စိန်၊ရွှေ၊ငွေစတဲ့အရာတွေကတော့ လူသားတိုင်းအတွက် အလိုအပ်ဆုံးသက်မဲ့ပစ္စည်းတွေ ဖြစ်ကြပြီး ကမ္ဘာပေါ်ကလူအများစုဟာ ယင်းအရာတွေအတွက်ပဲ နေ့စဉ်ရုန်းကန်နေရရှာပါတယ်။ခေတ်ကာလတွေ၊စနစ်တွေဘယ်လိုပဲ ပြောင်းလဲနေပါစေ ငွေကြေးကြွယ်ဝချမ်း သာသူတွေအဖို့ကတော့ ကဏ္ဍတိုင်းမှာ နေရာတစ်ခုကတော့ရှိနေစမြဲဖြစ်ပါတယ်။
ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာအချမ်းသာဆုံးမိသားစုတွေရဲ့အကြောင်းအရာ အချို့ဖြစ်ပါတယ်။ သာမန်လူတစ်ယောက်အတွက် အံ့သြသင့်သွားရလောက်အောင် ဒီစာရင်းမှာပါတဲ့ မိသားစုတွေဟာချမ်းသာကြွယ်ဝကြပါတယ်။ သူတို့လုပ်ငန်းတွေ စုစုပေါင်းရဲ့ ကြွယ်ဝမှုပမာဏဟာ တော်ရုံနိုင်ငံရဲ့ စုစုပေါင်း GDP ထက်တောင်များနေပါသေးတယ်။ ဒီစာရင်းမှာ အများစုသိပြီးသားဖြစ်တဲ့ Rothschild မိသားစု တော့ပါဝင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ နိုင်ငံတကာကို ဘဏ်လုပ်ငန်းတွေနဲ့ ထိန်းချုပ်ထားတယ်ဆိုသော်ငြား ဘယ်လောက်ချမ်းသာတယ်ဆိုတဲ့ စာရင်းမှတ်တမ်းမရှိပဲ လက်ရှိမှတ်တမ်းတွေအရတော့ ဦးဆောင်သူတွေဟာ ဘီလျံအနည်းငယ်ပဲ ချမ်းသာလို့ဖြစ်ပါတယ်။
(၇) Wertheimer Family – Chanel
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီဖြစ်တဲ့ Chanel ကို ပြင်သစ်ဖက်ရှင်ဒီဇိုင်နာ Coco Chanel က ၁၉၀၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပါတယ်။ အဝတ်အထည် ၊ ရေမွှေး ၊ လက်ဝတ်ရတနာနဲ့ အခြားဖက်ရှင်ဆိုင်ရာ ပစ္စည်းမျိုးစုံကို ကမ္ဘာတလွှား ရုံးခွဲများစွာဖွင့်ကာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ ဒီကုမ္ပဏီကြီးကို Coco Chanel ရဲ့ ပါတနာဖြစ်သူ Pierre Wertheimer က ဆက်ခံခဲ့ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့မြေးတွေဖြစ်တဲ့ Alain Wertheimer နဲ့ Gérard Wertheimer တို့က ဆက်လက်လုပ်ကိုင်နေပါတယ်။ Wertheimer မိသားစုရဲ့ကြွယ်ဝမှုကတော့ ၅၇.၆ ဘီလျံ ဖြစ်ပါတယ်။
(၆) Ortega Family – Zara
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီဖြစ်တဲ့ Zara ကို စပိန်လူမျိုး Amancio Ortega နဲ့ Rosalía Mera တို့က ၁၉၇၇ ခုနှစ်မှာ ပူးတွဲတည်ထောင်ခဲ့ကြပါတယ်။ အဝတ်အထည်ကုမ္ပဏီအဖြစ် စတင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အဝတ်အထည်အပြင် ၊ ရေမွှေး ၊ ရှုးဖိနပ် နဲ့ အခြားအလှအပ ဖက်ရှင်ဆိုင်ရာ ပစ္စည်းမျိုးစုံကို ထုတ်လုပ်ရောင်းချလျှက်ရှိပါတယ်။ လက်ရှိအချိန်မာတော့ Ortega မိသားစုရဲ့ သမီးဖြစ်သူ Sandra Ortega Mera က ဆက်လက်လုပ်ကိုင်နေပြီး ကမ္ဘာတဝှမ်းလုံးမှာ ဆိုင်ခွဲ ၁သောင်းကျော်အထိ ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။ Ortega မိသားစုရဲ့ စုစုပေါင်းကြွယ်ဝမှုကတော့ ၇၃.၈ ဘီလျံဖြစ်ပါတယ်။
(၅) The Slim Family
(၂၀၁၀)ခုနှစ်ကနေ (၂၀၁၃)ခုနှစ်ကတော့ မက္ကဆီကိုသူဌေးကြီးကားလိုစ်စလင်းရဲ့ The Slim Family ဟာကမ္ဘာအချမ်းသာဆုံးမိသားစုအဖြစ်ရှိနေပြီး နောက်ပိုင်းမှာတော့ စကော့ရှယ်ယာဈေးတွေကျဆင်းခြင်းနဲ့အတူ ပထမနေရာကနေ ဆင်းပေးလိုက်ရပါတယ်။ မြောက်အမေရိကရဲ့နာမည်ကျော်Grupo Carso ကုမ္ပဏီလုပ်ငန်းစုကိုပိုင်ဆိုင်ထားပြီး မိသားစုဝင်(၈)ဦးအထိပါဝင်တဲ့ The Slim Family ဟာအမေရိကန်ဒေါ်လာ (၇၇.၁) ဘီလီယံလောက်ကိုပိုင်ဆိုင်ထားပြီး လက်တင်အမေရိကမှာတော့ အချမ်းသာဆုံးမိသား စုဖြစ်ပါတယ်။
(၄) Al Saud – Saudi Royal Family
House of Saud လို့ခေါ်တဲ့ ဆော်ဒီတော်ဝန်မိသားစုဟာ ဆော်ဒီနိုင်ငံကို အုပ်ချုပ်လာခဲ့တာ ၁ရာစုပြည့်တော့ပါမယ်။ ရေနံအထွက်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး တော်ဝင်မိသားစုတွေဟာ နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေမှာ ဦးဆောင်လုပ်ကိုင်နေပါတယ်။ ဆော်ဒီမင်းသား Al-Waleed bin Talal ကတော့ နိုင်ငံရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ကျော် ကြွယ်ဝပြီး ဆောင်ဒီဘုရင် Abdulaziz Al Saud ကတော့ ၁၇ ဘီလျံကြွယ်ဝပါတယ်။ တော်ဝင်မိသားစု တစ်စုလုံးရဲ့ ကြွယ်ဝမှုကတော့ ဘီလျံ ၁၀၀ ခန့် ရှိပါတယ်။
(၃) Koch Family – Koch Industries
Koch မိသားစု စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ရေနံစိမ်း နဲ့ လောင်စာဆီလုပ်ငန်းကို အမေရိကန်အင်ဂျင်နီယာ နဲ့ စွန့်ဦးတီထွင်တစ်ဦးဖြစ်တဲ့ Fred C. Koch က စတင်တည်ထောင်ခဲ့တာပါ။ ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်အတောအတွင်းမှာ Fred ရဲ့ သားလေးယောက်စလုံးဟာ ဖခင်ဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းထဲမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ လောင်စာဆီ ၊ ဓာတုပစ္စည်း ၊ ကတ္တရာ ၊ ဖိုင်ဘာ ၊ စက္ကူ စတဲ့ လုပ်ငန်းမျိုးစုံကိုလုပ်ကိုင်တဲ့ Koch Industries ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ပုဂ္ဂလိက ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ သားလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Charles Koch က ဆက်လက် ဦးဆောင်လုပ်ကိုင်နေပြီး ဒီမိသားစုရဲ့ကြွယ်ဝမှုကတော့ ၁၂၄.၅ ဘီလျံ ဖြစ်ပါတယ်။
(၂) The Mars Family
အမေရိကန်စားသောက်ကုန်လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Mars,Inc ကိုပိုင်ဆိုင်ထားတဲ့ The Mars Family ရဲ့ဦးဆောင်ပုဂ္ဂိုလ်ကတော့ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ Franklin Clarence Mars ဖြစ်ပါတယ်။ Mars,Inc ဟာ စားသောက်ကုန်အမှတ်တံဆိပ်များစွာကို တစ်ကမ္ဘာလုံးအနေအထား ဖြန့်ဖြူးရောင်းချလျှက်ရှိကာ ဝန်ထမ်းပေါင်း ၁၁၅၀၀၀ခန့် ရှိတဲ့ ကုမ္ပဏီကြီတစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Franklin Mars ရဲ့မြေးဖြစ်သူ Victoria B. Mars က ဆက်လက်ဦးဆောင်လုပ်ကိုင်နေပြီး မိသားစုဝင်(၄)ယောက်ပါဝင်တဲ့ The Mars Family ရဲ့ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ (၁၂၆.၅)ဘီလျံအထိချမ်းသာကြွယ်ဝပါတယ်။
(၁) Walton family – Walmart
ယခုလက်ရှိကမ္ဘာအချမ်းသာဆုံး မိသားစုစာရင်းမှာတော့ အမေရိကန်ပြည်ထောင်စုက Walton family မိသားစုကရပ်တည်နေပြီးသူတို့ရဲ့ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ၁၉၀ ဘီလီယံအထိကိုရှိနေတာဖြစ်ပါတယ်။ မိသားစုဝင်တွေဖြစ်တဲ့ Jim နဲ့ Alice Walton တစ်ယောက်ချင်းစီကတင် အမေရိကန်ဒေါ်လာ ၄၄ ဘီလျံအထိရှိပြီး ကမ္ဘာကျော်ဘီလျံနာစာရင်းမှာ အဆင့် ၁၆ နဲ့ ၁၇ နေရာကနေရပ်တည်နေတာကိုတွေ့ရပါတယ်။
Arkansas မှာ ၁၉၆၂ ကတည်းက. Sam walton ထူထောင်ခဲ့တဲ့ walmart ကုမ္ပဏီဟာဆိုရင် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီးတစ်ခုအဖြစ်ရှိနေပြီး ၂၀၁ ၉ ခုနှစ်မှာတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁၄.၄ ဘီလီလျံအထိရှိခဲ့ပြီး ဝန်ထမ်းပေါင်း ၁.၅ သန်းအထိပါဝင်လုပ်ကိုင်လျက်ရှိပါတယ်။ Walton family ပိုင်လက်လီရောင်းချတဲ့စတိုးဆိုင်ခွဲအရေအတွက်ဟာဆိုရင် တစ်ကမ္ဘာလုံးအနေနဲ့ ၁၂၀၀၀ လောက်ရှိနေပြီးဖြစ်ကာ အမေရိကန်မှာတော့ ဆိုင်ခွဲပေါင်း ၅၃၆၂ အထိဖွင့်လှစ်ရောင်းချလျက်ရှိပါတယ်။