ကမ္ဘာ့သမိုင်းထဲက ဗိုက်ကင်းတို့ အကြောင်း

Posted on

ရေးသားသူ – Academy

Vikings ဆိုသည်မှာ ဒိန်းမတ် ၊ ဆွီဒင် ၊နော်ဝေစသည့် Scandinavia ဒေသများတွင် ရှေးခေတ်အချိန်က နေထိုင်ခဲ့သည့်လူမျိုးများကို ခေါ်သည် ။ သူတို့သည်အေဒီ ၈၀၀ မှ အေဒီ ၁၁၀၀ အတွင်း ဥရောပတခွင် ကျယ်ပြန့်သည့် ဧရိယာများကို လှည့်လည် သွားလာပြီး အခြေချနေထိုင်ခဲ့ကြသည်။

ရှည်လျားသောလှေများဖြင့် ခရီးသွားလာတတ်သော ဗိုက်ကင်းများသည် စကင်ဒီနေဗီးယားနှင့် အင်္ဂလန်ကျွန်းအပါအဝင် ဥရောပတိုက်တွင် ခေတ်တခေတ်ကို ထူထောင်ခဲ့ကြသည်။ ထို့ကြောင့် Vikings များ၏ သမိုင်းသည် ရှေးခေတ်ကမ္ဘာ့သမိုင်းတွင် အဓိကအခန်းမှ ပါဝင်ခဲ့သည် ။

ကြမ်းတမ်းတဲ့ဒေသ

သူတို့နေထိုင်သည့် ဥရောပမြောက်ပိုင်းသည် ပြင်းထန်သည့်ရာသီဥတုရှိကာ နွေရာသီတိုတောင်းပြီး ဆောင်းရာသီတွင် နေမမြင်ရသည့် ဒေသများဖြစ်သည် ။ သူတို့သည်နွေရာသီတွင် ဂျုံများ ၊ မုယောစပါးများ စိုက်ပျိုးပြီး ဆောင်းရာသီတွင် အမဲလိုက်ခြင်း ၊ ငါးဖမ်းခြင်းများနှင့် အသက်မွေးဝမ်းကြောင်းပြုကြသည် ။

ထိုဒေသ သည်လူဦးရေနဲပါးပြီး ကြမ်းတမ်းသည့် ရာသီဥတုရှိရာဒေသဖြစ်သဖြင့် ရောမခေတ်အချိန်တွင်လဲ ရိုမန်တို့ လက်အောက်မကျရောက် သကဲ့သို့ ခရစ်ယာန်အယူဝါဒများလဲပြန့်နှံ့လာခြင်းမရှိခဲ့ပေ ။

နယ်မြေချဲ့ထွင်ခြင်း

Vikings များသည် အုပ်စုလိုက်တည်ရှိကြပြီး သူတို့တွင် ဘုရင့်နိုင်ငံဟူ၍လည်းမရှိခဲ့ပေ ။ အေဒီ ၈၀၀ အချိန်မှ စတင်ကာ Vikings များသည် ပိုမိုကောင်းမွန်သည့်ဒေသများကို ရှာဖွေသွားလာမှုစတင်လာခဲ့သည် ။ သူတို့သည်ရဲစွမ်းသတ္တိနှင့် ပြည့်စုံပြီး ၊ ကျွမ်းကျင်သည့် သင်္ဘောသားများဖြစ်ကာ လျှင်မြန်ကောင်းမွန်သည့် ရွက်လှေများကို တည်ဆောက်နိင်ကြသည် ။

Vikings လှေများမှာ ရွက်တခုသာပါပြီး သင်္ဘောသားများကလှော်တက်ဖြင့်လှော်ရသည် ။ Vikings များသည်ဥရောပကမ်းခြေဒေသများတွင် လှည့်လည်သွားလာပြီးရောက်သည့်နေရာတွင် ပြသနာများကိုဖန်တီးလေ့ရှိတတ်သည်ဟုဆိုသည် ။

ထိုခေတ် ထိုအချိန်ကဥရောပကမ်းခြေတလျှောက်မှ လူများသည် Vikings လှေများကိုမြင်လျှင် ကျောက်ရွံပြီး ပြေးရှောင်ပုံးအောင်းနေကြလေ့ရှိကြသည်ဟုဆိုသည် ။ လူများကို ဖမ်းဆီးပြီး တခြားတနေရာတွင်ကျွန်အဖြစ် ရောင်းစားတတ်သည်။ မြို့ရွာများကို လာရောက်ကာ ရောက်ရာနေရာတွင် ဆက်ကြေးတောင်းတတ်သည် ။ မပေးလျှင် ဝင်ရောက်တိုက်ခိုက်တတ်သည် ။

နယ်မြေများကိုသိမ်းယူပြီးပိုင်ဆိုင်မှုများကို လုယူလေ့ ရှိတတ်သည် ။ ဒေသခံဘုရင်များကိုဖမ်းဆီးသတ်ဖြတ်ပြီး သူတို့၏ဘုရင်များကိုတင်မြှောက်လေ့ရှိတတ်သည် ။

Vikings လူမျိုးများ

သမိုင်းပညာရှင်များမှ Vikings လူမျိုးများကို ၃ -မျိုးခွဲခြားထားသည် ။ ၎င်းတို့မှာ ဂျာမနီ ၊ အင်္ဂလန်၊စပိန်မှသည် မြေထဲပင်လယ် ကမ်းခြေတလျှောက်ချဲ့ ထွင် သိမ်းပိုက်ပြီး အခြေချနေထိုင်ခဲ့ကြသူများအား Danish Vikings ၊ ဥရောပအရှေ့ဖက်ရုရှား ၊ ယူကရိန်းဒေသများထိ ထိန်းချုပ်ခဲ့ကြသည် Swedish Vikings ၊ အိုက်စလန်, Greenland နှင့် မြောက်အမေရိကသို ့ လှည့်လည်သွားလာပြီး အခြေချ နေထိုင်ခဲ့ကြသည့် Norwegians Vikings .. တို့ဖြစ်ကြသည် ။

ထူးခြားတဲ့ယဉ်ကျေးမှု

Vikings များသည် နယ်မြေသစ်များကို ရှာဖွေသွားလာတတ်သော်လဲ အတည်တကျ အခြေချနေထိုင်လေ့မရှိကြပေ ။ လှည့်လည်သွားလာနေထိုင်ကြပြီး ရောက်ရာဒေသမှဒေသခံများ၏ ယဉ်ကျေးမှု များ လက်မှု အနုပညာများကို
ယူဆောင်လာတတ်သည် ။

သူတို့သည် ထိုအချိန်ကဥရောပတွင် အကောင်းဆုံးလှေများကိုပြုလုပ်နိင်ကာ ဓါး ၊ လှံ လက်နက်များကိုလည်း ချွန်ထက်အောင်ပြုလုပ်နိင်စွမ်း ရှိသူများဖြစ်သည် ။ အထူးခြားဆုံး ရွှေထည်များ ၊ သစ်သားရုပ်ထုများ ၊ ကျောက်ရုပ်တုများကိုလဲဖန်တီးနိင်သူများဖြစ်ကြသည် ။

ယနေ့အချိန်အထိ Vikings တို့၏ပုံပြင်များ ၊ ဝတ္ထုများ ၊ သမိုင်းမှတ်တမ်းများသည် ဥရောပမြောက်ပိုင်း ဒေသများတွင် ဂုက်ယူဝင့်ကြွားစွာ ရှင်သန်နေဆဲဖြစ်သည် ။ Vikings တို့၏ အကြောင်းကို ရိုက်ကူးထားသည့် ရုပ်ရှင်များလဲ အများအပြားရှိသည် ။

Academy Page