ဘီလျံ (Billion) ဆိုတာက သန်းပေါင်း ၁၀၀၀ ကိုပြောတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အမေရိကန်ဒေါ်လာ ငွေကြေးစနစ်နဲ့ တွက်လေ့ရှိပြီး ဒေါ်လာ သန်း ၁၀၀၀ နဲ့ အထက်ကြွယ်ဝချမ်းသာသူတွေကို ဘီလျံနာ(Billionaire) လို့ ခေါ်လေ့ရှိပါတယ်။ ၁၀၀ ဘီလျံနဲ့ အထက်ကြွယ်ဝသူကိုတော့ စင်တီဘီလျံနာ(centibillionaire) လို့ခေါ်ပါတယ်။ လက်ရှိအချိန်မှာ စင်တီဘီလျံနာကတော့ ကြွယ်ဝမှု ၁၃၀ ဘီလျံ ရှိတဲ့ အမေဇုန်သူဌေး ဂျက်ဘီဇိုစ့်တစ်ယောက်သာ ရှိပါသေးတယ်။
ဘီလျံနာတွေ ကမ္ဘာပေါ်မှာ မနည်းမနောရှိပါတယ်။ ၂၀၁၈ ခုနှစ် စာရင်းအရတော့ ကမ္ဘာမှာ ဘီလျံနာပေါင်း ၂၇၀၀ခန့်ရှိနေပြီး သူတို့အားလုံးရဲ့ကြွယ်ဝမှုကိုပေါင်းလိုက်ရင်တော့ ၉.၂ ထရီလီယံ (၉၂၀၀ဘီလျံ) တောင်ရှိပါသတဲ့။ မြန်မာမှာလည်း ဘီလျံနာတွေ ရှိပေမယ့် wiki နဲ့ forbes တို့လို နာမည်ကြီးဝဘ်ဆိုဒ်တွေမှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။ စီပွားရေး နဲ့ ပတ်သတ်လို့ အာရှမှာ လူသိများတဲ့ ဂျပန် ကတော့ ဘီလျံနာ ၄၅ ဦး ၊ စင်ကာပူကတော့ ၃၇ဦး အသီးသီး ရှိနေပါတယ်။ ဒီတစ်ခါတော့ ၂၀၁၉ခုနှစ် Business Insider မှာ ဖော်ပြထားတဲ့ ဘီလျံနာ အများဆုံး နိုင်ငံ ၁၀ နိုင်ငံ စာရင်းကို မျှဝေလိုက်ပါတယ်။
၁၀။ ပြင်သစ်
ပြင်သစ်ဟာ ကမ္ဘာပေါ်မှာ ၇ခုမြောက် စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်သလို ဥရောပမှာလည်း ဂျာမနီ နဲ့ ဗြိတိန်တို့နောက် တတိယ စီးပွားရေးအင်အားကြီးမားတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေကတော့ စက်မှု ၊ အီလက်ထရောနစ် ၊ လေယာဉ် ၊ အစားအစာ နဲ့ ခရီးသွားလာမှု လုပ်ငန်းတွေဖြစ်ပါတယ်။
လက်ရှိပြင်သစ်မှာ ရှိနေတဲ့ ဘီလျံနာပေါင်းက ၅၅ ယောက်ဖြစ်ပြီး သူတို့အားလုံးရဲ့ကြွယ်ဝမှုစုစုပေါင်းကတော့ ၁၉၅ ဘီလျံဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ အချမ်းသာဆုံးသူကတော့ LVMH ပိုင်ရှင် ဘားနက်အားနို့ထ် ဖြစ်ပြီး သူ့ရဲ့ကြွယ်ဝမှုက ၈၈.၅ ဘီလျံ ဖြစ်ပါတယ်။
၉။ ဆော်ဒီအာရေဗျ
နံပါတ် ၉ နေရာမှာရှိနေတာကတော့ အနောက်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျ နိုင်ငံ ဖြစ်ပါတယ်။ စီးပွားရေးအနေနဲ့ ရေနံကို အဓိကအားထားနေရပြီး ဒုတိယအကြီးဆုံးရေနံထုတ်လုပ်တဲ့နိုင်ငံ ၊ ရေနံတင်ပို့ရောင်းချမှုအရှိဆုံးနိုင်ငံ လည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ နောက် သဘာဝရင်းမြစ်ကနေ ငွေကြေးအရရှိဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။
ဒီနိုင်ငံမှာတော့ ဘီလျံနာပေါင်း ၅၇ဦးရှိနေပြီး သူတို့အားလုံးရဲ့ ကြွယ်ဝမှုစုစုပေါင်းက ၁၄၇ ဘီလျံ ဖြစ်ပါတယ်။ အချမ်းသာဆုံးသူကတော့ ဆော်ဒီတော်ဝင်မိသားစုဝင် မင်းသားတစ်ပါးဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ Alwaleed Al Saud ဖြစ်ပြီး သူကတော့ ၁၄.၇ ဘီလျံ ကြွယ်ဝပါတယ်။
၈။ အိန္ဒိယ
အိန္ဒိယကတော့ အမေရိကန် ၊ တရုတ် ၊ ဂျပန် နဲ့ ဂျာမနီတို့နောက် ၅ ခုမြောက် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။ နယ်မြေဧရိယာကြီးမားတာနဲ့ အတူ စက်မှုလက်မှု နဲ့ စိုက်ပျိုးရေး စတဲ့ စီပွားရေးလုပ်ငန်းပေါင်းစုံကို လုပ်ကိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံမှာတော့ ဘီလျံနာပေါင်း ၈၂ ယောက် ရှိနေပြီး သူတို့ရဲ့စုစုပေါင်းကြွယ်ဝမှုက ၂၈၄ ဘီလျံ ဖြစ်ပါတယ်။
အိန္ဒိယရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ လောင်စာဆီ ၊ ဆက်သွယ်ရေး ၊ မီဒီယာ ၊ ဘဏ် စတဲ့ လုပ်ငန်းပေါင်းစုံကို လုပ်ကိုင်တဲ့ သူဌေးကြီး Mukesh Ambani ကာ သူကတော့ ၄၉.၅ ဘီလျံ ကြွယ်ဝပါတယ်။
၇။ ဟောင်ကောင်
တကယ်တော့ ဟောင်ကောင်ဟာ နိုင်ငံတစ်နိုင်ငံမဟုတ်ပဲ တရုတ်နိုင်ငံရဲ့ အထူးဒေသ တစ်ခုသာဖြစ်ပေမယ့် အမြဲလိုလို နိုင်ငံတွေနဲ့ နှိုင်းယှဉ်ဖော်ပြခံရလေ့ရှိပါတယ်။ ဘဏ်လုပ်ငန်း ၊ စက်မှု နဲ့ အီလက်ထရောနစ်လုပ်ငန်းတွေကို လုပ်ကိုင်တဲ့ ဟောင်ကောင်ဟာ အာရှရဲ့ အကြီးဆုံးစီးပွားရေးအကောင်းဆုံး နေရာတစ်ခုလည်းဖြစ်ပါတယ်။
ဟောင်ကောင်မှာတော့ ဘီလျံနာပေါင်း ၈၇ဦး ရှိနေပြီး သူတို့ရဲ့စုစုပေါင်းကြွယ်ဝမှုက ၂၅၉ ဘီလျံဖြစ်ပါတယ်။ ဒီနေရာမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ တချိန်က အာရှအချမ်းသာဆုံး သူဌေးကြီးဖြစ်တဲ့ လီကာရှင်းဖြစ်ကာ လက်ရှိသူ့ရဲ့ကြွယ်ဝမှုက ၃၀.၈ ဘီလျံ ဖြစ်ပါတယ်။
၆။ ဆွစ်ဇာလန်
နိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေ နဲ့တွက်ရင် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲမှာ ပါဝင်တဲ့ ဆွစ်ဇာလန်ဟာ နိုင်ငံအလိုက် GDP နဲ့တွက်ရင်တော့ အဆင့် ၃၈ မှာပဲ ရှိပါတယ်။ ဘဏ် ၊ အာမခံလုပ်ငန်း ၊ နာရီ ၊ စစ်မှုပစ္စည်း နဲ့ ခရီးသွားလာရေးဝန်ဆောင်မှုတွေဟာ ဆွစ်ဇာလန်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေဖြစ်ပါတယ်။
ဒီနိုင်ငံမှာတော့ ဘီလျံနာပေါင်း ၉၁ဦးရှိနေပြီး သူတို့ရဲ့ ပိုင်ဆိုင်မှု စုစုပေါင်းကတော့ ၂၄၀ ဘီလျံ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ အချမ်းသာဆုံးသူကတော့ ဇီဝနည်းပညာကုမ္ပဏီ နဲ့ အခြားလုပ်ငန်းများစွာကို ပိုင်ဆိုင်ထားတဲ့ Ernesto Bertarelli ဖြစ်ပြီး သူ့ရဲ့ကြွယ်ဝမှုကတော့ ၈.၅ဘီလျံ ဖြစ်ပါတယ်။
၅။ ဗြိတိန်
ခေတ်အဆက်ဆက် အင်အားကြီးနိုင်ငံ ဖြစ်ခဲ့တဲ့ ဗြိတိန်ဟာ လက်ရှိမှာလည်း ၆ ခုမြောက် ကမ္ဘာ့အကြီးဆုံး စီးပွားရေးဈေးကွက်ကို ပိုင်ဆိုင်ထားပါသေးတယ်။ စက်မှု လက်မှု ၊ အိုင်တီနည်းပညာ ၊ ဆောက်လုပ်ရေး ၊ အစားအစာအဖျော်ယမကာ ၊ ဆက်သွယ်ရေး ၊ သယ်ယူပို့ဆောင်ရေး စတာတွေဟာ ဗြိတိန်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။
ဗြိတိန်မှာတော့ ဘီလျံနာပေါင်း ၉၇ဦး ရှိနေပြီး သူတို့ရဲ့စုစုပေါင်းကြွယ်ဝမှုကတော့ ၂၀၉ ဘီလျံ ဖြစ်ပါတယ်။ ဗြိတိန်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ကတော့ စက်မှုလုပ်ငန်းရှင် နဲ့ ရင်းနှီးမြုပ်နှံသူတစ်ဦးဖြစ်တဲ့ Jim Ratcliffe ဖြစ်ပြီး သူ့ရဲ့ကြွယ်ဝမှုကတော့ ၂၁ဘီလျံ ဖြစ်ပါတယ်။
၄။ ရုရှား
ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ရုရှားနိုင်ငံကတော့ ဒီစာရင်းရဲ့ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ နိုင်ငံအလိုက် GDP စာရင်းမှာတော့ ရုရှားဟာ နံပါတ် ၁၂ နေရာမှာပဲ ရှိပါတယ်။ သတ္တု နဲ့ ရေနံတူးဖော်ရေး ၊ သင်္ဘော ၊ လေယာဉ် တည်ဆောက်ရေး ၊ ဆောက်လုပ်ရေး ၊ စိုက်ပျိုးရေး နဲ့ ဆက်သွယ်ရေး စတာတွေဟာ ရုရှားရဲ့ အဓိကလုပ်ငန်းတွေဖြစ်ပါတယ်။
ရုရှားမှာတော့ ဘီလျံနာပေါင်း ၁၀၂ဦး ရှိနေပြီး သူတို့အားလုံးရဲ့ပိုင်ဆိုင်မှုစုစုပေါင်းကတော့ ၃၅၅ ဘီလျံ ဖြစ်ပါတယ်။ ရုရှားမှာ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ကတော့ ကမ္ဘာ့၇ခုမြောက်အကြီးဆုံး သဘာဝဓာတ်ငွေ့လုပ်ငန်းစု Novatek ကို ပိုင်ဆိုင်ထားတဲ့ သူဌေးကြီး Leonid Mikhelson ဖြစ်ကာ သူ့ရဲ့ကြွယ်ဝမှုကတော့ ၂၃.၆ ဘီလျံ ဖြစ်ပါတယ်။
၃။ ဂျာမနီ
ဒုတိယစစ်အပြီးမှာ အားလုံးနီးပါးပျက်စီးခဲ့ပြီး အစကနေ ပြန်စခဲ့ရတဲ့ ဂျာမနီဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေးဈေးကွက်ကို ပြန်လည်ပိုင်ဆိုင်ထားပါပြီ။ သံမဏိ ၊ ကျောက်မီးသွေး ၊ မော်တော်ကား ၊ စက်မှု နှင့် အီလက်ထရောနစ် ၊ သင်္ဘောတည်ဆောက်ရေး ၊ အစားအစာ နဲ့ အဖျော်ယမကာ စတဲ့လုပ်ငန်းတွေဟာ ဂျာမနီရဲ့ အဓိကစီးပွားရေး လုပ်ငန်းတွေ ဖြစ်ပါတယ်။
ဂျာမနီမှာတော့ ဘီလျံနာပေါင်း ၁၄၆ ဦး ရှိနေပြီး သူ့တို့ရဲ့စုစုပေါင်းကြွယ်ဝမှုကတော့ ၄၄၂ ဘီလျံ ဖြစ်ပါတယ်။ ဂျာမနီမှာ အချမ်းသာဆုံးသူကတော့ Schwarz-Gruppe လက်လီအရောင်းဆိုင် လုပ်ငန်းစုကို ပိုင်ဆိုင်ထားတဲ့ Dieter Schwarz ဖြစ်ကာ သူ့ရဲ့ကြွယ်ဝမှုကတော့ ၂၃.၆ ဘီလျံ ဖြစ်ပါတယ်။
၂။ တရုတ်
တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ တနေ့တခြား တရိပ်ရိပ်တိုးနေပြီး သူ့ရဲ့အပေါ်မှာတော့ အမေရိကန်တစ်နိုင်ငံပဲ ကျန်ပါတော့တယ်။ သဘာဝရင်းမြစ် ပိုင်ဆိုင်မှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သလို စက်မှုလုပ်ငန်းတွေ အလွန်တိုးတက်နေတာကလည်း တရုတ်နိုင်ငံရဲ့ စီပွားရေးကို ကောင်းမွန်လာစေခဲ့တာဖြစ်ပါတယ်။ မိုင်းတွင်း နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းများ ၊ စက်မှု နဲ့ အီလက်ထရောနစ် ၊ မော်တော်ကား ၊ သင်္ဘော ၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ ၊လျှပ်စစ် စတာတွေဟာ တရုတ်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာတော့ ဘီလျံနာပေါင်း ၂၈၅ဦး ရှိနေပြီး သူတို့ရဲ့စုစုပေါင်းကြွယ်ဝမှုကတော့ ၉၉၆ ဘီလျံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ လက်ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်ကတော့ Tencent ကုမ္ပဏီရဲ့အကြီးအကဲ Ma Huateng ဖြစ်ကာ သူ့ရဲ့ကြွယ်ဝမှုကတော့ ၃၈.၈ ဘီလျံဖြစ်ပါတယ်။ သူ့ရဲ့နောက်မှာတော့ အလီဘာဘာသူဌေး ဂျက်မားက ၃၇.၃ ဘီလျံ နဲ့ ကပ်လိုက်နေပါတယ်။
၁။ အမေရိကန်
ကမ္ဘာ့စူပါဝါပါ နိုင်ငံ အဖြစ်သတ်မှတ်ခံထားရတဲ့ အမေရိကန်ကတော့ စီးပွားရေး ၊ စစ်ရေး စတာတွေမှာ အခြားနိုင်ငံတွေကို အပြတ်အသတ်ဖြတ်ထားနိုင်တုန်းပါ။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးဈေးကွက်ကို ပိုင်ဆိုင်ထားပြီး ၂၀၁၉ တစ်နှစ်တည်းမှာတင် နိုင်ငံ GDP က ၂၁.၃ ထရီလီယံကို ရရှိထားပါတယ်။ ရေနံ သဘာဝဓာတ်ငွေ့ နဲ့ သတ္တုတူးဖော်ရေး ၊ လေယာဉ် ၊ သင်္ဘော ၊ မော်တော်ကား ၊ စစ်လက်နက်ပစ္စည်းများ ၊ အိုင်တီနည်းပညာ ၊ ဆောက်လုပ်ရေး ၊ ဘဏ် ၊ ကျန်းမာရေးဝန်ဆောင်မှု ၊ လက်လီအရောင်းအဝယ် စတာတွေဟာ အမေရိကန်ရဲ့ အဓိကစီးပွားရေး လုပ်ငန်းတွေဖြစ်ပါတယ်။
အမေရိကန်မှာတော့ ဘီလျံနာပေါင်း ၇၀၅ ဦးရှိနေပြီး သူတို့ရဲ့ စုစုပေါင်း ကြွယ်ဝမှုကတော့ ၃ ထရီလီယံ ဖြစ်ပါတယ်။ လက်ရှိ အမေရိကန်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ ကမ္ဘာ့အချမ်းသာပုဂ္ဂိုလ်တစ်ဖြစ်လဲ အမေဇုန်ပိုင်ရှင် ဂျက်ဘီးဇိုစ့်ဖြစ်ကာ သူ့ရဲ့ကြွယ်ဝမှုကတော့ ၁၃၀ ဘီလျံ ဖြစ်ပါတယ်။ ဂျက်ဘီးဇိုစ့်ရဲ့ နောက်မှာတော့ မိုက်ခရိုဆော့သူဌေးကြီး ဘီဂိတ်စ် နဲ့ ဝါရင်းဘတ်ဖတ် တို့က ရပ်တည်နေပါတယ်။
Ref : Business Insider : countries with the most billionaires, ranked
Wikipedia