ကမ္ဘာကျော် ဟွန်ဒါ ကုမ္ပဏီ အကြောင်း

Posted on

သုတဇုန် မိတ်ဆွေအားလုံး မင်္ဂလာပါရှင် ။ ကမ္ဘာပေါ်မှာ မော်တော်ကား ၊ မော်တော်ဆိုင်ကယ် ထုတ်လုပ်မှု နဲ့ ပတ်သက်ရင် အကျော်ကြားဆုံး ကုမ္ပဏီကြီး များစွာ ရှိတဲ့ အနက် ဒီတခါတော့ ဟွန်ဒါ ကုမ္ပဏီရဲ့ အကြောင်းကို ဝေမျှလိုက်ပါတယ်။

ဟွန်ဒါမော်တော်ကား ကုမ္ပဏီ ဟာ ဂျပန်နိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီကြီးတခုဖြစ်သလို ကမ္ဘာပေါ်မှာ လူသိများတဲ့ နာမည်ကျော် ကုမ္ပဏီတခုလည်းဖြစ်ပါတယ်။ ကမ္ဘာတလွှားကို မော်ကော်ကား ၊ မော်တော်ဆိုင်ကယ် နဲ့ အခြားပါဝါဆိုင်ရာဆက်စပ်ပစ္စည်းတွေကို တင်ပို့ရောင်းချနေတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ ဟွန်ဒါဟာ ၁၉၆၄ ခုနှစ်ကနေ ယခုအချိန်ထိ ကမ္ဘာ့အကြီးဆုံးမော်တော်ဆိုင်ကယ် ကုမ္ပဏီကြီးအဖြစ်ရပ်တည်ခဲ့ပြီး ၂၀၁၉ ခုနှစ်နှစ်ကုန်အထိ စီးရေ သန်း ၄၀၀ ခန့် ထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်ပါတယ်။

မော်တော်ကား ကုမ္ပဏီအနေနဲ့ကတော့ ဂျပန်နိုင်ငံမှာ တိုရိုတာပြီးလျင် ဒုတိယအကြီးဆုံး ကားကုမ္ပဏီဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ ၇ ခုမြောက် အကြီးဆုံး ကားကုမ္ပဏီဖြစ်ပါတယ်။ ဟွန်ဒါဟာ ဇိမ်ခံတန်ဖိုးကြီး မော်တော်ကားအမျိုးအစား ဟွန်ဒါအကူရာ ကို ၁၉၈၆ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ပထမဆုံးကားကုမ္ပဏီလည်းဖြစ်ပါတယ်။ ဟွန်ဒါကုမ္ပဏီရဲ့ ရုံးချုပ်ကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့ မင်နာတို ရပ်ကွက်မှာ တည်ရှိပါတယ်။

အသက် ၁၅နှစ်မှာ ကျောင်းထွက်ခဲ့ရတဲ့ ဆွိုင်ချီရို ဟွန်ဒါဆိုတဲ့ စက်ပြင်ဆရာတယောက် ဂိုထောင်တလုံးကနေ စတင်ခဲ့တဲ့ ဟွန်ဒါကုမ္ပဏီဟာ လက်ရှိအချိန်မှာတော့ ဝန်ထမ်းပေါင်း ၂၁၅၆၃၈ဦးခန့်ကာ ၂၀၁၈ ခုနှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၅ ဘီလျံအထိ ရရှိခဲ့တဲ့ ဧရာမကုမ္ပဏီကြီးတခုဖြစ်လာခဲ့ပါပြီ။

ဆွိုင်ချီရို ဟွန်ဒါ

ဆွိုင်ချီရို ဟွန်ဒါ ကို ဂျပန်နိုင်ငံ ဟာမားမားစုမြို့အနီးက ခွန်မျို Kōmyō ဆိုတဲ့ရွာကလေးမှာ၁၉၀၆ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ ဟွန်ဒါတို့မိသားစုဟာ ချို့တဲ့ပါတယ်။ ဖခင်ဖြစ်သူက ပန်းပဲဆရာတဖြစ်လဲ စက်ဘီးပြင်သူ တယောက်ဖြစ်ပြီး မိခင်ကတော့ ယက္ကန်းသမတယောက်ဖြစ်ပါတယ်။
ဟွန်ဒါဟာ ငယ်စဉ်ကတည်းက ဖခင်ရဲ့လုပ်ငန်းမှာ ဝင်ကူခဲ့ရပြီး အဲဒီအချိန်ကတည်းက တံဆိပ်တုံးတွေကို စက်ဘီးလက်ကိုင်ရာဘာတုံးတွေနဲ့ သူ့ဟာသူ ဖန်တီးတတ်နေပါပြီ။

သူ လူပျိုဝင်စအရွယ်မှာမှ မော်တော်ကားကို ပထမဆုံးမြင်ခဲ့ဖူးပြီး အရမ်းသဘောကျခဲ့ပါတယ်။ ကျောင်းစာကို စိတ်မဝင်စားတဲ့ ဟွန်ဒါဟာ အသက် ၁၅နှစ်မှာပဲ ကျောင်းကနေ ထွက်ခဲ့ပြီး တိုကျိုမှာ အလုပ်သင် စက်ပြင် တယောက်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ ၆နှစ်ကြာ စက်ပြင်ဆရာတယောက်အဖြစ် အသက်မွေးခဲ့ပြီးတဲ့နောက် ၁၉၂၈ ခုနှစ်မှာတော့ အိမ်ကိုပြန်ကာ ကိုယ်ပိုင်ဝပ်ရှော့တခုကို တည်ထောင်နိုင်ခဲ့ပါတယ်။

ဝပ်ရှော့လုပ်နေရင်း မော်တော်ကား အင်ဂျင်မှာသုံးတဲ့ ပစ္စတင်ကွင်း တွေကို ဖန်တီးထုတ်လုပ်ကာ တိုယိုတာ ကုမ္ပဏီကို သွင်းခဲ့ပေမယ့် အရည်အချင်းမမီလို့ ပယ်ချခံခဲ့ရတယ်။ ပိုင်ဆိုင်သမျှတွေကိုရောင်းကာ ဖန်တီးထားတဲ့ပစ္စည်းတွေ အငြင်းပယ်ခံရပေမယ့် ဟွန်ဒါစိတ်မပျက်သွားခဲ့ပါဘူး။

အရည်အသွေးမမီတဲ့ သူ့ရဲ့ပစ္စည်းတွေကို အရည်သွေးမီအောင်ပြုလုပ်နိုင်ဖို့ပဲ သူစဉ်းစားခဲ့တယ်။ အဓိကကတော့ သူဟာ သတ္တုရောစပ်နည်းကို စနစ်တကျ မသိခဲ့တာကြောင့်ဖြစ်တယ်။ ဒါကြောင့် အင်ဂျင်နီယာကျောင်းတခုမှာ သွားရောက်သင်ယူရင်း ကျောင်းသားတွေထက် အသက်များစွာကြီးနေတာကြောင့် ဝိုင်းလှောင်ခံရတဲ့ကြားကပဲ ဒီပညာကို ကြိုးစားလေ့လာခဲ့တယ်။

အဲဒီနောက်တော့ ပစ္စည်းတွေပြန်ထုတ်တဲ့အခါ အရည်အသွေးမီသွားပြီဖြစ်တာကြောင့် တိုယိုတာကုမ္ပဏီက လက်ခံခဲ့တယ်။ ၁၉၃၇ ခုနှစ်မှာ တိုကိုင်ဆီကီ ဆိုတဲ့ ကုမ္ပဏီကို စတင်တည်ထောင်ပြီး ပစ္စတင်ကွင်းတွေ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

စက်ရုံ ၂ရုံဖွင့်နိုင်ခဲ့တဲ့ အထိအောင်မြင်ခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းမှာ စက်ရုံတရုံက ဗုံးကြဲခံရသလို တရုံက ငလျှင်ကြောင့်ပြိုသွားခဲ့တယ်။ ဒါပေမယ့် ဟွန်ဒါက စိတ်မပျက်ခဲ့ပါဘူး။ လက်ကျန်ရှိနေတဲ့ပစ္စည်းတွေကို တိုယိုတာထံ ယန်း ၄၅၀၀၀၀ နဲ့ ရောင်းလိုက်ပြီး အစက ပြန်စတယ်။ ဟွန်ဒါနည်းပညာ သုတေသနစင်တာဆိုပြီး ၁၉၄၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်။

အဲဒီကာလက ဓာတ်ဆီရှားတာကြောင့် စက်ဘီးမှာ ဆီအစားသက်သာတဲ့ အင်ဂျင်အသေးလေးတွေတပ်ဖို့ အကြံရတယ်။ ဒီလိုနဲ့ ၁၇၀ စတုရန်းပေသာကျယ်တဲ့ ဂိုထောင်ကျဉ်းကျဉ်းလေးထဲမှာ ဝန်ထမ်း ၁၂ယောက်နဲ့အတူ စက်တပ်စက်ဘီးတွေကို ထုတ်လုပ်ခဲ့တယ်။ အလွန်လူကြိုက်များအောင်မြင်ခဲ့ပါတယ်။

ဂျပန်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်တဲ့ တက်ကီအို ဖူဂျီဆာဝါ Takeo Fujisawa နဲ့ ပူးပေါင်းမိခဲ့ရာကနေ ဟွန်ဒါမော်တာကုမ္ပဏီဆိုပြီးဖြစ်လာခဲ့ပါတယ်။ စက်တပ်စက်ဘီးတွေကို ထုတ်လုပ်ခဲ့ရာကနေ ၁၉၄၉ ခုနှစ်မှာတော့ မော်တော်ဆိုင်ကယ်တွေကို စတင်ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။

၁၉၅၈ မှာတော့ ဟွန်ဒါရဲ့ နာမည်အကြီးဆုံး လူသိအများဆုံးဖြစ်တဲ့ စူပါကပ်မော်တော်ဆိုင်ကယ်တွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဆီစားသက်သာပြီး ပေါ့ပါးတဲ့ဒီဇိုင်းနဲ့ တန်ဖိုးနည်းတဲ့ ဟွန်ဒါမော်တော်ဆိုင်ကယ်တွေကို အမေရိကန်အထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အမေရိကန်ရဲ့ နာမည်ကျော် ထရွိုင်းယမ်Triumph နဲ့ ဟာလီဒေးဗစ်ဆန် Harley Davidson မော်တော်ဆိုင်ကယ်တွေကို ကျော်လွန်အောင် ရောင်းချနိုင်ခဲ့တဲ့ အထိ အောင်မြင်လာခဲ့ပါတယ်။

၁၉၆၃ ခုနှစ်မှာတော့ ဟွန်ဒါကုမ္ပဏီရဲ့ ပထမဆုံး မော်တော်ကားအဖြစ် T360 မီနီပစ်ကပ်ကားလေးတွေကို စတင်ထုတ်လုပ်နိုင်ခဲ့တယ်။ အဲဒီနှစ်မှာပဲ ဟွန်ဒါရဲ့ ပထမဆုံး sports ကားဖြစ်တဲ့ S500 တွေကို ထုတ်လုပ်လာနိုင်ခဲ့တယ်။ ၁၉၇၀ တဝိုက်မှာ တကမ္ဘာလုံးရေနံရှားနေတဲ့အချိန်မှာ ဟွန်ဒါမော်တော်ကားတွေကို အာရှမှာသာမက အနောက်နိုင်ငံတွေကပါ အလုအယက်ဝယ်ယူအားပေးခဲ့ကြတယ်။

၁၉၈၀ ဝန်းကျင်မှာတော့ ဟွန်ဒါမော်တော်ဆိုင်ကယ်စက်ရုံကို အမေရိကန် အိုဟိုင်းယိုးပြည်နယ် ကိုလံဘတ်မြို့အနီးမှာ ဖွင့်နိုင်ခဲ့ပါတယ်။ အမေရိကန်ဈေးကွက်မှာ တိုယိုတာ နဲ့ နစ်ဆန်းတို့ရဲ့ကား ၃ပုံ၁ပုံသာ ရောင်းချနိုင်ခဲ့ပေမယ့် ဟွန်ဒါကတော့ သူထုတ်လုပ်တဲ့ကားရဲ့ တဝက်လောက်ကို ရောင်းချနိုင်ခဲ့ပါတယ်။

၁၉၇၃ ခုနှစ်မှာတော့ ဆွိုင်ချီရို ဟွန်ဒါ ဟာ ကုမ္ပဏီဥက္ကဌအဖြစ်ကနေ အနားယူခဲ့ပြီး ၁၉၈၃ခုနှစ်အထိ အကြံပေးချုပ်အနေနဲ့သာ ဆက်ရှိနေခဲ့တယ်။ ၁၉၈၈ ခုနှစ်မှာတော့ ဆွိုင်ချီရို ဟွန်ဒါဟာ အမေရိကန် Automotive Hall of Fame ပြတိုက်မှာ မော်တော်ကားလောကရဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တဦးအဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။ ဆွိုင်ချီရို ဟွန်ဒါ ဟာ အသက် ၇၇နှစ်အထိ ဂေါက်ရိုက်ခြင်း ၊ ပြိုင်ကားမောင်းခြင်း ၊ ဂလိုက်ဒါ ၊ မိုးပျံပူပေါင်း ၊ နှင်လျှောစီးခြင်း တွေကိုပြုလုပ်ရင်း ဘဝကို ဖြတ်သန်းခဲ့ပါတယ်။

၁၉၉၁ ခုနှစ် အသက် ၈၄နှစ်အရွယ်မှာတော့ ဟွန်ဒါကို သာမန်ဝပ်ရှော့လေးတခုကနေ ကမ္ဘာကျော်ကုမ္ပဏီကြီးအဖြစ် ပြောင်းလဲတည်ဆောက်ပေးနိုင်ခဲ့တဲ့ ဟွန်ဒါတည်ထောင်သူ ဖခင်ကြီး ဆွိုင်ချီရို ဟွန်ဒါ ကွယ်လွန်ခဲ့ပါတော့တယ်။ ဟွန်ဒါရဲ့ မှတ်သားစရာစကားတခုကတော့ “အောင်မြင်မှုမှာ ကျရှုံးမှု ၉၉% ပါတယ်” ဆိုတာဖြစ်ပါတယ်။

ဟွန်ဒါတည်ထောင်သူ အကြောင်း ပြီးတဲ့နောက် ဟွန်ဒါကုမ္ပဏီရဲ့ စိတ်ဝင်စားဖွယ် အချက်အလက်အချို့ကို ဝေမျှသွားပါဦးမယ်။

နံပါတ်၁။ အမေရိကန်ဟွန်ဒါကုမ္ပဏီ

ဟွန်ဒါဟာ အမေရိကန် လော့အင်ဂျလိမှာ ပထမဆုံး နိုင်ငံရပ်ခြား လုပ်ငန်းခွဲအနေနဲ့ အမေရိကန်ဟွန်ဒါကုမ္ပဏီကို ၁၉၅၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပါတယ်။ တည်ထောင်စဉ်က မော်တော်ဆိုင်ကယ် အရောင်းဆိုင်ငယ်တခုအဖြစ် တည်ထောင်ခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ကမ္ဘာ့အကြီးဆုံးမော်တော်ဆိုင်ကယ် ကုမ္ပဏီဖြစ်လာပြီး ဟွန်ဒါ အပြင် တန်ဖိုးကြီးဇိမ်ခံကားတံဆိပ်ဖြစ်တဲ့ အကူရာ ကားတွေ နဲ့ အပိုပစ္စည်းတွေကို အမေရိကမှာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။

နံပါတ်၂။ ဟွန်ဒါရဲ့ ပထမဆုံးကား

ဟွန်ဒါရဲ့ ပထမဆုံးကားကတော့ ၁၉၆၃ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ Honda T360 ကားဖြစ်ပါတယ်။ မြင်းကောင်ရေအား ၃၀သာရှိတဲ့ ဒီကားအမျိုးအစားကို ၄နှစ်ကြာ စီးရေ ၁၀၉,၀၀၀ခန့် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒီကားဟာ အလျား ၁၁၇.၇လက်မ ၊ အနံ ၅၁ လက်မ နဲ့ အမြင့် ၆၀လက်မ ရှိပြီး ၁နာရီကို အမြန်ဆုံးနှုန်းအနေနဲ့ ၆၂မိုင် အထိသာ မောင်းနှင်နိုင်ပါတယ်။

နံပါတ်၃။ ဟွန်ဒါရဲ့ ပထမဆုံးနိုင်ငံခြားမှာ ထုတ်လုပ်တဲ့ကား

၁၉၇၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ ဟွန်ဒါ အက်ကော့ Accord ကားဟာ ပထမဆုံး နိုင်ငံခြားမှာ ထုတ်လုပ်တဲ့ကားဖြစ်လာပါတယ်။ ဒီကားဟာ လူကြိုက်အလွန်များခဲ့ပြီး အမေရိကန်တနိုင်ငံတည်းမှာတင် သန်းနဲ့ချီပြီးရောင်းချခဲ့ရပါတယ်။ ဒီကားတွေကို အမေရိကန်မှာပဲ ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီးတဲ့နောက် ၁၉၈၂ ခုနှစ် အိုဟိုင်းယိုးပြည်နယ်မှာ ဟွန်ဒါကားစက်ရုံတည်ဆောက်ကာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ အမေရိကန်မှာအရောင်းရဆုံး ဂျပန်ကားအဖြစ် ၁၆နှစ်ကြာ စံချိန်တင်ထားနိုင်တဲ့ ကားမော်ဒယ်လည်းဖြစ်ပါတယ်။

နံပါတ် ၄။ အင်ဂျင်ထုတ်လုပ်မှု ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ

ဟွန်ဒါဟာ အင်ဂျင်တွေထုတ်လုပ်တဲ့နေရာမှာလည်း အကြီးဆုံး ကုမ္ပဏီတခုဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် တနှစ်တည်းမှာပဲ မော်တော်ကား ၊ ဆိုင်ကယ် ၊ ရေကြောင်း နဲ့ အခြားစွမ်းအင်သုံး အင်ဂျင်အလုံးရေ ၂၇သန်းကျော်ကို ထုတ်လုပ်ရောင်းချနိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အခြေခံ အင်ဂျင်စီးရီး ၄မျိုးနဲ့အတူ အင်ဂျင်အမျိုးအစားပေါင်း ၂၉ မျိုးကို ထုတ်လုပ်လျှက်ရှိပါတယ်။

နံပါတ် ၅။ ဟွန်ဒါ နဲ့ ဖော်မြူလာဝမ်း

ဟွန်ဒါဟာ ကမ္ဘာကျော် ဖော်မြူလာဝမ်းကားပြိုင်ပွဲမှာ အဓိက ပံ့ပိုးတဲ့ကုမ္ပဏီတခုအနေနဲ့ ပါဝင်ပါတယ်။ ၁၉၆၄ ခုနှစ်က ဖော်မြူလာဝမ်းပြိုင်ပွဲမှာ စတင်ပါဝင်ခဲ့ပြီး ၁၉၆၅ ခုနှစ်မှာ အောင်မြင်မှုရရှိခဲ့ပေမယ့် ၁၉၆၈ ခုနှစ်မှာတော့ မတော်တဆမှုအပြင် အခက်အခဲအမျိုးမျိုးကြောင့် ဖော်မြူလာဝမ်းပြိုင်ပွဲကနေ ထွက်ခွာခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်ကနေ စလို့ အင်ဂျင်ပံ့ပိုးသူအနေနဲ့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ကုမ္ပဏီအနေနဲ့ ၆ကြိမ် ၊ မောင်းနှင်သူအနေနဲ့ ၅ ကြိမ် ဆုတွေရရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ပြိုင်ပွဲဝင် ၁၀ သင်းအနက် ၂သင်းကို ဟွန်ဒါက အင်ဂျင်ထောက်ပံ့တပ်ဆင်ပေးထားတာဖြစ်ပါတယ်။

နံပါတ် ၆။ စူပါကပ်

ဟွန်ဒါနဲ့ လူသိအများဆုံး နဲ့ အအောင်မြင်ဆုံး ထုတ်ကုန် လို့ ဆိုရမှာက ဟွန်ဒါ စူပါကပ် မော်တော်ဆိုင်ကယ်တွေဖြစ်ပါတယ်။ ဟွန်ဒါဟာ စူပါကပ်အမျိုးအစား မော်တော်ဆိုင်ကယ်ကို ၁၉၅၈ ခုနှစ်ကတည်းက စတင်ထုတ်လုပ် four-stroke အင်ဂျင်ကို အသုံးပြုထားပါတယ်။ တနာရီ ၄၃မိုင်အမြန်နှုန်းပဲရှိပေမယ့် သူ့ရဲ့ရိုးရိုးရှင်းရှင်းပုံစံနဲ့ အရည်အသွေးကြောင့် ကမ္ဘာတလွှား လူကြိုက်အလွန်များခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အထိ ဆိုရင် ဟွန်ဒါဟာ စူပါကပ်မော်ဒယ် ဆိုင်ကယ်စီးရေပေါင်း သန်း ၁၀၀ ကို ထုတ်လုပ်ရောင်းချခဲ့ပြီး ကမ္ဘာပေါ်မှာ အရောင်းချရဆုံး စက်တပ်ယာဉ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း စူပါကပ်မော်တော်ဆိုင်ကယ်ကို နိုင်ငံပေါင်း ၁၅နိုင်ငံက စက်ရုံတွေကနေ ထုတ်လုပ်နေဆဲဖြစ်ပါတယ်။

နံပါတ် ၇။ ပဲပိစပ် တင်သွင်းသူ

ကားတွေ ဆိုင်ကယ်တွေ ထုတ်တဲ့ ဟွန်ဒါ နဲ့ ပဲပိစပ် နဲ့ ဘာမှ မဆိုင်ဘူးလို့ ထင်ကောင်းထင်ပေမယ့် ဟွန်ဒါဟာ နှစ်စဉ် ပဲပိစပ် တင်းပေါင်း ၁သန်းခန့် တင်သွင်းတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အကြောင်းကတော့ အမေရိကန် အိုဟိုင်းယိုးပြည်နယ်ဟာ ပဲပိစပ် အလွန်ပေါများတဲ့အပြင် ကားတွေ ဆိုင်ကယ်တွေကို အမေရိကန်ဆီတင်ပို့ပြီး တိုင်း ဂျပန်ကို ပြန်သယ်လာတဲ့ ကွန်တိန်နာတွေ လွတ်နေလို့ဖြစ်ပါတယ်။ လွတ်နေတဲ့ ကွန်တိန်နာတွေထဲမှာ ပဲပိစပ်တွေကို သယ်ပြီး ဂျပန်ဈေးကွက်မှာ ပြန်လည်ရောင်းချတာဖြစ်ပါတယ်။ လယ်သမားပေါင်း ၂၈၀ ခန့်ဟာ အိုဟိုင်းယိုး နဲ့ မီချီကန်ပြည်နယ်တွေမှာ ဟွန်ဒါအတွက် ပဲပိစပ်ဧကပေါင်း ၃၀၀၀၀ ခန့် စိုက်ပျိုးပေးလျက်ရှိပါတယ်။

နံပါတ် ၈။ ဟွန်ဒါ ရဲ့ အခြားထုတ်ကုန်များ

ကားတွေ ဆိုင်ကယ်တွေ အပြင် ဟွန်ဒါရဲ့ အခြားထုတ်ကုန်တွေက လမ်းကြမ်းမောင်း လေးဘီးတပ်မော်တော်ဆိုင်ကယ် ၊ မီးစက်နဲ့ အင်ဂျင်အမျိုးမျိုး ၊ မျက်ရိတ်စက်အမျိုးမျိုး ၊ လေထိုးလှေ ၊ စကူတာ ၊ ဆီးနှင်းဖယ်စက် ၊ ဆိုလာ၊ တောင်တက်စက်ဘီး စတာတွေဖြစ်ပါတယ်။

နံပါတ် ၉။ စက်ရုပ် အဆီမို Asimo

ဟွန်ဒါဟာ စက်ရုပ်သုတေသနလုပ်ငန်းကိုလည်း လုပ်ဆောင်လျှက်ရှိပြီး လူသိအများဆုံးစက်ရုပ်ကတော့ ၂၀၀၀ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Asimo လူတူစက်ရုပ်ဖြစ်ပါတယ်။ အမြင့် ၄ ပေ ၃လက်မနဲ့ အလေးချိန် ၁၁၉ပေါင်ရှိတဲ့ ဒီစက်ရုပ်ဟာ လွတ်လပ်စွာလမ်းလျှောက်နိုင်သလို လှေကားလည်းတက်နိုင်တဲ့အပြင် လူတွေကဲ့သို့ အပြုအမှုလုပ်ကာ လူတွေနဲ့ အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်စွမ်းရှိပါတယ်။ ဒါအပြင် ဗုံးရှင်းလင်းရေး နဲ့ မီးသတ်ခြင်းစတဲ့ လူတွေအတွက် အန္တရာယ်များတဲ့နေရာတွေကို စေလွှတ်ခိုင်းစေနိုင်စွမ်းရှိပါတယ်။ ဒီစက်ရုပ်ကိုတော့ တိုကျိုက သိပ္ပံနဲ့နည်းပညာပြတိုက် မီရိုင်ကန် Miraikan မှာ ပြသထားရှိပါတယ်။

နံပါတ်၁၀။ ဟွန်ဒါ ဂျက်လေယာဉ်ပရိုဂရမ်

ဟွန်ဒါကို ကျွန်မတို့ အများစုသိကြတာက ကား နဲ့ ဆိုင်ကယ်တွေပဲ ထုတ်လုပ်တာကိုပါ။ တကယ်တော့ ဟွန်ဒါမှာ လေယာဉ်ကုမ္ပဏီတခုလည်း ရှိနေပါတယ်။ ၂၀၀၆ ခုနှစ်ကတည်းက မြောက်ကယ်လီဖိုးနီးယားမှာ စတင်တည်ထောင်ထားတဲ့ ဟွန်ဒါလေယာဉ်ကုမ္ပဏီကို ဂျပန်လူမျိုးလေယာဉ်အင်ဂျင်နီယာ နဲ့ စီးပွားရေးလုပ်ငန်းရှင် မီချီမာဆာ ဖူဂျီနို Michimasa Fujino က ဦးဆောင်ပါတယ်။ ဂျက်လေယာဉ်တွေကို ထုတ်လုပ်တာဖြစ်ပြီး Honda HA-420 HondaJet ကတော့လူသိအများဆုံးဖြစ်ကာ စီးရေ ၁၅၀ ခန့်ကို ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။

ဒီတပတ်မှာတော့ ကမ္ဘာကျော် ဂျပန်မော်တော်ကားကုမ္ပဏီကြီးတခုဖြစ်တဲ့ ဟွန်ဒါ ရဲ့ အကြောင်းကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ထပ်မံပြီးတော့ ကမ္ဘာတလွှားက ဗဟုသုတရဖွယ်ရာ အကြောင်းအရာတွေကို တင်ဆက်ပေးသွားဦးမှာဖြစ်တဲ့အတွက် သုတဇုန် ယူကျူ့ချန်နယ်ကို Subscribe လုပ်သွားပေးကြပါဦးနော် ။ နားဆင်သူ သုတဇုန် မိတ်ဆွေအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်…