Posted by Ko Kyel Sin (ဗဟုသုတကြယ်စင် ဂရု)
ပထမကမ္ဘာစစ်ကြီးသည် 1914 ခုနှစ်တွင် စခဲ့သည်။ နာမည်ကျော် ဗာဒွန် နှင့် ဆွမ်း စစ်ပွဲကြီးများ (Battles of Verdun and Battles of the Somme) တွင် နှစ်ဘက်လုံးမှ ကြောက်ခမန်းလိလိ အမြောက်အများ ကျဆုံးကြသည်။ စကားအရာ ပြောကြရာ၌ပင် ဗာဒွန် နှင့် ဆွမ်း တိုက်ပွဲကြီးမျိုး ကြုံရစေမည်ဟုဆိုလျှင် နှစ်ဘက်စလုံး မရှုမလှဖြစ်အောင် အသေခံတိုက်မည်ဟု နားလည်ကြရလေ၏။ ဤစစ်ပွဲကြီးများမှာ ဝါတာလူးစစ်ပွဲကဲ့သို့ပင် တစ်မျိုးတစ်ဖုံ နာမည်ကြီးသော စစ်ပွဲများ ဖြစ်ကြလေ၏။ သို့ဖြစ်ငြားလည်း 1917 ခုနှစ်တိုင်အောင်ပင် ဂျာမနီတို့ဘက်ကရော ဗြိတိသျှနှင့် ပြင်သစ်တို့ဘက်ကပါ အနိုင်မတိုက်နိုင်ဘဲ ဖြစ်နေလေ၏။
ဂျာမနီဘုရင် ဒုတိယမြောက် ကိုင်ဇာဝီလျံ -၂ (Kaiser Wilhelm – II) မှာလည်း ဟန်သာလုပ်နေရသည်။ အားမရှိတော့ပေ။ ပြည်သူများမှာ အာလူးပြုတ် စားနေကြရပြီ။ စစ်တိုက်ချင်စိတ်လည်း မရှိကြတော့။ 15 နှစ်သားများကိုပင် စစ်ထဲသို့ဝင်ရန် စည်းရုံး လှုံ့ဆော်နေရ၏။ ပြည်သူတွေက စစ်ကို ငြီးငွေ့နေသောကြောင့် နက်ဖြန် သန်ဘက်ဆိုသလို အောင်ပွဲခံနိုင်တော့မည်ကဲ့သို့ ဝါဒဖြန့်နေရသော်လည်း ခြေကုန်လက်ပန်းကား ကျနေလေပြီ။
ဗြိတိသျှတို့ဘက်တွင်လည်း သိပ်မထူးလှ။ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓာတ်မှတစ်ပါး လက်နက်လူသူ ပစ္စည်းအင်အား ခေါင်းပါးနေလေပြီ။
ထိုအခြေအနေတွင် 1775 ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက ကြားနေရေးနှင့် ပြည်ပရေးရာတို့တွင် မစွက်ဖက်ရေးဝါဒကို ကျင့်သုံးနေသည့် အမေရိကန် ပြည်ထောင်စုမှာ အင်အားကြီးမား တောင့်တင်းလျက် ရှိနေပြီဖြစ်ရာ ဗြိတိသျှတို့သည် အမေရိကန်၏ လက်နက်လူသူ ပစ္စည်း ပစ္စယတို့ကို အားကျကာ မျက်စပစ်လျက် ရှိလေ၏။ သို့သော်လည်း အမေရိကန် သမ္မတ ဝီလ်ဆင်မှာ ဥရောပစစ်ပွဲတွင် ပါဝင်လာဖို့ နေနေသာသာ ကြားနေရေးဝါဒကို စွဲမြဲစွာ ဆုပ်ကိုင်ရင်း ငြိမ်းချမ်းရေးနှင့် စေ့စပ်ဆွေးနွေးရေးကိုသာ တွင်တွင်ကြီး တရားဟောလျက် ရှိလေ၏။
ဂျာမနီကလည်း အမေရိကန်အား စစ်ထဲတွင် ပါဝင်မလာစေလို။ ဆက်လက်၍ ကြားနေမြဲ နေစေလိုသည်။ ကြားနေရေးကို စွန့်၍ စစ်ထဲသို့ ပါလာမည်ဆိုလျှင် မက္ကဆီကို၊ ဂျပန် စသည်တို့ဖြင့် ပဋိပက္ခဖြစ်လျက် မြောက်အမေရိက၌ ကာကွယ်ရေး စစ်ပွဲကို ဆင်နွှဲရင်း ဗျာများနေကာ ဥရောပ စစ်မျက်နှာသို့ အမေရိကန်တို့ မလှည့်နိုင်အောင် အကွက်ဆင်လိုသည်။ အမေရိကန်ပြည်ထောင်စု၏ မဲတင်းပေးနိုင်သော၊ အဆုံးအဖြတ် ပေးနိုင်သော အင်အားကို ဗြိတိသျှတို့ကရော ဂျာမန်တို့ကပါ ကောင်းစွာ သဘောပေါက်ကြ၏။
ထိုကဲ့သို့ ဗြိတိန်နှင့် ဂျာမနီတို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အလဲမထိုးနိုင်ဘဲ ကျားကုတ်ကျားခဲ အကြိတ်အနယ် ဖြစ်နေသည့် အချိန်တွင် ဂျာမန်တို့၏ လျှို့ဝှက်ကြေးနန်း တစ်စောင်သည် လန်ဒန်မြို့ ဗြိတိသျှ ရေတပ်ဌာနချုပ် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးရှိ အခန်းနံပါတ် (40)သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားလေ၏။ ထိုကြေးနန်းမှာ ဗြိတိသျှတို့အား ဘုရားက ပေးသည်ဟု ဆိုလောက်သော “ဇင်မာမင် တယ်လီဂရမ်” ဟု နာမည်ကြီးသွားသော သမိုင်းဝင်ကြေးနန်း ဖြစ်၏။
ကြေးနန်းကို စကားဝှက်ဖြင့် ရေးထားသည်။ သင်္ချာဂဏန်းတွဲများဖြင့် အစားထိုး ရေးသားထားသည့် စကားဝှက်မျိုး ဖြစ်သည်။ ဂျာမန်တို့သုံးသော စကားဝှက်အဖွင့် စာအုပ်များကို နည်းမျိုးစုံဖြင့် ရယူထားသဖြင့် အခန်းနံပါတ် (40) တွင် သေတ္တာကြီး သေတ္တာငယ်များဖြင့် ထည့်ထားရသည်လည်း ရှိ၏။ အိတ်ကြီး အိတ်ငယ်ဖြင့်လည်း ရှိ၏။ တောင်ပုံ ရာပုံ ပုံထားရသည်လည်း ရှိ၏။ ဗြိတိသျှတို့ လက်ဝယ် ရောက်ရှိလာသော လျှို့ဝှက်ကြေးနန်းနှင့် လျှို့ဝှက်အဖွင့် နည်းစနစ်တို့ကို ဆက်စပ် အသုံးချနိုင်ဖို့သာ လိုသည်။
စစ်ကြီး စတင်ခါစက ဘောလ်တစ်ပင်လယ်တွင် ရင်ဆိုင်တိုးမိသော ဂျာမန်သင်္ဘော တစ်စီးကို ရုရှားတိုက်သင်္ဘောတို့က ပစ်ခတ် နှစ်မြုပ်ခဲ့ဖူးသည်။ နစ်မြုပ်ခါနီးဆဲဆဲတွင် ဂျာမန်သင်္ဘောပေါ်မှ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုကို ချိုင်းကြားတွင်ညှပ်လျက် ရေထဲသို့ ခုန်ချရာ ရုရှားသင်္ဘောက လှမ်းပစ်လိုက်သည်။ ထို့နောက် ဂျာမန်သင်္ဘော နစ်မြုပ်သွားသည့် နေရာတဝိုက်ကို ပိုက်စိပ်တိုက် ရှာရာတွင် သေနတ်ထိမှန်ပြီး သေနေသော ဂျာမန်အလောင်း တစ်လောင်းကို သူ၏ချိုင်းကြား၌ အသေညှပ်ကိုင်ထားသော စာအုပ်ထူကြီးနှင့်အတူ တွေ့ရလေ၏။ ထိုစာအုပ်မှာ ရေထဲ၌ အလွယ်တကူ နစ်မြုပ်သွားစေရန် ခဲသားများဖြင့် ဘေးပတ်လည် ကွပ်ထားသော ဂျာမန်တို့ သုံးသည့် စကားဝှက်အဖွင့်စာအုပ် ဖြစ်နေလေ၏။
ဘယ်လ်ဂျီယန်၏ ကြားနေရေးစာချုပ်ကို “စက္ကူစုတ်” (Scrap of Paper) ဟု ကင်ပွန်းတပ်ကာ ရှုတ်ချပြောဆိုပြီးနောက် ဂျာမန်တို့သည် ကြားနေနိုင်ငံဖြစ်သော ဘယ်လ်ဂျီယန်ကို ဝင်သိမ်းခဲ့၏။ ထိုသို့သိမ်းပြီး ဘယ်လ်ဂျီယန်ရှိ ကြိုးမဲ့ကြေးနန်းစက် တစ်ခုကို ဂျာမန်တို့ ဆက်လက် အသုံးပြုရာတွင် “ဇက်” (Szek) ဆိုသူ လူငယ်တစ်ဦးကို ဂျာမန်တို့က တာဝန်ပေးထား၏။ ထိုလူငယ်မှာ သြစတြီးယား မိဘနှစ်ပါးမှ ပေါက်ဖွားသော်လည်း ဗြိတိန်နိုင်ငံသား ဖြစ်၏။ ဗြိတိန်နိုင်ငံရှိ သူ၏ နှမဖြစ်သူမှတစ်ဆင့် ဗြိတိသျှတို့က ထိုလူငယ်ကို သိမ်းသွင်းကာ ပဉ္စမံတပ်သားအဖြစ် အသုံးချနိုင်ခဲ့ပေသည်။
ထို့ကြောင့် ထိုလူငယ်ထံမှ ပေးပို့သော ဂျာမန်စကားဝှက်နှင့် အက္ခရာဝှက်အဖွင့် သော့ချက်များကိုလည်း ဗြိတိသျှတို့ မှန်မှန်ရခဲ့၏။ နောက်ပိုင်းတွင် ဗြိတိသျှတို့ကပင် နှုတ်ပိတ် ခြေရာဖျောက်သည့် အနေဖြင့် ဖြောင်ပစ်လိုက်သလိုလို၊ ဂျာမန်တို့ကပင် ပဉ္စမံတပ်သားမှန်း သိရှိသွားသဖြင့် သတ်ပစ်လိုက်သလိုလို သတင်းဖြစ်ခဲ့ပြီး ထိုလူငယ်၏ သတင်းမှာ စုံးစုံးမြုပ်သွားလေ၏။
တိဂရစ် (Tigris) မြစ်ဝှမ်းတလျှောက် မက်ဆိုပိုတေးမီးယားနှင့် ပါရှား စသည်တို့တွင် လှုပ်ရှားနေသော ဂျာမန်သူလျှို ဝီလျံဝပ်စ်မတ် (Wilhelm Wassmuss) ဆိုသူ ရှိဖူး၏။ အာရေဗျကျွန်းဆွယ်တွင် အင်္ဂလိပ်လူမျိုး လောရင့်စ် (Lawrence of Arabia) လှုပ်ရှားခဲ့ဖူးသကဲ့သို့ လှုပ်ရှားနေသူ ဂျာမန်သူလျှို ဖြစ်၏။ တစ်နေ့တွင် ပါရှား၌ရှိစဉ် လူယုံတစ်ယောက်၏ လက်ထောက်ချမှုကြောင့် အင်္ဂလိပ် စစ်တပ်များက ထပ်ကြပ်မကွာ လိုက်သဖြင့် သီသီကလေး လွတ်သွားရာ ဝပ်စ်မတ်ထံမှ စာရွက်စာတမ်းအချို့ ကျကျန်ရစ်ခဲ့လေ၏။
ထိုထိုသော နည်းမျိုးစုံဖြင့် ဘောလ်တစ်ပင်လယ်အောက်မှ ဆယ်ယူရရှိသည့် ဂျာမန်အလောင်း၏ ချိုင်းကြားမှ ရရှိသော စကားဝှက်အဖွင့် စာအုပ်၊ ဘယ်လ်ဂျီယန်ရှိ ပဉ္စမံတပ်သားထံမှ ရရှိသော စကားဝှက်နှင့် အက္ခရာဝှက်အဖွင့် သော့ချက်များနှင့်တကွ ဂျာမန်သူလျှို ဝီလျံဝပ်စ်မတ် ပြေးရင်းလွှားရင်း ပါရှားတွင် ကျန်ခဲ့သော စကားဝှက်အဖွင့် အပါအဝင်တို့မှာ အခန်းနံပါတ် (40)၌ ရေစက်ဆုံမိကြလေ၏။ ဂျာမန်တို့ ဉာဏ်သွားသလောက် ဗြိတိသျှတို့က အမီလိုက်ရန်သာ ရှိလေ၏။ သို့ဖြင့် အခန်းနံပါတ် (40)တွင် နေ့မီး ညမီး လင်းနေလေ၏။
ကြားမှဖြတ်၍ ရရှိသော ဂျာမန်ကြေးနန်းတွင် “13042” ဟူသော ဂဏန်းအုပ်စုကို ထိပ်နားတွင် တွေ့ရသည်။ လက်ဝယ်ရရှိထားသော စကားဝှက် အုပ်စုအဖွင့် “13040” ဖြင့် ဆက်စပ်မှု ရှိရာသည်။ ကြေးနန်းပို့သူ သို့မဟုတ် လက်မှတ်ထိုးသူ၏ နာမည်ကို ဆက်၍ရှာသည်။ ဂျာမန်တို့သည် ထိုနာမည်မျိုးကို ဂဏန်းအရေအတွက် ခပ်ကြီးကြီး ပေးလေ့ရှိကြသည်။ “90000” ကို သွားတွေ့သည်။ 90000 အောက်တွင်ရှိ လျှို့ဝှက်ဂဏန်းများကို ဆက်၍ကြည့်ရာ “97556” လည်း ပါဝင်သည်။
၎င်းကို စကားဝှက် အဖွင့်စာအုပ်၌ လှန်ကြည့်ရာ “ဇင်မာမင်” (Zimmermann)ဟု အဓိပ္ပါယ် ပြထားသည်။ ဇင်မာမင် ဆိုလျှင် ကြေးနန်းပေးပို့သူမှာ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး အာသာဇင်မာမင် (Arthur Zimmermann) မှတစ်ပါး မည်သူ ဖြစ်နိုင်ဦးမည်နည်း။ ကြေးနန်းကို မည်သူ့ထံ လိပ်မူပေးပို့ထားသည်ကို ဆက်၍ရှာသည်။ ရုတ်တရက် မတွေ့။ “ထိပ်တန်းလျှို့ဝှက်” ဟူသော စကားလုံးကို ဖော်၍ရသည်။ ဦးစားပေးမှု ဒီဂရီကို တွေ့ရ၏။ ပို၍ အားတက်သွားသည်။
အခန်းနံပါတ် (40)တွင် မျက်တောင်မခတ်၊ အသက်ပင် မှန်မှန်မရှူနိုင်ကြ။ “သံအမတ်ကြီး ကိုယ်တိုင် သိရှိရန်အတွက်သာ” ဟူသော သတိပေးချက်ကို တွေ့ရသည်။ ကြေးနန်းလက်ခံမည့်သူမှာ သံအမတ်ကြီး ဖြစ်လာသောကြောင့် ဘာလင်မှ ဝါရှင်တန်သို့ ပို့သော ကြေးနန်းတွင် ကြေးနန်းလက်ခံမည့် ပုဂ္ဂိုလ်သည် အခြား သံအမတ်ကြီး မဖြစ်နိုင်။ အမေရိကန် ပြည်ထောင်စုဆိုင်ရာ ဂျာမနီနိုင်ငံ၏ သံအမတ်ကြီး ကောင့်ဗွန်ဘန်းစတော့ (Count Von Bernstorff) ဖြစ်ရမည်ဟု ချက်ချင်း ကောက်ချက်ချနိုင်သည်။
ဂဏန်းအုပ်စု “98092” သည် “ယူဘုတ် ခေါ် ရေငုပ်သင်္ဘော”၊ “17504” သည် “ကြားနေရေး”၊ “67893” သည် “မက္ကဆီကိုနိုင်ငံ”၊ “36477” သည် “တက္ကဆပ်ပြည်နယ်” စသည်ဖြင့် အဓိပ္ပါယ် ဖော်၍ရသည်။ ထိုသို့ တစ်စတစ်စ မီးခိုးကြွက်လျှောက်လိုက်ရာ “ဂျပန်”၊ “ကျွန်ုပ်တို့နှင့် ဂျပန်အကြား”၊ “မဟာမိတ်အဖွဲ့” စသည့် စကားလုံးများကိုလည်း ဖော်၍ ရလာသည်။ ဂဏန်းအုပ်စု 30 လောက်မှာ ရုတ်တရက် အဓိပ္ပါယ် ဖော်၍မရသဖြင့် ပြောက်ကျိပြောက်ကျား လွတ်နေသေးသည်။ ကွက်လပ်ဖြစ်သွားသော နေရာ 30 လောက်မှာ တိုင်းဗုံးကဲ့သို့ ပေါက်ကွဲနိုင်အား အရှိဆုံးအပိုင်း ဖြစ်လေ၏။ ရက်သတ္တပါတ် အတော်ကြာအောင် ဦးနှောက်အခြောက်ခံပြီးမှ ဖော်၍ရလေသည်။
ကြေးနန်းမှာ နှစ်ပိုင်းခွဲထား၏။ ဒုတိယပိုင်းကို အဓိပ္ပါယ် ဖော်သောအခါတွင် “ဘာလင်မှ ဝါရှင်တန်သို့”၊ “ထိပ်တမ်းလျှို့ဝှက်”၊ “သံအမတ်ကြီး တစ်ဦးတည်း ကိုယ်တိုင် သိသာရန်နှင့် မက္ကဆီကို နိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ထံသို့ အလုံခြုံဆုံးနည်းဖြင့် ဆက်လက်ပေးပို့ရန်” စသည်ဖြင့် ညွှန်ကြားချက်များကို တစ်ခုပြီးတစ်ခု တွေ့ရလေ၏။ ကြေးနန်းနှစ်စောင်ကို အဓိပ္ပါယ် ဖော်၍ ရသလောက် ဖော်ပြီးသောအခါ အောက်ပါအတိုင်း အဓိပ္ပါယ် ထွက်လာလေ၏။
” ရေငုပ်သင်္ဘောများဖြင့် ခြွင်းချက်မရှိ စတိုက်ရန် ကျွန်ုပ်တို့ အစီအစဉ်ရှိ။ ဖေဖော်ဝါရီ 1 စမည်။ အမေရိကန်၏ ကြားနေရေးကို မထိခိုက်အောင် အစွမ်းကုန် ကြိုးစားမည်။ ကြိုးစားသည့်အတိုင်း မအောင်မြင်လျှင် မိမိတို့နှင့် မက္ကဆီကို မဟာမိတ်ဖွဲ့ရန် ကမ်းလှမ်းထားသည်။ အတူယှဉ်တွဲ၍ စစ်တိုက်ရန်နှင့် ငြိမ်းချမ်းရေး အရယူရန်မှာ မဟာမိတ်အဖွဲ့၏ အခြေခံ ဖြစ်လိမ့်မည်။
လောလောဆယ်တွင် မက္ကဆီကို သမ္မတအား လျှို့ဝှက်စွာ အသိပေးထားပါ။ အမေရိကန်နှင့် စစ်တိုက်ကောင်း တိုက်ရမည်။ ဂျပန်နှင့် မဟာမိတ် ဖြစ်ရန်လည်း အဆိုပြုထားပြီး ဖြစ်သည်။ ဂျပန်က လက်မခံလျှင် ဂျပန်နှင့်လည်း တိုက်ကောင်း တိုက်ရမည်။ ကျွန်ုပ်တို့၏ ယူဘုတ်ဒဏ်ကြောင့် အင်္ဂလိပ်တို့ မကြာမီ ငြိမ်းချမ်းရေး မကမ်းလှမ်းဘဲ မနေနိုင်အောင် အကြပ်တွေ့တော့မည်။ ရကြောင်းပြန်။ ပုံ၊ ဇင်မာမင် ”
တိုင်းဗုံးသဖွယ် ပေါက်ကွဲအံ့သော အချက်မှာ ရုတ်တရက် အဖြေဖော်၍ မရသည့် စာအလုံး 30 ခန့်တွင် ပါနေ၏။ ယင်းကို အချိန်ယူ၍ ဖော်လိုက်သောအခါ-
” မိမိတို့ဘက်၏ အကြံပြုချက်အတိုင်း မဟာမိတ်ပြုရန် မက္ကဆီကိုက လက်ခံလျှင် မက္ကဆီကိုထံမှ အမေရိကန်တို့ သိမ်းပိုက်ထားသော နယူးမက္ကဆီကို၊ တက်ဆပ်နှင့် အရီဇိုးနား ပြည်နယ်တို့ကို ပြန်လည်ရရှိစေရန် ကတိပြုကြောင်း ” ဟူ၍ ဖြစ်လေ၏။
အမေရိကန်တို့ အဘယ်မှာလျှင် ဆက်လက်၍ ကြားနေနိုင်တော့ပါအံ့နည်း။ ထို့ကြောင့် ဇင်မာမင်ကြေးနန်းမှာ အင်္ဂလိပ်တို့အား ဘုရားပေးသော လက်ဆောင်ဟူ၍ ဆိုရခြင်း ဖြစ်၏။ ထိုတိုင်းဗုံးကို အသုံးပြုရန် အင်္ဂလိပ်တို့ လက်မနှေးခဲ့ချေ။ အချိုရှာ သကာတွေ့ ဖြစ်၍နေလေ၏။ သို့ဖြင့် ဥရောပ စစ်မျက်နှာတွင် စစ်ရေးစစ်ရာ ချိန်ခွင်လျှာသည် တစ်မုဟုတ်ချင်း ပြောင်းလဲသွားလေတော့၏။
ဂျာမန်ဦးနှောက်ဖြင့် တီထွင်ထားသော လျှို့ဝှက်စနစ်ကို ဤကမ္ဘာမြေပေါ်တွင် မည်သည့်လူမျိုး၊ မည်သည့်ဦးနှောက် ပိုင်ရှင်မျှ အဖြေဖော်ထုတ်နိုင်စွမ်းဖွယ်ရာ မရှိဟူသော လူမျိုးရေး အတ္တမာန တိမ်သလ္လာ ဖုံးလွှမ်းခဲ့သောကြောင့် အက်ဂါအယ်လင်ပိုး၏ ပြောစကား မှန်ကြောင်းကို ဂျာမန်တို့ မမြင်နိုင်စွမ်းကြချေ။ ဂျာမန်တို့၏ ကံကြမ္မာနှင့် ပထမကမ္ဘာစစ်ကြီး၏ သမိုင်းလမ်းကြောင်းသည် တစ်ချီတည်းဖြင့် ဂငယ်ကွေ့ ကွေ့ကာ ပြောင်းလဲသွားခဲ့ရကြောင်းဖြင့် သမိုင်းဆရာတို့ မှတ်တမ်းတင်ခဲ့ကြလေ၏။ သံတမန်များနှင့်တကွ နိုင်ငံရေး၊ အုပ်ချုပ်ရေး မှုထမ်း ရာထမ်းများအတွက် သတိထားစရာလည်းဖြစ်၊ သင်ခန်းစာလည်းရ၊ သံဝေဂဖြစ်ဖွယ်လည်း ကောင်းလှပေ၏။
[ အခန်း နံပါတ် ၄၀ (Room 40 ) ဆိုသည်မှာ ဗြိတိန်တော်ဝင်ရေအောက်ရဲ့လက်အောက်ရှိ လျို့ဝှက်ကုဒ်ဖော်ရေး အဖွဲ့ဖြစ်သည်။ ပထမကမ္ဘာစစ်အတွင်းက အလွန်ထင်ရှားခဲ့ပြီး 40 O.B. ဟုလည်း ခေါ်သည်။ ထိုအဖွဲ့သည် ပထမကမ္ဘာစစ်အတွင်း ဂျာမန်တို့၏ လျို့ဝှက်ကြေးနန်းကုဒ်ပေါင်း ၁၅၀၀၀ခန့်ကို ဖော်ထုတ်ပေးခဲ့သည်]
Ref:
ဦးအောင်သန့် – သံကြီးတမန်ကြီး သံခင်းတမန်ခင်း
Internet Sources
Posted by Ko Kyel Sin (ဗဟုသုတကြယ်စင် ဂရု)