ပနားမား တူးမြောင်းသည် ကမ္ဘာပေါ်တွင် လူတို့တူးဖော် လုပ်ကိုင်ခဲ့သည့် တူးမြောင်းများတွင် အကြီးကျယ်ဆုံးဖြစ်၍ အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အောင်မြင်မှုများထဲတွင် အကြီးကျယ်ဆုံး ဖြစ်သည်။ ယင်းတူးမြောင်းကိုေ ဖာက်လုပ်လိုက်ခြင်းဖြင့် ကမ္ဘာတခြမ်းအတွက် ရေကြောင်း သယ်ယူပို့ဆောင်ရေးသည် ပြောင်းလဲသွားခဲ့သည်။
ပနားမား တူးမြောင်းကို မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်တို့အကြားရှိ ပနားမား ကျွန်းဆက်ကို ဖြတ်၍ အတ္တလန္တိတ် သမုဒ္ဒရာကမ်းခြေပေါ်ရှိ ကိုလုံးမြို့နှင့် ပစိဖိတ် သမုဒ္ဒရာကမ်းခြေရှိ ဗဲလဗိုးအာမြို့တို့ကို ဆက်ယွယ် ဖောက်လုပ်ထားရာ ၄၈ မိုင်ရှည်လျားသည်။ တူးမြောင်းသည် အနောက်မြောက်မှ အရှေ့တောင်သို့ သွယ်တန်းလျက် ရှိသည်။
အတ္တလန္တိတ် ကမ်းခြေဖက်တွင် တူးမြောင်းသည် ရှားဂရီးမြစ်ကြောင်းကိုလိုက်၍ ပစိဖိတ် သမုဒ္ဒရာ ကမ်းခြေဖက်တွင် ရီးအိုဂရန်ဒီမြစ်ကြောင်း အတိုင်းလိုက်သွားသည်။ အတ္တလန္တိတ် သမုဒ္ဒရာဖက်မှစ၍ ဝင်လာသော သင်္ဘောတစ်စင်းသည် လီမွန်ပင်လယ်အော် ကမ်းခြေပေါ်တွင် တည်ရှိသော ကိုလုံးမြို့မှစတင်၍ တူးမြောင်းထဲသို့ ဝင်ရသည်။ ထိုမှတဖန် ပေ ၅၀၀ ကျယ်သော တူးမြောင်းတလျှောက် ခရီးဆက်သော် ဂါတွန်းရေတံခါးသို့ ရောက်သည်။ ယင်းရေတံခါးတွင် တူးမြောင်းသည် ပင်လယ်ရေပြင်ထက် ၈၅ ပေမြင့်သည်။ ယင်းအမြင့်သို့ သင်္ဘောရောက်ရှိလေအောင် ရေတံခါးသုံးဆင့်ဖြင့် အဆင့်ဆင့်တက်သွားရသည်။
ထိုမှတစ်ဖန် မီဂယ်ရေတံခါးသို့ ရောက်သည်။ ထိုရေတံခါးသို့ ရောက်လျှင် အဆင့်ဆင့်လျှော့ချပေးသည်။ မီရာ ဖလော်ရီးရေတံခါးသည် သင်္ဘောအား ပစိဖိတ် သမုဒ္ဒရာ ရေပြင်နှင့် တညီတည်းရှိလေအောင် လျှောချပေးသည်။
ပနားမားတူးမြောင်း၏အဝင်နှင့်အထွက်နေရာများတွင် အကန့်အလိုက်ခွဲခြားထားသော ရေထိန်းတံခါး စနစ်ကိုအသုံးပြုထားသည်။ ရေထိန်းတံခါးအတွင်းသို့ သင်္ဘောဝင်ရောက်ပြီးသည့်အခါ ရေများ ဖြည့်သွင်းလိုက်ခြင်းအားဖြင့် သင်္ဘောသည်ပင်လယ်ရေမျက်နှာပြင်အထက်သို့ မြင့်တက်လာသည်။ ရေမျက်နှာပြင်သည်ဂါတွန်ရေကန် (Lake Gatun ) (ပင်လယ်ရေမျက်နှာပြင်အထက်မှ ၂၆ မီတါအမြင့်) နှင့်ညီသွားသည့်အခါ သင်္ဘောသည် တူးမြောင်းတလျှောက် ဆက်လက် မောင်းနှင်သွားသည်။
နာမည်ကြီးရခြင်းမှာ ထိုနေရာ၌ တောင်ကိုဖြတ်ကာ ဖောက်လုပ်ခဲ့ရ၍ တူးမြောင်းဖောက်လုပ်စ စောစောပိုင်းတွင် မြေများပြိုကျသဖြင့် အခက်အခဲများစွာ တွေ့ရသောကြောင့် ဖြစ်သည်။ သင်္ဘောတစ်စင်းသည် တူးမြောင်းကို အစမှအဆုံးထိ ဖြတ်သန်းရန် ၇ နာရီမှ ၈ နာရီအထိ ကြာလေသည်။ တိုက်ကြီး ၂ တိုက်ကို ဆက်စပ်ထားသော ကျွန်းဆက်ကို ဖြတ်၍ ရေလမ်းတစ်ခု ဖောက်လုပ်ရန် နှစ်ပေါင်းများစွာကပင် စိတ်ကူးကြံဆခဲ့ကြသော်လည်း အကောင်အထည် မပေါ်ခဲ့ပေ။ ၁၆ ရာစုနှစ်အတွင်းက စပိန်ပြည့်ရှင် ဖာဒီနန်သည် ပနားမားကျွန်းဆက်ကို ဖြတ်၍ တူးမြောင်းဖောက်ရန် စိတ်ကူးရခဲ့သူ ဖြစ်သည်။
ဖာဒီနန်၏ အရိုက်အရာကို ဆက်ခံသူ ဖိလစ်သည် နီကာရာဂွာကို ဖြတ်၍ တူးမြောင်းဖောက်ရန် စိတ်ကူးထုတ်ခဲ့သည်။ ၁၅၂၅ ခုနှစ်တွင် အမေရိကန်အစိုးရသည် ယင်းစိတ်ကူးကို စီမံကိန်းတစ်ခုရေးဆွဲ၍ စဉ်းစားခဲ့သည်။ သို့သော် အကောင်အထည် မပေါ်ခဲ့ပေ။ ထိုနောက် ဟော်လန်နိုင်ငံနှင့် ဂရိတ်ဗြိတိန်တို့သည်လည်း စဉ်းစားကြပြန်သည်။ သို့သော် မတတ်နိုင်၍ လက်လွှတ်ခဲ့ကြရသည်။ ကုမ္ပဏီတစ်ခုက စမ်းသပ် ဖောက်လုပ်ကြည့်သေးသော်လည်း ဒေါ်လာ ၂ သန်းကုန်ပြီးနောက် လက်လျှော့ရပြန်သည်။
၁၈၆၉ ခုနှစ်တွင် ဆူးအက် တူးမြောင်းကို တူးဖော်ပြီးစီး အောင်မြင်ပြီးသည့်နောက်တွင် ပြင်သစ်တို့သည် ဆူးအက် တူးမြောင်းကို ကြီးကြပ်တူးဖော်ခဲ့သူ ပြင်သစ်အင်ဂျင်နီယာ ဖာဒီနန် ဒလက်ဆက်အား ဦးစီးစေ ပနားမားတွင် တူးမြောင်းဖောက်ရန် စီစဉ်ခဲ့သည်။ ၁၈၈၁ ခုနှစ်တွင် လုပ်ငန်းစတင်ခဲ့သော်လည်း နောက်တစ်နှစ်တွင် ပိတ်လိုက်ရသည်။ လုပ်ငန်းရပ်ပစ်ရခြင်း၏ အကြောင်းရင်းများမှာ တူးမြောင်းတူးဖော်ရေးကို အားပေးသူများထဲမှပင် မရိုးဖြောင့်မှုကြောင့် ငွေကြေးပစ္စည်း အယိုအဖိတ်များ၍ ကုမ္ပဏီမှာ ကြွေးတင်နေခြင်း၊ စရိတ်ကုန် လူပင်ပန်း ဆင်းရဲသလောက် လုပ်ငန်းမတွင်ကျယ်ခြင်း၊ ထို့အပြင် ထိုဒေသသည် ရွှံ့ညွန်ချုံနွယ် ပိတ်ပေါင်းတို့ ထူထပ်၍ စိုစွတ်ထိုင်းမှိုင်းသဖြင့် အပူပိုင်းဇုန်တွင် ဖြစ်ပွားတတ်သည့် ကြောက်မက်ဖွယ် ငှက်ဖျားရောဂါ၊ အဝါဖျားရောဂါတို့ကြောင့် နေ့ချင်းညချင်း ကြောက်ခမန်းလိလိ တူးမြောင်းအလုပ်သမားများ ထောင်သောင်းချီ သေကြေပျက်စီးခြင်း တို့ကြောင့်ဖြစ်သည်။
ထို့နောက်တွင်တူးမြောင်း project ကို ၁၉၀၄ခုနှစ်တွင် အမေရိကန်မှတာဝန်ယူပြီး ဆက်လက်ဖောက်လုပ်ခဲ့သည်။ ပနားမားတူးမြောင်းသည် အခြားတူးမြောင်းများကဲ့သို့ မြေပြင်ကိုတစ်ဆက်တည်း တူူးဖောက်ဖောက်လုပ်ထားခြင်းမဟုတ်ပဲ မူလကတည်းကရှိပြီးဖြစ်သည့် ရေကန်ကြီးများကို ဆက်လက်ဖောက်ကာတူးဖော်ရခြင်း များလည်းပါဝင်သည်။ အင်ဂျင်နီယာချုပ် John Findlay Wallace က ဦးဆောင်ဖောက်လုပ်ခဲ့တာဖြစ်ပြီး ၁၀နှစ်အကြာ၁၉၁၄ခုနှစ် George Washington Goethals ကိုင်တွယ်ခဲ့ချိန်တွင်ပြီးဆုံးအောင်မြင်ခဲ့သည်။ ၁၉၁၄ခုနှစ် သြဂုတ်လ ၁၅ရက်နေ့တွင် ပနားမားတူးမြောင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ကုန်ကျစရိတ်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါးကုန်ကျခဲ့သည်။
တူးမြောင်းဖောက်လုပ်စဉ်အတောအတွင်း တူးမြောင်းပိုင်နက်တစ်ခုလုံးကို ကိုလံဘီယာ ၊ ပြင်သစ် နှင့် အမေရိကန်တို့က ထိန်းချုပ်ခဲ့သည်။ ထို့နောက် ၁၉၇၇ခုနှစ်တိုင်အောင် အမေရိကန်က ထိန်းချုပ်ခဲ့ပြီး ၁၉၉၉ခုနှစ်တွင်မှ ပနားမားအစိုးရလက်အောက်သို့ လွှဲပြောင်းပေးခဲ့လေသည်။ အင်ဂျင်နီယာသမိုင်းတွင် တည်ဆောက်မှုအခက်ခဲဆုံး စံချိန်တင်ခဲ့ပြီး American Society of Civil Engineers အဖွဲ့အစည်း၏ ခေတ်သစ်ကမ္ဘာ့အံဖွယ်ခုနှစ်ခု စာရင်းတွင် နံပါတ် ၇ ဖြစ်လာခဲ့သည်။
(အမေရိကန် အင်ဂျင်နီယာအသင်း၏ အင်ဂျင်နီယာဆိုင်ရာ ခေတ်သစ်ကမ္ဘာ့အံဖွယ်ခုနှစ်ခုမှာ ချန်နယ်ဥမင်လှိုဏ်ခေါင်း ၊ စီအန်တာဝါ ၊ အင်ပါယာစတိတ်အဆောက်အအုံ ၊ Itaipu ဆည် ၊ Delta Works နှင့် ပနားမားတူးမြောင်း တို့ဖြစ်ကြသည်။)
စတင်ဖွင့်လှစ်ခဲ့သည် ၁၉၁၄ခုနှစ်တွင် သင်္ဘောပေါင်း ၁၀၀၀ ခန့်ကို တူးမြောင်းအတွင်း ဖြတ်သန်းစေနိုင်ခဲ့သည်။ ယခုအခါမှာ တူးမြောင်းကနေ တစ်နှစ်ကို သင်္ဘောစီးရေ ၁၅၀၀၀ကျော် ဖြတ်သန်းနေပြီး ပနားမားနိုင်ငံသည် တူးမြောင်း ဖြတ်သန်းခ နှစ်စဉ် ၄ ဘီလီယံဒေါ်လာကျော် ကို ရရှိနေပါသည်။
(ပနားမားတူးမြောင်းသစ်ကို ၂၀၁၆ခုနှစ်တွင် ထပ်မံတည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်သည်)
ပနားမားတူးမြောင်းတွင် သင်္ဘောများ ဘယ်လို အဆင့်ဆင့်သွားသလဲ ဆိုတာကို အောက်ပါ ဗီဒီယိုဖိုင်မှာ ကြည့်ရှု့နိုင်ပါတယ်။