အမေရိကန်ပြည်ထောင်စု၊ ရှီကာဂိုရဲ့တောင်ပိုင်း Loop ဧရိယာအတွင်းတည်ရှိနေတဲ့ Monadnock အဆောက်အအုံဟာဆိုရင်အထပ်ပေါင်း (၁၆)ထပ် လောက်ပါရှိပြီး ကမ္ဘာပေါ်မှာဆိုရင် အုတ်နဲ့နောက်ဆုံးတည်ဆောက်တဲ့ မိုးမျှော်အဆောက်အအုံအဖြစ် မှတ်တမ်းဝင်ထားပါ တယ်။ ရှီကာဂိုမြစ်နဲ့ မီချီဂန်ရေကန်အကြား တည်ရှိနေပြီး ခမ်းနားကြီးကျယ်တဲ့အဆောက်အအုံ တခုအဖြစ်ရပ်တည်နေပါတယ်။
ယင်းအဆောက်အအုံတည်ဆောက်ချိန်ကာလတုန်းက အုတ်တွေဟာ ပေါများစွာ ထုတ်လုပ်နိုင်ပြီးဈေးပေါတယ်ဆိုတဲ့အချက်ကြောင့် အမေရိကန်တခွင်တည်ဆောက်ရေးလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ်သုံးစွဲခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အုတ်တွေဟာ အလွန်လေးလံတယ်ဆိုတဲ့အချက်ကြောင့် အထပ်မြင့်အဆောက်အအုံတွေတည်ဆောက်ဖို့တော့အဆင်မပြေပါဘူး။
ဒါကြောင့်လည်း ယနေ့အချိန်မှာဆိုရင် အထပ်မြင့်အဆောက်အအုံတွေမှာ အပေါ်အလေးချိန်ကိုခံနိုင်ဖို့ ကွန်ကရစ်(သို့) သံမဏိတွေနဲ့ပြုလုပ်ထားတဲ့ တိုင်တွေ၊ ထုပ်တန်းတွေကို ထည့်သွင်းတည်ဆောက်ခဲ့ကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ အဆောက်အအုံတွေမှာပါဝင်နေတဲ့ နံရံတွေကတော့ အဆောက်အဦးခံနိုင်ရည်ထက် အကာအရံတစ်ခုအဖြစ်သာ ရည်ရွယ်တည် ဆောက်ခဲ့ကြတာဖြစ်ပါတယ်။
(၁၉)ရာစု အစောပိုင်းကာလတွေမှာတော့ သံမဏိဟာပုံစံမျိုးစုံနဲ့ စမ်းသပ်ဆဲပစ္စည်းအဖြစ်သာရှိနေပြီး အဆောက်အအုံတည်ဆောက်ရာမှာအသုံးပြုခဲ့ခြင်းမရှိခဲ့ပါဘူး။ (၁၈၅၆)ခုနှစ်ရောက်ချိန် မှအင်္ဂလိပ်လူမျိုးပညာရှင် Henery Bessemer ကသံမဏိကိုချည်နှောင်ပံနည်းစဉ်ကိုပြ သခဲ့ပြီး နောက်ထပ်နှစ်(၁၀၀)ကာလရောက်ချိန်မှာသာ Bessemer ရဲ့အဆောက်အအုံတွေမှာ သံမဏိတပ်ဆင်ရေးလုပ်ငန်းစဉ်တွေဟာ အသက်ဝင်လာခဲ့တာဖြစ်ပါတယ်။
Monadnock အဆောက်အအုံကိုတော့ နာမည်ကျော် Burnham&Root ကုမ္ပဏီရဲ့ဒီဇိုင်းပညာရှင် John Root ကဒီဇိုင်းရေးဆွဲပြီး (၁၈၉၁)ခုနှစ်ကနေ (၁၈၉၃)ခုနှစ်အထိ (၃)နှစ်တာကာလအတွင်း အပြီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စတင်တည်ဆောက်ချိန်က အထပ်ပေါင်း (၁၆)ခုပါဝင်နေပြီး အုတ်သီးသန့်တည်ဆောက်တဲ့အဆောက်အအုံတွေအနက်မှာတော့ အမြင့်ဆုံးဖြစ်ခဲ့ကာ အလွန်လေးလံတဲ့အဆောက်အအုံဖြစ်တာကြောင့် အောက်ခြေအဆင့်ကအခန်းတွေမှာကို (၆) ပေလောက်အထူနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။
ဒါကြောင့် အဆောက်အအုံရဲ့မြေညီထပ်ဟာ အလွန်မှောင်ပိတ်တဲ့ မြေတိုက်ခန်းလိုဖြစ်နေခဲ့ပြီး အထပ်မြင့်လာလေနံရံတွေရဲ့အထူဟာပါးလာလေဖြစ်ပါတယ်။ ဒါကြောင့် Monadnock အဆောက်အအုံဟာအထပ်မြင့်လာလေအခန်းတွေဟာကျယ်လာလေဖြစ်ပြီး ဒါတောင် အပေါ်ဆုံးအထပ်က နံရံတွေဟာအထူ (၁၈)လက်မလောက် ရှိနေပါသေးတယ်။
အမှန်တော့ ရှီကာဂိုဒေသဟာ စိမ့်ဆန်ပြီးနွံပေါတဲ့ဒေသဖြစ်တာကြောင့် အုတ်တွေနဲ့ပဲ တည်ဆောက်ထားတဲ့ Monadnock လိုအဆောက်အအုံတွေရှိနေတာဟာ အတော်တော့အံ့သြသင့်စရာကောင်းနေပါတယ်။
ဒီအကြောင်းကို New York Times ရဲ့သတင်းထောက်တဦးက ရှီကာဂိုရဲ့မြေဆီလွှာကို သကာရည်နဲ့အတူ semi-fluid အလွာပါတဲ့ အလွန်ကြီးမားတဲ့ ဂျယ်ရီကိတ်အဖြစ်ဖော်ပြခဲ့ပါတယ်။ မြေဆီလွှာတွင်း အဆောက်အအုံ နိမ့်ဆင်းမှုကနေကာကွယ်ရန် အတွက်အင်ဂျင်နီယာတွေဟာ အဆောက်အအုံရဲ့အောက်ခြေမှာ ရထားသံလမ်းသဏ္ဍာန် ကွန်ကရစ်ဖောင်တွေကိုတည်ဆောက်ကာ အဆောက်အဦးတခုလုံးရဲ့အလေးချိန်ကို ထိန်းညှိုဖို့ကြိုးစားခဲ့ပါတယ်။
ယင်းသံမဏိဘောင်ကြီးဟာဆိုရင် Monadnock အဆောက်အအုံထက်ကို(၁၁) ပေ လောက်ပိုမိုရှည်လျားနေခဲ့ပြီးအဆောက်အအုံတည်ဆောက်ပြီးချိန်မှာတော့ ယင်းသံမဏိဘောင်ကြီးနဲ့အတူ Monadnock အဆောက်အအုံဟာ (၂) ပေလောက်ကို မြေအောက်ကို နစ်မြုပ်သွားခဲ့ပါတယ်။
မူလက အင်ဂျင်နီယာတွေအနေနဲ့ Monadnock ဟာ မြေအောက်ကို (၈)လက်မလောက်သာနိမ့်ဆင်းသွားလိမ့်မယ်လို့တွက်ချက်ထားပေမဲ့ ရှီကာဂို ရဲ့စိမ့်ဆန်တဲ့မြေဆီလွှာရဲ့ပျော့ပျောင်းမှုကအတော်ကိုအံ့သြသင့်စရာဖြစ်ခဲ့တာပါ။ ဆက်တိုက်ဆိုသလိုပဲ Monadnock အဆောက်အအုံရဲ့မြေညီထပ်ဟာလည်း street level ကနေ တစ်ဆင့်နိမ့်သွားခဲ့ရပါတယ်။
အမှန်တော့ Monadnock ယခုတိုင်တည်ရှိနေတာ ဟာ ပညာရှင် John Root ရဲ့ကျွမ်းကျင်တဲ့အင်ဂျင်နီယာစွမ်းရည်ကြောင့်ဖြစ်တယ်လို့ ပြော နိုင်ပါတယ်။ John ဟာ Monadnock အဆောက်အအုံကို အုတ်ချည်းပဲ သီးသန့်တည်ဆောက်ခဲ့တာမျိုးတော့မဟုတ်ပါဘူး။
ခိုင်မာတဲ့ အဆောက်အအုံကြီးတစ်ခုဖြစ်လာဖို့နဲ့လေပြင်း တိုက်ခတ်မှုဒဏ်တွေကိုကာကွယ်နိုင်ရန် သံဘောင်အပြင်ဘက်မှာဆိုရင် သံကြွပ်နဲ့ပြု လုပ်ထားတဲ့ framework တွေကိုအတွင်းပိုင်းနေရာတွေကနေ အင်္ဂတေနံရံတွေကို မပြိုလဲအောင် ထိန်းချုပ်ထားတဲ့နည်းလမ်းကိုအသုံးပြုထားတာကိုတွေ့ရပါတယ်။
ယင်းတည်ဆောက်ပုံဟာ နံရံတွေကိုသာထိန်းချုပ်ဖို့ဖြစ်ပြီး အဆောက်အအုံတခုလုံးရဲ့ဝန်ကိုတော့ ထိန်းထားခြင်းမျိုးတော့မဟုတ်ပါဘူး။ အမေရိကတိုက်မှာတော့ Monadnock ဟာ လေပြင်းဒဏ်ကို မခံရအောင်တည်ဆောက်ထားတဲ့ ပထမဆုံးသောအဆောက်အအုံအဖြစ်ရှိနေခဲ့တဲ့အပြင် အလူမီနီယံကိုပထမဆုံးထည့်သွင်း တည်ဆောက်တဲ့အဆောက်အအုံအဖြစ်လည်းသတ်မှတ်နိုင်ပါတယ်။
ယင်းကာလက အခြားနိုင်ငံကနေသွင်းကုန်ဖြစ်တဲ့ အပြင်အလွန်ဈေးကြီးတဲ့ အလူမီနီယံ တွေကိုလည်း Monadnock အဆောက်အအုံရဲ့လှေကားအုံ တွေမှာအသုံးပြုတပ်ဆင်ထား တာမျိုးတွေကိုလည်းတွေ့ရပါတယ်။
ယင်းကာလကအမေရိကန်တခွင်ကျော်ကြားခဲ့တဲ့ Monadnock ရဲ့တည်ဆောက်ပုံတွေ ကြောင့် ပိုင်ရှင်တွေဟာ အဆောက်အအုံရဲ့တောင်ပိုင်းနဲ့မြောက်ဘက်ပိုင်းကိုတိုးချဲ့တည် ဆောက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။
Monadnock ရဲ့တောင်ဘက်ပိုင်းတိုးချဲ့ဆောင်တွေ မှာဆိုရင် နံရံအထူကြီးတွေအစား သံမဏိဘောင်တွေကိုတပ်ဆင်ခဲ့ကြကာကြောင့် နံရံ အထူကြီးတွေကိုသာအသုံးပြုချဲ့ထွင်ခဲ့တဲ့ Monadnockရဲ့မြောက်ဘက်ဆောင်တွေထက် ပိုမိုကျယ်ဝန်းတဲ့အခန်းတွေကိုပိုင်ဆိုင်ခဲ့ပါတယ်။ Monadnock အဆောက်အအုံတည် ဆောက်ပြီးချိန်ဖြစ်တဲ့ (၁၉)ရာစုနှောင်းပိုင်းကာလတွေမှာတော့ ယင်းအဆောက်အအုံ ဟာ အခန်းပေါင်း(၁၂၀၀)နဲ့ ကမ္ဘာ့အကြီးဆုံး ရုံးကြီးဖြစ်ခဲ့ပါတယ်။
အဆောက်အအုံအတွင်း လူပေါင်း ၆၀၀၀ ကျော် တာဝန်ထမ်းဆောင်နိုင်တဲ့အထိ ကြီးမားပါတယ်။ယင်းပမာဏ ဟာ အဲဒီခေတ် illinois ပြည်နယ်က မြို့အချို့ရဲ့လူဦးရေထက်တောင် ပိုမိုများပြားနေခဲ့တာလည်းဖြစ်ပါတယ်။
ရှီကာဂိုမှာ ပထမဆုံးသော လျှပ်စစ်မီးဆင်ခဲ့တဲ့အဆောက်အအုံဟာဆိုရင် Monadnockသာဖြစ်ခဲ့ပြီး ပထမဆုံးသောမီးဘေးဒဏ်ခံနိုင်ရည်ရှိအောင်တည်ဆောင်ခဲ့တဲ့အဆောက်အအုံအဖြစ် လည်းထင်ရှားပါတယ်။ မီးခိုးရွံပြားတွေထည့်သွင်းတည်ဆောက်ထားတဲ့ Monadnock ဟာဆိုရင်သတ္ထုဘောင်တွေထည့်သွင်းတည်ဆောက်ထားတာကြောင့်လည်း အုတ်တွေ ဖျက်ဆီးခံရရင်တောင် အတွင်းပိုင်းအမာခံတွေဆက်လက်တည်ရှိနေမှာဖြစ်ပါတယ် ။
ယနေ့အချိန်မှာတော့ Monadnock အဆောက်အအုံဟာ အမေရိကန်ရဲ့သမိုင်းဝင်မြို့ပြ အမွေအနှစ်တခုအဖြစ်သာမက အမျိုးသားသမိုင်းဆိုင်ရာအမှတ်အသားတစ်ခုအဖြစ်ပါ တည်ရှိနေပြီဖြစ်ပါတယ်။