ကမ္ဘာပေါ်က လူအားလုံးနီးပါးဟာ အကြေစေ့တွေ ငွေစက္ကူတွေကို သတ္တု ၊ စက္ကူ ၊ ပလတ်စတစ် တို့ပြုလုပ်ပြီးသုံးကြပါတယ်။ ဒါပေမယ့် ကျွန်းငယ်လေးတစ်ကျွန်းဖြစ်တဲ့ Micronesian မှာနေထိုင်တဲ့ Yap လူမျိုးတွေကတော့ တမျိုးတဖုံ ထူးခြားပါတယ်။ Micronesian ကျွန်းက Yap လူမျိုးတွေရဲ့အကြောင်းကို သိရှိသူနည်းမယ်ထင်ပါတယ်။
Micronesian ကျွန်းဆိုတာ ပစိဖိတ်သမုဒ္ဒရာထဲက မာရှယ်ကျွန်းစုမှာပါတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဒီကျွန်းမှာနေထိုင်တဲ့ လူမျိုးတွေရဲ့ထူးခြားချက်ကတော့ သူတို့ပိုက်ဆံအဖြစ် အသုံးပြုတဲ့အရာဟာ အလွန်ကြီးမားလေးလံတဲ့ ထုံးကျောက်ပြားကြီးတွေ ကို သုံးစွဲခဲ့ခြင်းပါ။ ဒီလို ကျောက်ပြားကြီးတွေကို ငွေကြေးအဖြစ် သုံးစွဲလာခဲ့တာ လွန်ခဲ့သောနှစ်ရာပေါင်းများစွာကနေ ယနေ့တိုင်သုံးစွဲနေကြသေးပါတယ်။
ယနေ့ Micronesian ကျွန်းမှာ ပစ္စည်းပစ္စယတွေဝယ်ဖို့အတွက် အမေရိကန်ဒေါ်လာကို သူတို့ရဲ့တရားဝင်ငွေကြေးအဖြစ်သုံးပါတယ်။ ဒါပေမယ့် ကျောက်ပြားကြီးတွေကိုတော့ ရွှေထက်တောင်တန်ဖိုးထားပြီး လက်ထပ်ပွဲတွေ ၊ ကလေးမွေးနေ့ပွဲတွေ နဲ့ ရွာအချင်းချင်း ပြဿနာတက်လို့ဖြေရှင်းတဲ့အခါတွေမှာ သုံးကြပါတယ်။ ဒီကျွန်းပေါ်မှာ ဒီလိုကျောက်ပြားကြီး တွေဟာ နေရာအနှံ့မှာရှိနေတတ်ပါတယ်။
ဟိုတယ်အပြင်ဘက်တွေမှာ ၊ သစ်တောတွေထဲမှာပါတွေ့ရပေမယ့် အများဆုံးရှိတဲ့နေရာကတော့ ကျေးရွာတိုင်းရဲ့ ကျောက်တုံးဘဏ်လို့သတ်မှတ်ထားတဲ့နေရာတွေမှာ ဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် စုစုပေါင်း ကျောက်ပြားကြီးပေါင်း ၁၃၀၀၀ ခန့်ရှိနေပါတယ်။ ဒီအထဲက တန်ဖိုးကြီးဆုံးကျောက်ပြားကတော့ အချင်း ၁၁ပေခွဲ ရှိတဲ့ကျောက်ပြားကြီးပဲ ဖြစ်ပါတယ်။

ဒီကျောက်ပြားကြီးတွေရဲ့ သမိုင်းအစကိုတော့ ဘယ်သူမှသိရှိခြင်း မရှိပါဘူး။ ဒါပေမယ့် အစပထမတုန်းကတော့ ကျောက်ပြားကြီးတွေကို ဝေလငါးပုံစံထွင်းထုပြီး လက်ဆောင်ပေးရာကနေ ၊ နောက်ပိုင်းမှာ အဝိုင်းအဖြစ်ပုံစံပြောင်းပြီး ငွေကြေးအဖြစ်သုံးစွဲခဲ့ကြတယ်လို့ ဒေသခံတွေ က ဆိုပါတယ်။ ဒီကျောက်ပြားကြီးတွေကိုတော့ ‘Rai’ လို့ခေါ်ပါတယ်။
ဒီထုံးကျောက်ပြားကြီးတွေကို ဘယ်လောက် ဘယ်ပမာဏ ငွေကြေးသတ်မှတ်ပြီး သုံးစွဲတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် အော်ရီဂွန်တက္ကသိုလ်က သုတေသနပညာရှင် ဒေါက်တာ Scott Fitzpatrick ရဲ့ပြောကြားချက်အရဆိုရင်တော့ ပစ္စည်းတွေကို ဒီကျောက်ပြားကြီးတွေနဲ့ ဝယ်ယူလို့ရပါတယ်။ သယ်ယူတဲ့အခါမှာတော့ အဝိုင်းပုံကျောက်ပြားရဲ့အလယ်မှာ သစ်သားချောင်းတစ်ချောင်းကို ထိုးပြီးသယ်ယူပါသတဲ့။
ဒါပေမယ့် တချို့အလွန်ကြီးမားတဲ့ကျောက်ပြားကြီးတွေကိုတော့ သယ်ယူဖို့အလွန်ခက်ပါတယ်။ ဒီလိုအခါမျိုးမှာဆိုရင်တော့ မသယ်တော့ပဲ ပိုင်ရှင်အမည်ကိုသာ ပြောင်းလဲမှတ်သားရပါတယ်။ ကျောက်တုံးတစ်တုံးချင်းစီမှာ သူတို့ရဲ့ပိုင်ဆိုင်မှု တရားဝင်မှတ်တမ်းတွေရှိပါတယ်။တခါတုန်းက သင်္ဘောသားတစ်ယောက်ယူလာတဲ့ ကျောက်ပြားကြီးတစ်ခုကို ကျွန်းသားတွေရယူဖို့ကြိုးစားရာကနေ လူပေါင်းများစွာသေဆုံးခဲ့ဖူးတဲ့ အဖြစ်တွေရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။
၁၈၀၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ဂျာမန် နဲ့ အမေရိကန်သင်္ဘောသားတွေဟာ ဒီကျွန်းကိုရောက်ရှိလာခဲ့ပြီး ကျွန်းသားတွေကို ကူညီခဲ့ပါတယ်။ ကျွန်းသားများရဲ့လှေတွေနေရာမှာ သင်္ဘောတွေအစားထိုးဖို့နဲ့ ကျောက်လက်နက်ကိရိယာတွေနေရာမှာ ပိုကောင်းတဲ့သတ္တုနဲ့ပြုလုပ်ထားတဲ့လက်နက်ကိရိယာတွေကို အစားထိုးဖို့ပါ။ ဂျာမန် တွေ အမေရိကန်တွေနဲ့ ပတ်သတ်ပြီးတဲ့နောက်မှာ ကျောက်ပြားကြီးတွေကို ငွေကြေးအဖြစ်သုံးစွဲမှုဟာလည်း တဖြည်းဖြည်းပပျောက်လာခဲ့ပြီး ကျောက်ပြားနေရာမှာ ဒေါ်လာတွေက ဝင်ရောက်လာပါတော့တယ်။
ဒါပေမယ့် သမိုင်းနဲ့ ဆိုင်တဲ့ ဒီကျောက်ပြားကြီးတွေကြောင့် Micronesian ကျွန်းငယ်လေးဟာ ၂၀၁၇ခုနှစ်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတာကတော့ ကျွန်းသူကျွန်းသားတွေအတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတော့တယ်။
VIDEO