ကမ္ဘာကျော် လန်ဘော်ဂီနီ အကြောင်း

Posted on

လန်ဘော်ဂီနီဟာ အီတလီရဲ့ နာမည်ကြီး အမှတ်တံဆိပ်တခုဖြစ်ပြီး တန်ဖိုးကြီး ဇိမ်ခံ ပြိုင်ကားတွေထဲမှာတော့ အလွန်နာမည်ကြီးလှပါတယ်။ လန်ဘော်ဂီနီကုမ္ပဏီကို ၁၉၆၃ ခုနှစ်မှာ ဖယ်ရူချို လန်ဘော်ဂီနီ Ferruccio Lamborghini က တည်ထောင်ခဲ့ပါတယ်။

ဒီလိုတည်ထောင်ရခြင်းရဲ့ အကြောင်းကတော့ အဲဒီအချိန်က နာမည်အကြီးဆုံး ကားကုမ္ပဏီလို့ ဆိုရမယ့် ဖာရာရီ ပိုင်ရှင် အန်ဇိုဖာရာရီ Enzo Ferrari ကို မခံချင်စိတ်ကြောင့်ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုပြောရမယ်ဆိုရင် ဖယ်ရူချို လန်ဘော်ဂီနီ ရဲ့ အကြောင်းကနေ ပြန်စရပါမယ်။

သူ့ကို လယ်သမားမိသားစုက မွေးဖွားလာခဲ့တာဖြစ်ပြီး ငယ်စဉ်ကတည်းက လယ်ယာလုပ်ငန်းကို စက်မှုနည်းပညာနဲ့ ပေါင်းစပ်လုပ်ကိုင်ဖို့ကို စိတ်ဝင်စားခဲ့သူဖြစ်ပါတယ်။ အရွယ်ရောက်တဲ့အခါ စက်မှုအင်ဂျင်နီယာတယောက်ဖြစ်လာခဲ့ပြီး စစ်အတွင်းမှာ စက်ပြင်အင်ဂျင်နီယာအဖြစ် အမှုထမ်းခဲ့ပါတယ်။

စစ်ကြီးပြီးတဲ့နောက် ၁၉၄၈ ခုနှစ်မှာတော့ လန်ဘော်ဂီနီ ထရက်တိုရီ Lamborghini Trattori လယ်ထွန်စက်ကုမ္ပဏီကို တည်ထောင်ခဲ့ရာကဆယ်စုနှစ်အတွင်း အောင်မြင်တဲ့ ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန် လန်ဘော်ဂီနီ စီးနေတာက ဖာရာရီ Ferrari ထုတ် Ferrari 250GT ကားဖြစ်ပါတယ်။ တနေ့အဲဒီကားကို service စင်တာမှာသွားပြင်ရင်း ဒီကားမှာသုံးတဲ့ကလပ်ချ်ကို သူထုတ်လို့ပေးနိုင်ကြောင်း သိလာပြီး ကုမ္ပဏီပိုင်ရှင်ဖြစ်သူ Enzo Ferrari နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကလပ်ချ်ထုတ်ပေးနိုင်တဲ့အပြင် ကားရဲ့လိုအပ်ချက်တချို့ကိုလည်း အကြံပေးလိုက်ပါတယ်။

ဒီမှာတင် Enzo Ferrari ကနေ သူ့ကိုပြန်ပြောလိုက်တဲ့စကားက ” မင်းက လယ်သမားပါ။ လက်ထွန်စက်တွေပဲ ထုတ်စမ်းပါ။ ပြိုင်ကားတွေအကြောင်း မင်းမသိပါဘူး။ Ferrari ကားကိုမောင်းရင် ကွန်ပလိန်းမတက်ပါနဲ့။ ငါ့ကားတွေက ကမ္ဘာ့အကောင်းဆုံးကားတွေပါ” ဆိုပြီးဖြစ်ပါတယ်။

ဒီစကားက Lamborghini ကိုဒေါသထွက်စေပြီး မခံချင်စိတ်ကို နှိုးဆွပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Ferrari ရဲ့အမြင်မှားကြောင်းသက်သေပြဖို့ သူဟာ ပြိုင်ကားအကြောင်းတွေကို အမျိုးမျိုးလေ့လာ ဒီဇိုင်းထုတ် စမ်းသပ်ပြီးတဲ့နောက် Lamborghini ကုမ္ပဏီကို တည်ထောင်လိုက်ပါတော့တယ်။ အဲဒီနှစ်မှာပဲ ပထမဆုံး လန်ဘော်ဂီနီကားမော်ဒယ်အနေနဲ့ Lamborghini 350GTV ကို ဒီဇိုင်းထုတ်ခဲ့ပြီး တူရင်ကားပြပွဲမှာ ပြသနိုင်ခဲ့ပါတယ်။ လူ ၂ဦးသာ စီးလို့ရတဲ့ ကားဖြစ်ပြီး V12 အင်ဂျင်ကို တပ်ဆင်ထားပါတယ်။

လန်ဘော်ဂီနီ ရဲ့ လိုဂိုက နွားရိုင်းပုံဖြစ်နေတာကတော့ ပိုင်ရှင်ဖြစ်သူ Lamborghini ဟာ ပြိဿရာသီ ဖွားဖြစ်နေလို့ပါ။ ဒီရာသီခွင်ရဲ့ အမှတ်အသားတိရစ္ဆာန်က နွားရိုင်း Bull ဖြစ်တာအပြင် သူကိုယ်တိုင်ကလည်း စပိန်နွားရိုင်းဝှေ့ပွဲကို အလွန်နှစ်သက်လို့ဖြစ်ပါတယ်။

ဒုတိယမော်ဒယ် 400 GT အထိ အောင်မြင်မှုသိပ်မရခဲ့ပါဘူး။ အဲဒီနောက်တော့ ၁၉၆၆ ခုနှစ်မှာ စထုတ်တဲ့ Miura နှစ်ယောက်စီးပြိုင်ကားမှာတော့ လန်ဘော်ဂီနီကားဒီဇိုင်းတွေကို လူကြိုက်များလာခဲ့ပါတယ်။ လူကြိုက်များတာကြောင့် နောက် ၇နှစ်အကြာအထိ စုစုပေါင်းစီးရေ ၇၆၄ စီးထုတ်လုပ်ခဲ့ရပါတယ်။ ဒီကားဟာ ၁နာရီကို ၁၈၀မိုင် အမြန်နှုန်းအထိမောင်းနိုင်ပြီး အဲဒီအချိန်က အမြန်ဆုံးကားဖြစ်ခဲ့ပါတယ်။

၁၀ နှစ်အတွင်း အကြီးအကျယ်အောင်မြင်ခဲ့ပေမယ့် ၁၉၇၃ ခုနှစ်ရောက်တဲ့အခါမှာတော့ ရေနံအကြပ်အတည်း နဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားပျက်ကပ်ကို လန်ဘော်ဂီနီအနေနဲ့ အပြင်းအထန်ခံစားခဲ့ရပါတယ်။ နောက် ၁နှစ်အကြာမှာတော့ ကုမ္ပဏီကို အခြားတဦးထံ ရောင်းချခဲ့ပြီး ၁၉၇၈ ခုနှစ်မှာတော့ ဒေဝါလီခံသွားရပါတယ်။

၁၉၈၄ ခုနှစ်မှာတော့ ဒီကုမ္ပဏီဟာ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင် မီရန် ရဲ့လက်ထဲကိုရောက်ရှိပြီးခဲ့တဲ့နောက် လန်ဘော်ဂီနီကားတွေကို တကျော့ပြန် ထုတ်လုပ်ခဲ့ပါတယ်။ မီရန် လက်ထက်မှာတော့ ကြီးကြီးမားမားချဲ့ထွင်မှုတွေပြုလုပ်ခဲ့ပြီး ကောင့်တက် ကနေ ဟိုက်ပါ အထိ ပြိုင်ကားမော်ဒယ်မျိုးစုံကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။

အဲဒီနောက်တော့ လန်ဘော်ဂီနီကို အမေရိကန်အကြီးဆုံးကားထုတ်လုပ်ရေး ကုမ္ပဏီ ၃ခုထဲမှာ ၁ခုအပါအဝင်ဖြစ်တဲ့ ခရိုက်ဇ်လာ Chrysler ကော်ပိုရေးရှင်းက ဝယ်ယူခဲ့ပါတယ်။ အဲဒီကတဆင့် မလေးရှားရင်းနှီးမြုပ်နှံမှုကုမ္ပဏီ မိုက်ကွန်းဆက်ကို နဲ့ အင်ဒိုနီးရှားကုမ္ပဏီ V’Power တို့ထံရောက်ရှိခဲ့ပြီး နောက်ဆုံးမှာတော့ ဂျာမန်အကြီးဆုံးကားကုမ္ပဏီဖြစ်တဲ့ ဗော့စ်ဝက်ဂွန် Volkswagen Group က ဝယ်ယူသွားခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်ကနေ ယခုအချိန်ထိ ဗော့စ်ဝက်ဂွန် Volkswagen ရဲ့လုပ်ငန်းခွဲ အော်ဒီ Audi အောက်ကနေ လန်ဘော်ဂီနီကားတွေကို ထုတ်လုပ်လျက်ရှိပါတယ်။

ဆက်လက်ပြီးတော့ လန်ဘော်ဂီနီရဲ့ စိတ်ဝင်စားစရာ အချက်အလက်အချို့ကို ထပ်မံဝေမျှသွားပါဦးမယ်။

ဖယ်ရူချို လန်ဘော်ဂီနီ Ferruccio Lamborghini ရဲ့ မူလကုမ္ပဏီဖြစ်တဲ့ လယ်ထွန်စက် ကုမ္ပဏီ လန်ဘော်ဂီနီ ထရက်တိုရီ Lamborghini Trattori ဟာ ယခုတိုင်ရှိနေဆဲဖြစ်ပြီး လယ်ထွန်စက် နဲ့ တွဲယာဉ်တွေကို ထုတ်လုပ်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် လန်ဘော်ဂီနီပြိုင်ကားကုမ္ပဏီက မပိုင်ဆိုင်တော့ပဲ ဒီကုမ္ပဏီကိုတော့ အီတလီလယ်ထွန်စက် ကုမ္ပဏီ SAME က ပိုင်ဆိုင်ပါတယ်။

ဒီဘက်ခေတ် နာမည်ကြီးတော်တော်များများ လန်ဘော်ဂီနီကို နှစ်သက်စွာစီးနင်းကြသလိုပဲ ၁၉၆၀နောက်ပိုင်းကတည်းက လန်ဘော်ဂီနီမီရာ Miura ကားတွေကို ဇိမ်ခံပစ္စည်းတခုအနေနဲ့ ဆော်ဒီဘုရင် ၊ မင်းသား စတဲ့ တော်ဝင်မျိုးနွယ်တွေအပြင် Rod Stewart, Dean Martin, နဲ့ Frank Sinatra စတဲ့ နာမည်ကျော်တွေဟာ ဖက်ရှင်တခုအဖြစ် စီးခဲ့ကြပါတယ်။

လန်ဘော်ဂီနီထဲမှာ အမြန်ဆုံးကားကတော့ လန်ဘော်ဂီနီ ဒိုင်ယာဘလိုကော်တယ် Diablo Coatl ကားဖြစ်ပြီး ၁နာရီကို ၂၃၉မိုင် အမြန်နှုန်းအထိမောင်းနှင်နိုင်ပါတယ်။ မူလ လန်ဘော်ဂီနီ Diablo ကားကို ထပ်မံမွမ်းမံပြီး မက္ကဆီကိုမှာ ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီကားကို ဒီဇိုင်းထုတ်ဖို့ အချိန် ၄နှစ်ကြာ ယူခဲ့ရပြီး လက်တင်အမေရိကတဝိုက်မှာ ဖြန့်ချိရောင်းချခဲ့တာဖြစ်ပါတယ်။

လန်ဘော်ဂီနီထဲမှာဈေးအကြီးဆုံးကားကတော့ ဗင်နီနိုရုတ်စတာ Veneno Roadster ကားမော်ဒယ်ဖြစ်ပါတယ်။ လန်ဘော်ဂီနီတည်ထောင်ခြင်း နှစ် ၅၀ ပြည့်အထိမ်းအမှတ်နဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပထမမော်ဒယ် အဗန်တဒေါ် Aventador ပေါ်မှာ အခြေခံထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ် ဂျီနီဗာမော်တော်ကားပြပွဲမှာ ပြသခဲ့ပါတယ်။ စုစုပေါင်းစီးရေ ၉စီးသာ ထုတ်ခဲ့တာဖြစ်ပြီး မူလတန်ဖိုးက ဒေါ်လာ ၄သန်းဖြစ်ပေမယ့် ပြန်လည်ရောင်းချကြတဲ့အခါမှာတော့ အမေရိကန်ဒေါ်လာ ၉.၅သန်းအထိ ဈေးပေါက်ခဲ့ပါတယ်။

လန်ဘော်ဂီနီတည်ထောင်သူဟာ စပိန်နွားရိုင်းပွဲတွေကို ဘယ်လောက်နှစ်သက်သလဲဆိုရင် သူထုတ်လုပ်ခဲ့တဲ့ လန်ဘော်ဂီနီကားမော်ဒယ် နာမည်တွေကိုကြည့်တာနဲ့တင် သိနိုင်ပါတယ်။ မီရာ ၊ အက်စ်ပါဒါ ၊ အီစ်လဲရို ၊ အူရာကို စတာတွေဟာ စပိန်နွားရိုင်းပွဲနဲ့ ဆက်စပ်တဲ့နာမည်တွေဖြစ်ပါတယ်။ နောက်ပိုင်းလန်ဘော်ဂီနီကားမော်ဒယ်တွေကိုလည်း နွားရိုင်းတွေနဲ့ ဆက်စပ်တဲ့ အမည်တွေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။

လန်ဘော်ဂီနီရဲ့ ပထမဆုံးကားဖြစ်တဲ့ 350GTV ကို ကားပြပွဲမှာပြတဲ့အချိန်မှာ အင်ဂျင်မပါပဲ အင်ဂျင်နေရာမှာ အုတ်တွေကိုထည့်ကာ ကားရှေ့ဖုံးကိုပိတ်ကာ ပြသခဲ့ခြင်းဖြစ်ပါတယ်။

လန်ဘော်ဂီနီထုတ် ကားအများစုမှာ V12 အင်ဂျင်တွေကိုပဲ တပ်ဆင်ထားပါတယ်။ ဒါပေမယ့် ဂယ်လာဒို ၊ ဆက်စ်တို နဲ့ ဟူရာကန် မော်ဒယ်တွေမှာတော့ V10 အင်ဂျင်ကို တပ်ဆင်ထားကာ အူရာကို ၊ စီလူအက် ၊ ဟိုက်ပါ နဲ့ အူရူ တို့မှာတော့ V8 အင်ဂျင်တွေကို တပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်။

လန်ဘိုဂီနီဟာ လမ်းကြမ်းမောင်းထရပ်ကားတွေကိုလည်း ထုတ်လုပ်ခဲ့ပြီး ၁၉၈၆ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ Lamborghini LM002 အမည်ရထရပ်ကားဟာ Rambo Lambo ဆိုပြီး နာမည်ကြီးခဲ့ဖူးပါတယ်။ ဒီနာမည်ရခဲ့ရခြင်းအကြောင်းကတော့ နာမည်ကျော် အမေရိကန် ရမ်ဘိုမင်းသား ဆဲဗာစတာ စတားလုံး Sylvester Stallone က ဒီကားကို ဝယ်ယူစီးခဲ့လို့ဖြစ်ပါတယ်။

လန်ဘော်ဂီနီဟာ ၁၉၇၀ တဝိုက်မှာ သင်္ဘောအင်ဂျင်တွေကိုလည်း ထုတ်လုပ်ခဲ့ပါသေးတယ်။ မော်တိုရီ မာရီနီ လန်ဘော်ဂီနီ Motori Marini Lamborghini အမည်ရ ဒီအင်ဂျင်တွေကို ရီးဗားစူပါ အကွာရာမား Riva Super Aquarama ဇိမ်ခံသင်္ဘောမှာ တပ်ဆင်ခဲ့ပါတယ်။ ဒီသင်္ဘောဟာ မြင်းကောင်ရေ ၉၄၀ အား ရှိပြီး ၁နာရီကို ၁၅၅မိုင် အမြန်နှုန်းအထိ ရှိခဲ့ပါတယ်။

၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှာ လန်ဘော်ဂီနီဟာ ၁၀၀၀ စီစီ မော်တော်ဆိုင်ကယ်တွေကို ထုတ်လုပ်ခဲ့ပါသေးတယ်။ အစီးရေအနည်းငယ်သာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ မရှိသလောက်ရှားသွားပြီဖြစ်ပါတယ်။ ဒီမော်တော်ဆိုင်ကယ်တွေကိုတော့ အီတလီလန်ဘော်ဂီနီစက်ရုံတွေမှာ ထုတ်လုပ်တာမဟုတ်ပဲ လန်ဘော်ဂီနီက ဒီဇိုင်းဆွဲကာ ဘောက်ဇာဘိုက်စ် Boxer Bikes ကနေ ပြင်သစ်နိုင်ငံ တူးလုစ်မြို့ Toulouse မှာ ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။

လန်ဘော်ဂီနီဟာ အီတလီရဲဌာနကို ဂယ်လာဒို Gallardo ကား ၂စီးလှူဒါန်းခဲ့ပြီး ရဲတွေဟာ အဲဒီကားတွေကို အစားထိုးလှူဒါန်းတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို အလျှင်အမြန်အချိန်မီ သယ်ယူပို့ဆောင်တဲ့နေရာမှာ အသုံးပြုခဲ့ပြီး လူ့အသက်တွေကို ကယ်တင်ခဲ့ပါတယ်။

လန်ဘော်ဂီနီမှာ အရောင်းရဆုံးကားကတော့ Gallardo ကားဖြစ်ပြီး ဒီကားမော်ဒယ်ကို ၂၀၀၃ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပါတယ်။ စုစုပေါင်း စီးရေ ၁၄၀၂၂ စီး ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး အရောင်းရဆုံး လန်ဘော်ဂီနီကားအမျိုးအစားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Gallardo ဟာ လူသိများတဲ့ စပိန်နွားရိုင်းတမျိုးရဲ့ အမည်ဖြစ်ပါတယ်။

လန်ဘော်ဂီနီရဲ့ ရုံးချုပ်ကတော့ အီတလီနိုင်ငံ ဘိုလော့ဂ်နာနယ်မြေထဲက ဆန်တာဂါတာ ဘိုလုနိစ် Sant’Agata Bolognese မြို့မှာတည်ရှိပါတယ်။ ဝန်ထမ်း ၁၂၀၀ ခန့်နဲ့သာ လည်ပတ်နေတာဖြစ်ပြီး ၂၀၁၈ ခုနှစ်က စုစုပေါင်း ကားစီးရေ ၅၇၅၀ အထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့လုပ်ငန်းခွဲ ၂ခုကတော့ Ducati မော်တော်ဆိုင်ကယ် နဲ့ မော်တော်ကားဒီဇိုင်းကုမ္ပဏီ အီတာဒီဇိုင်း ဂျူဂျာရို Italdesign Giugiaro တို့ပဲဖြစ်ပါတယ်။

လန်ဘော်ဂီနီပြတိုက်ကလည်း အီတလီနိုင်ငံ ဆန်တာဂါတာ ဘိုလုနိစ် Sant’Agata Bolognese မြို့မှာပဲတည်ရှိပါတယ်။ ၂၀၀၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီပြတိုက်မှာ လန်ဘော်ဂီနီသမိုင်းတလျှောက်ထုတ်လုပ်ခဲ့တဲ့ ကားတွေအပြင် မထုတ်လုပ်ဖြစ်ခဲ့တဲ့ ခွန်းဆက် concept ကားဒီဇိုင်း နဲ့ မှတ်တမ်းတွေကိုလည်း လေ့လာကြည့်ရှုနိုင်ပါတယ်။

ဒီလောက်ဆိုရင် ကမ္ဘာကျော် ဇိမ်ခံပြိုင်ကား လန်ဘော်ဂီနီရဲ့ အကြောင်းကို အတော်လေး သိသွားလောက်ပြီထင်ပါတယ်။ ထပ်မံပြီးတော့လည်း ကမ္ဘာတလွှားက ဗဟုသုတ ရဖွယ်ရာ အကြောင်းအရာတွေကို တင်ဆက်သွားဦးမှာဖြစ်တဲ့အတွက် သုတဇုန် ယူကျူ့ချန်နယ်ကို Subscribe လုပ်သွားပေးကြပါဦးနော်။ နားဆင်သူ သုတဇုန် မိတ်ဆွေအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်…