Kopi ဆိုတာက ကော်ဖီ ၊ Luwak ဆိုတာ အင်ဒိုနီးရှားဘာသာနဲ့ Civet ကြောင်ကို ခေါ်တာပါ။ မြန်မာလိုဆိုရင်တော့ ကြောင်ကတိုး လို့ခေါ်ပါတယ်။ ကြောင်ကတိုးက ထုတ်တဲ့ကော်ဖီပေါ့။ ပုံမှန်ဈေးကြီးပါတယ်ဆိုတဲ့ကော်ဖီတွေထက် ၁၀ဆလောက်ဈေးပိုကြီးတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီတွေထဲက တစ်မျိုးဖြစ်ပါတယ်။ ကော်ဖီတစ်ခွက်ကို အမေရိကန် ဒေါ်လာ ၃၀ ကနေ ဒေါ်လာ ၁၀၀ ဝန်းကျင်အထိ ရှိတတ်ပါတယ်။
ဒီကော်ဖီကို အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် နဲ့ ဗီယက်နမ်တို့က ထုတ်လုပ်ပါတယ်။ အင်ဒိုနီးရှားက Kopi Luwak ၊ ဖိလစ်ပိုင်က Civet Coffee နဲ့ ဗီယက်နမ်က စသည်ဖြင့် အသီးသီးခေါ်ကြပါတယ်။ ဒီကော်ဖီရဲ့ သမိုင်းကိုပြောရရင် ၁၈ရာစု အစမှာ အင်ဒိုနီးရှားဟာ ဒတ်ချ်တွေရဲ့ ကိုလိုနီနယ်မြေဖြစ်ခဲ့တယ်။ ဒတ်ချ် တွေဟာ ယီမင်က မျိုးရတဲ့ အာရပ်ဘီကာ ကော်ဖီတွေကို အင်ဒိုနီးရှားက ဂျာဗား နဲ့ စူမားတြားကျွန်းတွေမှာ စီးပွားဖြစ်စိုက်ပျိုးခဲ့ကြတယ်။ ဒါပေမယ့် စိုက်ပျိုးရတဲ့ ဒေသခံ လယ်သမား ၊ စိုက်ပျိုးရေးသမားတွေကို ကော်ဖီတွေကို မြည်းစမ်းဖို့ လုံးဝခွင့်မပြုခဲ့ပါဘူး။ ကိုယ်စိုက်ရတာကို ကိုယ်မစားရတဲ့အဖြစ်ပါ။
စားချင်ကြပေမယ့် အပြစ်ပေးခံရမှာကြောက်တဲ့အတွက် ခူးဆွတ်စားသုံးခြင်း မပြုခဲ့ကြပါဘူး။ နောက်ဆုံးမှာ သူတို့ဟာ နည်းလမ်းတစ်ခုကို သွားတွေ့ပါတယ်။ ဒါကတော့ Civet ကြောင်တွေဟာ ကော်ဖီသီးတွေထဲက ကောင်းပေ့ဆိုတဲ့ ကော်ဖီသီးတွေကို မကြာခဏလာရောက်စားလေ့ရှိပြီး မစင်တွေကို ချန်ထားခဲ့ကြတာပါ။ သူတို့ရဲ့ အစာချေစနစ်က ကော်ဖီသီးရဲ့ အပေါ်ယံအခွံကိုသာကြေပျက်စေတာကြောင့် မစင်ဆိုပေမယ့် အကောင်းပကတိ ကော်ဖီသီးအတိုင်း ကျန်ရစ်ခဲ့ပါတယ်။
လယ်သမားတွေဟာ Civet ရဲ့ မစင်တွေကို စုဆောင်းပြီး သန့်ရှင်း ၊ ကြပ်တင်ပြီး သောက်သုံးကြတဲ့အခါမှာတော့ ပုံမှန်ကော်ဖီတွေထက် အရသာ ပိုကောင်းနေတာကို သိလိုက်ကြပါတယ်။ မြေပိုင်ရှင် ဒတ်ချ်တွေကလည်း ဒီကော်ဖီကို အလွန်အမင်းနှစ်သက်လာကြတယ်။ နယ်ခံတွေက တဆင့် ဒီကော်ဖီအကြောင်းကို တဖြည်းဖြည်းလူပိုသိလာပြီး ကျော်ကြားသွားပါတော့တယ်။
ဘယ်လောက်ပဲ နာမည်ကျော်ကျော် ဈေးကြီးပေးဝယ်ချင်ပေမယ့် လိုသလောက်မရပါဘူး။ အကြောင်းကတော့ သဘာဝအတိုင်း civet ကြောင်တွေရဲ့ မစင်ထုတ်လုပ်မှုကို စောင့်ပြီး စုဆောင်းရဖို့ဆိုတာ အချိန်ပေးရလို့ ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးသမားတွေရဲ့ ထုံးစံအတိုင်း မဖြစ်ဖြစ်အောင်ဖန်တီးကြပါတော့တယ်။
civet ကြောင်တွေကို ဖမ်းပြီး လှောင်အိမ်ထဲထည့်ကာ ကော်ဖီသီးတွေကို စားသုံးစေပြီး မစင်တွေ ထုတ်လုပ်စေပါတယ်။ ဒါဟာ တိရစ္ဆာန်တွေကို နှိပ်စက်ရာရောက်တယ်လို့ ကမ္ဘာ့တိရစ္ဆာန် ထိမ်းသိမ်းရေးအဖွဲ့တွေက တားမြစ်ကြပေမယ့် သူတို့ဘာမှ မတတ်နိုင်ကြပါဘူး။ အင်ဒိုနီးရှားတို့ ဖိလစ်ပိုင်တို့ ဆိုတာ တိရစ္ဆာန်အခွင့်အရေးအားနည်းတဲ့ နိုင်ငံတွေဖြစ်လို့ပါ။
ဒီလိုနဲ့ တောအုပ်ထဲက သဘာဝကြောင်ရိုင်း (Wild Luwak) နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ကြောင်(Captive Luwak) ဆိုပြီး နှစ်မျိုးကွဲသွားတယ်။ သဘာဝကြောင်ရိုင်းက ရတဲ့ ကော်ဖီကတော့ ပိုဈေးကြီးပါတယ်။ Civet ကြောင်တွေရဲ့ မစင်ဖြစ်တဲ့ ကော်ဖီစေ့တွေကို ပြန်လှော်လိုက်ပြီး ကြိတ်လိုက်တဲ့အခါမှာတော့ အခါးလျော့သွားပြီး အရသာရှိတဲ့ ကော်ဖီမှုန့်ကို ရရှိပါသတဲ့။
Luwak ကော်ဖီ ထုတ်လုပ်ပုံ အဆင့်ဆင့်
အင်ဒိုနီးရှားမှာတော့ ဒီကော်ဖီထုတ်လုပ်မှုကို အကြီးအကျယ်လုပ်လျှက်ရှိပြီး နောက်ထပ် နှစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့မှာလည်း ထုတ်လုပ်လျှက်ရှိပါတယ်။ ဗီယက်နမ် Dak Lak မှာ civet ကြောင်ပေါင်း အကောင် ၃၀၀ ခန့်နဲ့ ထုတ်လုပ်နေသလို ၊ ဖိလစ်ပိုင် Davao မှာ ကောင်ရေ ၂၀၀ နဲ့ Iligan မှာ ကောင်ရေ ၁၀၀ ခန့် နဲ့ ထုတ်လုပ်လျှက်ရှိပါတယ်။ ထုတ်လုပ်တဲ့နေရာ များစွာရှိပေမယ့် မူလထွက်ရှိတဲ့နေရာဖြစ်တဲ့ စူမားတြားကျွန်းက ကော်ဖီကို အကောင်းဆုံးလို့ သတ်မှတ်ထားကြပါတယ်။
ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးကော်ဖီဖြစ်နေရခြင်း အကြောင်းကတော့ အရသာကောင်းတဲ့အပြင် အရှားပါးဆုံးဖြစ်နေလို့ပါ။ တစ်နှစ်မှာ ဒီကော်ဖီမှုန့် ၇၀၀ ကီလိုဂရမ်ပဲ ရရှိနိုင်ပါသတဲ့။ ဒီကော်ဖီကို အများဆုံးသောက်သုံးသူတွေကတော့ ဂျပန်တွေဖြစ်ပြီး သူ့နောက်ကတော့ အမေရိကန်တွေဖြစ်ပါတယ်။ ဒီကော်ဖီနာမည်ကြီးရခြင်းမှာ ကျန်းမာရေးကို ကောင်းကျိုးဖြစ်တဲ့အကြောင်းတွေလည်း ပါဝင်ပါတယ်တဲ့။
ဒါတွေကတော့ အသားအရေပျက်စီးခြင်းကို ကာကွယ်တာ ၊ ကင်ဆာကို ဟန့်တားပေးတာ၊ အာရုံကြောအတွက်ကောင်းတာ ၊ ကျောက်တည်တာနဲ့ ဆိုင်တဲ့ရောဂါတွေကိုကောင်းစေတာ ၊ သွားတွေကို ကာကွယ်ပေးတာ နဲ့ ဆီးချိုရောဂါတွေကို ထိမ်းချုပ်ပေးတာ စတာတို့ ဖြစ်ပါတယ်။
ဒါကတော့ ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီတစ်မျိုးဖြစ်တဲ့ Kopi Luwak ရဲ့ အကြောင်းပါ။( ကြောင်ကတိုးကော်ဖီထက် ဈေးကြီးတဲ့ ကော်ဖီကတော့ BLACK IVORY လို့ခေါ်တဲ့ ဆင်ချေးကော်ဖီပါ။ နောက်တစ်ခါကျရင် သူ့အကြောင်းကိုရေးပါဦးမယ် )
VIDEO
ပုံမှန် ကော်ဖီတစ်မျိုးနဲ့ ဈေးနှုန်းခြင်း ယှဉ်ပြထားတာပါ