အာဖရိကတိုက်တောင်ပိုင်းရှိ ဗိုးဝါး ပြည်နယ်များဖြစ်သော သြရိန်းဖရီးစတိတ်(Orange Free State) ၊ ထရန်စဗားပြည်နယ်များ(Transvaal) နှင့် ဗြိတိသျှအစိုးရတို့ကြား ၁၈၉၉ ခုနှစ်မှ ၁၉၂၀ ခုနှစ်အတွင်း ဖြစ်ပွားသော စစ်ပွဲကို ဗိုးဝါးစစ်ပွဲ(Boer War)ဟု ခေါ်သည်။ ထိုစစ်ပွဲကို တောင်အာဖရိကစစ်ပွဲဟုလည်း ခေါ်ကြသည်။
ဗိုးဝါးဟူသောစကားမှာ ဒတ်ချ်ဘာသာဖြင့် လယ်သမား ဟုခေါ်ခြင်းဖြစ်သည်။ ၁၆၅၂ခုနှစ်ခန့်က ဟော်လန်နိုင်ငံမှ ဒတ်ချ်လူမျိုးတစုသည် အာဖရိကတိုက်တောင်ပိုင်း ဒေသများသို့ သွားရောက်၍ လယ်ယာစိုက်ပျိုးခြင်းဖြင့် အခြေစိုက် နေထိုင်ကြသည်။ ထိုသူတို့မှ ဆင်းသက်သူများကို ဗိုးဝါး ဟုခေါ်ကြသည်။
၁၇၉၆ ခုနှစ်တွင် အာဖရိကတိုက်ရှိ ဗိုးဝါးတို့၏ ဒေသသစ်များကို ဗြိတိသျှတို့ဝင်ရောက်သိမ်းပိုက်သည်။ ဗြိတိသျှအုပ်ချုပ်သည်ကို မလိုလားသူတို့သည် ၁၈၃၆ ခုနှစ်တွင် သူတို့၏ဒေသများကိုစွန့်၍ ထို့ထက်မြောက်ဖက်ကျသော ဒေသများသို့ ပြောင်းရွှေ့ကာ အိုးသစ်အိမ်သစ်ထူထောင်ကြသည်။
ထိုဒေသကိုလည်း တောင်အာဖရိက သမ္မတနိုင်ငံ နှင့် သြရိန်းဖရီးစတိတ်ဟူ၍ ကိုလိုနီနိုင်ငံသစ်တည်ထောင်သည်။ တောင်အာဖရိက သမ္မတနိုင်ငံဟုခေါ်သောဒေသသည် နောင်အခါ ထရန်စဗားပြည်နယ်ဟု တွင်လာသည်။
၁၈၈၄ခုနှစ်တွင် တောင်အာဖရိကသမ္မတနိုင်ငံ၌ ရွှေတွင်းများ တွေ့သည့်သတင်းကြောင့် နိုင်ငံခြားသားများ အများအပြားပင် ထိုဒေသထဲသို့ ဝင်ရောက်လာကြသည်။ ထိုနိုင်ငံခြားသားများမှာ အများအားဖြင့် ဗြိတိသျှလူမျိုးများဖြစ်ကြသည်။ ဗိုးဝါးတို့ကလည်း သူတို့၏ အုပ်ချုပ်ရေးတွင် ဗြိတိသျှတို့ ဝင်ရောက်ခြယ်လှယ်မည်ကို စိုးရွံ့ကြသည်။
ထို့ကြောင့် တောင်အာဖရိကသမ္မတနိုင်ငံ၏ သမ္မတပေါကရူးဂါးက နိုင်ငံခြားသားများအား ချုပ်ချယ်ကန့်သတ်သည့် ဥပဒေများကို ပြုလုပ်လေသည်။ ထိုအခါ နိုင်ငံခြားသားများကလည်း မခံမရပ်နိုင်ဖြစ်ကာ အခွင့်အရေးပိုပေးရန် ဆူပူတောင်းဆိုကြသည်။ နိုင်ငံခြားသားတို့ဘက်မှ ဗြိတိသျှတို့က အားပေးလေသည်။
ယင်းတို့ဖြင့် ထိုအရေးမှာ ဗိုးဝါးတို့နှင့် နိုင်ငံခြားသားတို့ အင်အားပြိုင်ကြသည့် အခြေမှ ဗိုးဝါး နှင့် ဗြိတိသျှတို့ အင်အားပြိုင်သည့် အခြေသို့ ဆိုက်ရောက်သွားလေသည်။ ၁၈၉၆ခုနှစ်တွင် လက်နက်စွဲကိုင် တိုက်ခိုက်ကြသည့် အခြေသို့ ရောက်လာသည်။ အင်္ဂလိပ်လူမျိုး ဂျိမ်းဆန်ဆိုသူက လက်နက်ကိုင် တိုက်ခိုက်ရေးကို ဦးဆောင်ခဲ့ရာ ယင်းထကြွမှုကို ဂျိမ်းဆန်တိုက်ပွဲဟု ခေါ်ကြသည်။ ထိုအရေးတွင် ဂျိမ်းဆန်တို့ဖက်က ရှုံးနိမ့်သွားလေသည်။ သို့ရာတွင် ဗြိတိသျှနှင့် ဗိုးဝါးတို့အရေးသည် ပြီးငြိမ်းသွားခြင်း မရှိချေ။
နောက်ဆုံး ၁၈၉၉ခုနှစ် အောက်တိုဘာလ ၁၁ရက်နေ့တွင် ဗြိတိသျှနှင့် ဗိုးဝါးတို့ စစ်စတင်တိုက်ခိုက်ကြသည်။ သြရိန်းဖရီးစတိတ်ပြည်နယ်သည် ဗိုးဝါးတို့နှင့် ပူးပေါင်းကာဗြိတိသျှအား တိုက်ခိုက်လေသည်။ ထိုစစ်ပွဲတွင် ကြီးကျယ်သော တိုက်ပွဲကြီးများသိပ်မရှိလှချေ။ ချောင်းမြောင်းတိုက်ခိုက်ခြင်း ထောင်ဖမ်း၍ တိုက်ခိုက်ခြင်း မြို့ကြီးများကို ဝိုင်းရံပိတ်ဆို့ခြင်းများသာ များလေသည်။
စစ်ပွဲအစတွင် ဗိုးဝါးတို့က အရေးသာလေသည်။ ဗိုးဝါးတို့သည် အပစ်အခတ်ကျွမ်းကျင်ပြီးလျှင် ထိုဒေသ၏ အကြောင်းရင်းကို ကောင်းစွာသိသူများဖြစ်ကြသည်။ ဗိုးဝါးတို့ဘက်မှ ဒီဗစ် ၊ လူဝီဗိုတာ ၊ ဒလာရေးစသည့် ဗိုလ်ချုပ်ကြီးများက အုပ်ချုပ်တိုက်ခိုက်သည်။ ဗြိတိသျှတို့သည် ၁၉၀၀ပြည့်နှစ် ဇန်နဝါရီလတိုင်အောင် ဗိုးဝါးတို့ ဖိနှိပ်တိုက်ခိုက်ခြင်းကိုသာ ခံနေရလေသည်။
၁၉၀၀ ပြည့်နှစ် ဇန်နဝါရီလတွင် လော့ရောဗတ် နှင့် လော့ကစ်ချနာတို့ ဦးစီးသည့် အင်အားကြီးမားသော ဗြိတိသျှတပ်သစ်များ ရောက်လာလေသည်။ ထိုနှစ် ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် ဗိုးဝါးစစ်ဗိုလ်ချုပ်ကြီး ကရွန်ယီနှင့် တပ်သား ၄ထောင်ခန့်သည် ပါးဒီဗတ်၌ လက်နက်ချကြရလေသည်။ ထိုနှစ် မတ်လ ၁၃ရက်နေ့တွင် သြရိန်းဖရီးစတိတ်ပြည်နယ်၏ မြို့တော် ဗလွမ်းဖွန်တိန်းမြို့ကို လော့ရောဗတ်က ချီတက်သိမ်းပိုက်ကာ ယင်းပြည်နယ်ကို ဗြိတိသျှပိုင်အဖြစ် ကြေညာနိုင်ခဲ့သည်။
လော့ရောဗတ်ခေါင်းဆောင်သော ဗြိတိသျှစစ်တပ်များသည် မြောက်ဖက်သို့ ချီတက်ကာ ဂျိုဟန္ဒက်စဗက်မြို့ကို သိမ်းပိုက်သည်။ ထို့နောက် ဇွန်လ ၅ရက်နေ့တွင် တောင်အာဖရိကသမ္မတနိုင်ငံ၏မြို့တော် ပရီတိုးရီးယားမြို့ကို သိမ်းပိုက်ပြန်လေသည်။ ထိုနှစ်စက်တင်ဘာလတွင် ဗိုးဝါးဗိုလ်ချုပ် ဗိုတာ နှင့် လက်အောက်ခံတပ်များကို လော့ရောဗတ်က လက်နက်ချစေ၍ တောင်အာဖရိက သမ္မတနိုင်ငံကို ထရန်စဗားပြည်နယ်ဟု အမည်ပြောင်းကာ ဗြိတိသျှပိုင်အဖြစ် ကြေညာသည်။
ကျန်ဗိုးဝါးတပ်များသည် တောခိုသွားကာ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်သေးသည်။ ထိုအချိန်တွင် လော့ရောဗတ်သည် အင်္ဂလန်သို့ပြန်သွား၍ လော့ကစ်ချနာက ဗြိတိသျှတပ်များကို ဦးစီတိုက်ခိုက်လျှက်ရှိသည်။ လော့ကစ်ချနာသည် ဗိုးဝါးတို့၏ ပြောက်ကျားစစ်ဆင်မှုကို အစွမ်းကုန်နှိမ်နှင်းလိုက်ရာ ၁၉၀၂ခုနှစ် မေလ ၃၁ရက်နေ့တွင် ဗိုးဝါးစစ်ပွဲသည် အဆုံးသတ်အပြီးတိုင် ရောက်ခဲ့လေသည်။ စစ်ပွဲအပြီးတွင် ဗြိတိသျှတို့ဘက်မှ စစ်သား ၂သောင်းကျော် ကျရှုံး၍ ဗိုးဝါးတို့ဘက်ကမူ ၆ထောင်ကျော်သာ ကျရှုံးပြီး အရပ်သူအရပ်သားပေါင်း ၄သောင်းကျော် သေကြေပျက်စီးခဲ့ရသည်။
ဗိုးဝါးတို့သည် တပ်သားအင်အား ၉၅၀၀၀မျှ နှင့် ဗြိတိသျှတို့၏ ၄၀၀၀၀၀ကျော် အင်အားရှိသော တပ်ကို ၃နှစ်မျှ ကြံ့ကြံ့ခိုင်၍ တိုက်ခိုက်ခဲ့သည်။ ပရီတိုးရီးယားမြို့၌ ၁၉၀၂ခုနှစ် မေလ ၃၁ရက်နေ့တွင် ချုပ်ဆိုသော ဖာရေးနစ်ဂင်းစာချုပ်အရ ၊ ထရန်စဗားနှင့် သြရိန်းဖရီးစတိတ်တို့သည် ဗြိတိသျှ ကိုလိုနီများ ဖြစ်လာကြသည်။ ဗိုးဝါးတို့လည်း ဗြိတိသျှအစိုးရ သစ္စာခံများအဖြစ် ခံယူလေကြသည်။
သို့သော် ၁၉၀၆ ခုနှစ်တွင် အင်္ဂလန်ပြည် လစ်ဘရယ်ပါတီကြီးစိုးလာသောအခါ ထိုပြည်နယ် ၂နယ်ကို တာဝန်ခံအုပ်ချုပ်ရေး ပေးအပ်သည်။ ပြည်နယ်များတွင် ဗိုးဝါးစစ်ကြောင့် ပျက်စီးခဲ့ရသည့်အတွက် ဒေါ်လာ ၁၅သန်းကို လျော်ကြေးအဖြစ် ဗြိတိသျှတို့က ပေးအပ်လေသည်။ ကျောင်းများ၌လည်း ဒတ်ချ်ဘာသာကို သင်ခွင့်ပြုသည်။ ၁၉၁၀ခုနှစ်တွင် ထိုပြည်နယ် ၂နယ်သည် တောင်အာဖရိကနိုင်ငံအတွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်များဖြစ်လာလေသည်။
မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ ၅