city စာရင်းမှာလည်း ထည့်သွင်းထားပါတယ်။ လျှပ်စစ်သုံးစွဲမှုအနေနဲ့ သဘာ၀ မထိခိုက်စေတဲ့ ရေအားလျှပ်စစ် နဲ့ ဘူမိအပူစွမ်းအင်တွေကိုပဲ သုံးစွဲကြလို့ဖြစ်ပါတယ်။

အေးမြတဲ့ ရာသီဥတု ပတ်ဝန်းကျင် နဲ့ အတူ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ၊ ပညာရေးထွန်းကားမှု ၊ အမှုအခင်းနည်းပါးမှုတွေကြောင့် ရေးခီးဗက်မြို့ဟာ ကမ္ဘာပေါ်က နေချင့်စဖွယ်အကောင်းဆုံးမြို့များစာရင်းမှာလည်း ရွေးချယ်ခံရလေ့ရှိပါတယ်။

ဒီလောက်ဆိုရင်တော့ ကမ္ဘာ့မြောက်ဘက်အကျဆုံးမြို့တော် ရေးခီးဗက်ရဲ့ အကြောင်းကို တော်တော်လေး သိသွားလောက်ပြီထင်ပါတယ်။ ထပ်မံပြီးတော့လည်း အခြားထင်ရှားတဲ့ စိတ်ဝင်စားစရာ မြို့တွေအကြောင်းကို တင်ဆက်ပေးသွားဦးမှာဖြစ်တဲ့အတွက် သုတဇုန် ယူကျူ့ချန်နယ်ကို subscribe လုပ်သွားပေးခဲ့ကြပါဦးနော်။