ရေးသားသူ – သမန်းကျား
ဒေါ်လာကို ဘာဖြစ်လို့ဒေါ်လာလို့ခေါ်တာလဲဆိုတာ တွေးဖူးပါသလား။ ကမ္ဘာ့ငွေကြေးတွေကို နိုင်ငံအလိုက် ခေါ်ဝေါ်ပုံ မတူကြသလို အဲဒီငွေကြေးအခေါ်အဝေါ်တွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ဘာသာစကား အစရှိတာတွေ ရဲ့ သမိုင်းကို လှစ်ဟဖော်ပြနေပါတယ်။
ဒေါ်လာ

ငွေကြေးအတွက် အသုံးအများဆုံးနာမည်ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာတင်မကပါဘူး။ သြစတြေးလျ၊ ကနေဒါ၊ ဖီဂျီ၊ နယူးဇီလန်၊ စင်္ကာပူ နဲ့ အခြားနိုင်ငံအချို့မှာ သူတို့ရဲ့ငွေကြေးကို ဒေါ်လာတပ်ခေါ်ပါတယ်။ ဥပမာ စင်္ကာပူဒေါ်လာ ပေါ့။ ဒေါ်လာရဲ့မူလအရင်းအမြစ်ဟာ ဂျာမန်စကားလုံး “joachimsthal” (ယိုအာခင်စတာလ်) ဖြစ်ပါတယ်။ တစ်ချိန်က ငွေတူးဖော်ခဲ့ကြတဲ့ ယိုအာခင်တောင်ကြားဒေသကို အစွဲပြုပြီးခေါ်တာပါ။ အဲဒီကတူးဖော် ရရှိတဲ့ငွေကို ယိုအာခင်စတာလာ လို့ခေါ်ရာကနေ နောက်ပိုင်း ‘တာလာ’ လို့အတိုကောက်ခေါ်ခဲ့ကြပြီး တဖြည်း ဖြည်းနဲ့ ‘ဒေါ်လာ’ ဖြစ်သွားတာပါ။
ပက်ဆို

စပိန်နိုင်ငံငွေကြေးကို ပက်ဆို(Peso) လို့ခေါ်ပါတယ်။ စပိန်ဘာသာစကားမှာတော့ Peso ဆိုတာ အလေးချိန် လို့ အဓိပ္ပါယ်ရပါတယ်။ တစ်ချိန်က စပိန်နိုင်ငံရဲ့ငွေဒင်္ဂါးပြားကို ပက်ဆိုလို့ခေါ်ရာကနေ နိုင်ငံရဲ့ငွေကြေးအမည်ပါ ပက်ဆိုဖြစ်သွားပြီး စပိန်နိုင်ငံနဲ့အတူ စပိန်လက်အောက်ခံကိုလိုနီနိုင်ငံတွေမှာပါ အသုံးပြုခဲ့ပါတယ်။ အခုအချိန်အထိ ချီလီ၊ ကိုလံဘီယာ၊ ကျူးဘား၊ ဖိလစ်ပိုင် ၊ ဒိုမီနီကန် အစရှိတဲ့နိုင်ငံတွေ နဲ့ အခြားနိုင်ငံများစွာမှာလည်း ငွေကြေးကို ပက်ဆို လို့ခေါ်ပါတယ်။
လီရာ

ငွေကြေးကို အလေးချိန်နဲ့ခေါ်တာ စပိန်၊ ဗြိတိန် တို့အပြင် အီတလီနဲ့ တူရကီတို့လည်း ရှိပါတယ်။ သူတို့က လီရာ (Lira) လို့ ခေါ်တာပါ။ လီရာ ဆိုတာကလည်း လက်တင်စကားလုံး လီဘရာ ကနေ ဆင်းသက်လာပြီး ‘ပေါင်’ လို့ အဓိပ္ပါယ် ရပါတယ်။ တူရကီရဲ့လက်ရှိသုံးစွဲနေတဲ့ငွေကြေးစနစ်ဖြစ်ပါတယ်။
မာ့ခ်

ယူရိုငွေကြေးဆိုတာ မပေါ်ခင်က ဂျာမန်လူမျိုး (ဒူးဝစ် Deutsche ဟုလည်းခေါ်သည်) နဲ့ ဖင်လန်နိုင်ငံသား တွေက သူတို့ရဲ့ငွေကြေးတွေကို မာ့ခ် လို့ သုံးနှုန်းခဲ့ကြပါတယ်။ မာ့ခ်ဆိုတာကလည်း အလေးချိန်ကိုတိုင်းတာတဲ့ ယူနစ်ပါပဲ။ အခုတော့ ယူရိုငွေကြေးကို အစားထုံးအသုံးပြုနေကြပါပြီ။
ရီယယ်

အီရန်ငွေကြေး ရီယယ်(rial) ရဲ့မူလအရင်းအမြစ်ဟာ လက်တင်စကားလုံး regalis ဖြစ်ပြီး တော်ဝင် လို့ အဓိပ္ပါယ်ရပါတယ်။ Regalis ကနေ rial ဖြစ်လာတာပါ။ ကာတာ၊ ဆော်ဒီ၊ ယီမင် အစရှိတဲ့နိုင်ငံတွေမှာလည်း ငွေကြေးကို ရီယယ် လို့ပဲ သုံးပါတယ်။ ယူရိုငွေကြေးမသုံးစွဲမီက စပိန်နိုင်ငံမှာတောင် ရီယယ်ကို သုံးစွဲဖူးပါသေး တယ်။
ရန် (Rand)

တောင်အာဖရိကရန်ငွေဖြစ်ပါတယ်။ တစ်ချိန်က ရွှေထွက်တဲ့ တောင်အာဖရိကမြို့တစ်မျို့ကို ဒတ်ချ်လူမျိုးတွေက ဝစ်ဝေါတားစရန် (Witwatersrand) လို့အမည်ပေးခဲ့ပြီး အဲဒီကထွက်တဲ့ရွှေတွေကို ဆရန် လို့ ခေါ်ရာကနေ ရန် ဖြစ်ပြီး ကျန်ခဲ့တာပါ။

တရုတ်ယွမ် (Yuan) ဂျပန်ယန်း(Yen) နဲ့ ကိုရီးယားဝမ် (Won) အကြောင်း ပြောရမယ်ဆိုရင်တော့ တရုတ်လို ယွမ် ဆိုတာ လုံးဝိုင်းသောဒင်္ဂါးလို့အဓိပ္ပါယ်ရပြီး တစ်ချိန်ကအသုံးပြုခဲ့တဲ့ငွေဒင်္ဂါးတွေကို ခေါ်ဝေါ်ရာကနေ ငွေကြေးအမည် ဖြစ်လာတာပါ။ ဂျပန်ယန်းနဲ့ကိုရီးယားဝမ် တို့ကလည်း သူတို့ဘာသာစကားမှာ ငွေဒင်္ဂါးအဝိုင်း လို့ပဲ အဓိပ္ပါယ်ရ ပါတယ်။
ကရောင်း (Crown)

စကင်ဒီနေးဗီးယားနိုင်ငံအများစုဟာ ငွေကြေးကို ကရောင်း လို့ ခေါ်ကြပါတယ်။ မူလအရင်း အမြစ်က လက်တင်စကားလိုး ကိုရိုနာ ဖြစ်ပါတယ်။ အဓိပ္ပါယ်က သရဖူ ပါ။ ဆွီဒင်မှာ ကရိုနာ၊ နော်ဝေမှာ ကရုန်း၊ အိုက်စလန်မှာ ကရိုးနာ၊ အက်စတိုးနီးယားမှာ ကရွန်း၊ ချက်ရီပတ်ဘလစ်မှာ ကိုရူနာ အစရှိသည်ဖြင့် သုံးစွဲနေ ပါတယ်။
ဒင်နာ (Dinar)

ဂျော်ဒန်၊ အယ်လ်ဂျီးရီးယား၊ ဆားဘီးယား နဲ့ ကူဝိတ် နိုင်ငံတို့မှာ ငွေကြေးကို ဒင်နာ လို့ ခေါ်ပါတယ်။ မူလအရင်းအမြစ်ကတော့ ထုံးစံအတိုင်း လက်တင်စကားလုံး ဒီနားရီယပ် (denarius) ဖြစ်ပြီး ရှေးဟောင်းရောမခေတ်က အသုံးပြုခဲ့တဲ့ ငွေဒင်္ဂါးကို ခေါ်ခဲ့တဲ့အမည် ဖြစ်ပါတယ် ။
ရူပီး (Rupee)

ရူပီး (Rupee) ဆိုတဲ့စကားလုံးဟာ သက္ကတဘာသာစကားမှာ ငွေကိုခေါ်တဲ့ ရူပြား(rupya) ဆိုတဲ့စကားလုံးကနေ ဆင်းသက်လာတာပါ။ အိန္ဒိယ၊ ပါကစ္စတန် ၊ နိပေါ ၊ သီရိလင်္ကာတို့မှာ ရူပီးငွေကိုအသုံးပြုသလို အင်ဒိုနီးရှားမှာလည်း ရူပီးယား (rupiah) ကို အသုံးပြုပါတယ်။
ပေါင်ငွေ (Pound)

ပေါင်ငွေ (Pound)ကို ဗြိတိန်နိုင်ငံက အဓိကသုံးစွဲပါတယ်။ လက်တင်စကားလုံး ပေါင်ဒူးစ် (Poundus) ကနေ ဆင်းသက်လာပြီး အလေးချိန် လို့ အဓိပ္ပါယ်ရပါတယ်။ အီဂျစ်၊ လက်ဘနွန်၊ တောင်ဆူဒန်၊ ဆူဒန် နဲ့ ဆီးရီးယား တို့မှာ ငွေကြေးကို ပေါင် လို့ခေါ်ပါတယ်။
ရူဘယ်(Ruble)

ရူဘယ်(Ruble) ငွေကြေးကို ရုရှားနဲ့ ဘယ်လာရုစ် နိုင်ငံတို့မှာ အသုံးပြုပါတယ်။ အဓိပ္ပါယ်ကတော့ ငွေကို အလေးချိန်တဲ့ ယူနစ် ဖြစ်ပါတယ်။
ပိုလန်နိုင်ငံသုံး Zloty ဆိုတာ ရွှေဖြင့်ပြုလုပ်ထားသော လို့အဓိပ္ပါယ်ရပါတယ်။ ဟန်ဂေရီသုံးငွေ ဖိုရင့်(Forint) ဆိုတာ အီတလီစကားလုံး Fiorino ကနေ ဆင်းသက်ပါတယ်။ ဖလောရင့် (Florence) မြို့မှာအသုံးပြုခဲ့တဲ့ ရွှေဒင်္ဂါး ဖြစ်ပါတယ်။
မလေးရှားရင်းဂစ် (Ringgit)

တစ်ချိန်က ပိုက်ဆံငွေကြေးကို ရွှေ၊ ကြေး အစရှိတဲ့တန်ဖိုးရှိသတ္တုတွေနဲ့ထုတ်လုပ်ခဲ့ကြတော့ မသမာသူတွေက ဒီဒင်္ဂါးတွေကို အသာသွေးပြီး ဒင်္ဂါးအတုတွေ ထုတ်ခဲ့ကြလို့ နောက်ပိုင်းမှာ ဒင်္ဂါးတွေ ရဲ့အနားကို အရစ်လေးတွေ၊ မြောင်းလေးတွေ ဖော်ခဲ့ကြပါတယ်။ ရင်းဂစ်ဆိုတာ အဲဒီအရစ်၊မြောင်း လို့အဓိပ္ပါယ်ရပါတယ်။
နိုင်ငံတကာငွေကြေးအခေါ်အဝေါ်တွေရဲ့ နောက်ခံအကြောင်းတွေကို လေ့လာရေးသားတင်ပြလိုက်ရပါတယ်။
သမန်းကျား
ရတနာပုံနေ့စဉ်သတင်းစာ