ကမ္ဘာပေါ်မှာ အမြင့်ဆုံးမြို့တော် လို့ ဆိုလိုက်ရင် အများစုအနေနဲ့ ဘူတန်နိုင်ငံရဲ့မြို့တော်လို့ ထင်တတ်ကြပေမယ့် တကယ်တမ်းမှာတော့ ဘူတန်မြို့တော်သင်ဖူဟာ နံပါတ် ၅ နေရာမှာသာ ရှိပါတယ်။ ဘိုလီဗီးယား ၊ အီကွေဒေါ ၊ ကိုလံဘီယာ နဲ့ အီသီယိုးပီးယားနိုင်ငံတွေရဲ့ မြို့တော်တွေက သင်ဖူထက် ပိုမြင့်တဲ့နေရာမှာ ရပ်တည်နေလို့ပါ။ ဒီအထဲမှာ ကမ္ဘာ့အမြင့်ဆုံးမြို့တော်ကတော့ လာပါ့ဇ် ဖြစ်ပါတယ်။
La Paz လာပါ့ဇ် ဆိုတာကတော့ တောင်အမေရိကတိုက် ဘိုလီးဗီးယားနိုင်ငံရဲ့မြို့တော် ၂ခုရှိတဲ့အနက်က စီမံခန့်ခွဲမှု နဲ့ ဥပဒေပြု မြို့တော်ဖြစ်ပါတယ်။ နာမည်အပြည့်အစုံကတော့ Nuestra Señora de La Paz ဖြစ်ပြီး အဓိပ္ပါယ်ကတော့ ငြိမ်းချမ်းရေးသမီးပျိုလို့ ဆိုပါတယ်။ တည်ရှိရာနေရာကတော့ ဘိုလီဗီးယားနိုင်ငံအနောက်အလယ်ပိုင်းဒေသက Choqueyapu မြစ်ကြောင့်ဖြစ်ပေါ်လာတဲ့ ချောက်ကမ်းပါးနက်အတွင်းမှာဖြစ်ပြီး အလွန်မြင့်မားတဲ့ Altiplano တောင်တန်းတွေဝိုင်းပတ်တည်ရှိနေပါတယ်။
(၂၀၁၉)ခုနှစ် စာရင်းအရ လာပါ့ဇ်မြို့တော်ရဲ့လူဦးရေဟာ (၈)သိန်းအထိရှိနေပြီး ဘိုလီဗီးယားနိုင်ငံအတွင်းမှာတော့ Santa Cruz နဲ့ El Altoမြို့တော်တွေပြီးရင်တော့ တတိယမြောက်လူဦးရေအများဆုံးမြို့တော်ကြီးအဖြစ်ရပ်တည်နေပါတယ်။ လာပါ့ဇ်မြို့တော်ရဲ့ အကျယ်အဝန်းကတော့ ၁၈၂ စတုရန်းမိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၁၀၆၅၀) နဲ့ (၁၃၂၅၀)အကြားမှာ တည်ရှိနေတာကြောင့် ကမ္ဘာ့အမြင့်ဆုံးသောမြို့တော်အဖြစ် သတ်မှတ်ခံထားရပါတယ်။
လာပါ့ဇ်မြို့တော်ကိုတော့ (၁၅၄၈)ခုနှစ်၊ အောက်တိုဘာ(၂၀)ရက်နေ့က စပိန်လူမျိုးနယ်မြေသစ်ရှာဖွေသူ ကပ္ပတိန် အလွန်ဆို မန်ဒိုဆာ က ယခင်အင်ကာလူမျိုးတွေအခြေချနေထိုင်ခဲ့တဲ့ Laja အရပ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ မြို့တော်ရဲ့မူရင်းနာမည်ဖြစ်တဲ့ Nuestra Senora de la Paz ဆိုတဲ့ အမည်ကိုတော့ ယင်းအချိန်က ပထမဆုံးသော ပီရူးဘုရင်ခံနယ်မြေအဖြစ်ရှိနေချိန်မှာ ပုန်ကန်ထကြွမှုတွေပြုလုပ်ခဲ့တဲ့ ဂွန်ဇာလို ပစ်ဇာရိုနဲ့နောက်လိုက်တွေကိုအောင်နိုင်တဲ့အထိမ်းအမှတ်အနေနဲ့ ပီရူးတွေကအမည်ပေးခဲ့တာဖြစ်ပါတယ်။
la Paz ဟာစပိန်တွေရဲ့ကိုလိုနီနယ်မြေအဖြစ်ရှိစဉ်(ဘိုလီဗီးယားလွတ်လပ်ရေးမရခင်အချိန်ထိ) မှာ the Viceroyalty of the Rio de la Plata နယ်မြေအတွင်း ထည့်သွင်းအုပ်ချုပ်ခံခဲ့ရပါတယ်။ လာပါ့ဇ်မြို့တော်ကိုစတင်တည်ထောင်ချိန်ကာလကတည်းက များစွာသော ဆူပူတိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။ (၁၇၅၈)ခုနှစ်ကာလကဆိုရင် ဘိုလီဗီးယားမူလလူမျိုးစု Aymara တွေရဲ့ခေါင်းဆောင်ဖြစ်တဲ့ Tupac Katari ဟာ လာပါ့ဇ်မြို့တော်ကိုစစ်မြေပြင်တစ်ခုအဖြစ်(၆)လလောက်ဖန်တီးခဲ့ကာ နောက်ဆုံးမှာတော့ အရှုံးနဲ့သာရင်ဆိုင်ခဲ့ရပါတယ်။
(၁၈၀၉)ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့မှာတော့ ဘိုလီဗီးယားမျိုးချစ်တော်လှန်ရေးသမား ပက်ဒရိုဒို မင်ဂိုမူရီယိုရဲ့စပိန်တွေအပေါ်တော်လှန်တိုက်ခိုက်မှုဟာ လာပါ့ဇ်မြို့တော်မှာပဲစတင်ခဲ့ပါတယ်။ ပီဒရိုရဲ့တော်လှန်ရေးကိုတော့ အမေရိကတိုက်သားတွေရဲ့ ကျူးကျော်သူစပိန်တွေအပေါ် ပထမဆုံးသောတိုက်ခိုက်မှုစတင်ခဲ့တဲ့ဖြစ်ရပ်အဖြစ်လူသိများပြီး (၁၈၂၁)ခုနှစ်ရောက်ချိန်မှာတော့ တောင်အမေရိကနိုင်ငံတွေဟာ စပိန်တွေလက်ထဲကနေ လွတ်လပ်ရေးစတင်ရရှိခဲ့ကြပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း (၁၈၉၈)ခုနှစ်မှာတော့ လာပါ့ဇ်မြို့တော်ဟာ ဘိုလီဗီးယားအစိုးရရဲ့ ရုံးစိုက်ရာနဲ့ ဗဟိုတရားရုံးတည်ရှိရာမြို့တော်ဖြစ်လာခဲ့ပါတယ်။ (၁၉၆၀)အလယ်ပိုင်းကာလမှာဆိုရင် ကမ္ဘာကျော် တော်လှန်ရေးသမား ချီဂွေဗားရားဆိုရင်လည်း ဘိုလီဗီးယားနိုင်ငံတွင်းမှာ တော်လှန်ရေးတစ်ခုဖော်ဆောင်ဖို့ကြိုးပမ်းနေစဉ်မှာပဲ ဘိုလီဗီးယားစစ်သည်တွေလက်ချက်နဲ့(၁၉၆၇)ခုနှစ် အောက်တိုဘာ(၉)ရက်နေ့မှာ ကြွေလွင့် သွားခဲ့ရပါတယ်။
ယနေ့အချိန်မှာတော့ လာပါ့ဇ်မြို့တော်ဟာလက်တင်အမေရိကတိုက်ရဲ့ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များစွာတည်ရှိရာနေရာအဖြစ်သာမက ကိုလိုနီခေတ်ဟောင်းအဆောက်အအုံအများဆုံးတည်ရှိရာနေရာအဖြစ်လည်းလူသိများထင်ရှားပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်မားတဲ့နေရာမှာတည်ရှိနေခြင်းနဲ့အတူ လာပါ့ဇ်မြို့တော်ဟာ ပုံမှန်မဟုတ်တဲ့ အပူပိုင်းမိုးသစ်တော ရာသီဥတုကိုပိုင်ဆိုင်ထားပြီး နွေရာသီမှာ မိုးများတတ်သလို ၊ ဆောင်းရာသီမှာ ခြောက်သွေ့နေလေ့ ရှိတတ်ပါတယ်။
မြို့တော်ရဲ့အလယ်ခေါင်မှာတည်ရှိနေတဲ့ Plaza Murillo ဟာဆိုရင်မြို့တော်ရဲ့အမှတ်အသားနေရာတစ်ခုအဖြစ်သာမက ဘိုလီဗီးယားနိုင်ငံရဲ့နိုင်ငံရေးဆိုင်ရာအရေးပါတဲ့ပြယုဂ်အဖြစ်ရပ်တည်နေပါတယ်။ ယင်းဧရိယာအတွင်းမှာတော့ သမ္မတနန်းတော်၊ ပြည်သူ့လွှတ်တော်နဲ့ La Paz Cathedral လို နိုင်ငံရဲ့အထင်ကရအဆောက်အအုံတွေပါဝင်နေတာကိုလည်း တွေ့ရပါတယ်။
Plaza Murillo ဧရိယာအတွင်းပါဝင်နေတဲ့ Le Paz Cathedral ကိုတော့ Cathedral Basilica of Our lady of Peace လို့သိကြပြီး (၁၈၃၅)ခုနှစ်ကာလက Baroque ပုံရိပ်တွေပါဝင်နေတဲ့ neoclassical ဗိသုကာလက်ရာဒီဇိုင်းပုံနဲ့တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့အတွင်းပိုင်းမှာတော့ ကွဲပြားတဲ့အလွှာ(၅)လွှာအထိ ပါဝင်နေတာပြီး (၁၉၈၉)ခုနှစ်ရောက်ချိန်မှာတော့ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ် အလည်အပတ်ခရီးရောက်ရှိလာခြင်းနဲ့အတူ ဘုရားကျောင်းရဲ့မျှော်စင်(၂)ခုကို ဖွင့်လှစ်ခဲ့ပါတယ်။
Witches ‘ Market ကိုတော့ El Mercado de las Brujas နဲ့ la Hechiceri လို့လူသိများကြပြီး လာပါ့ဇ်မြို့တော်ရဲ့ဆယ်ရိုကွန်ဘရီ တောင်ကုန်းဒေသမှာတည်ရှိနေကာ နိုင်ငံခြားဧည့်သည် လာရောက်လည်ပတ်မှု အများဆုံးနေရာတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ Witches ‘ Market အတွင်းမှာတော့ ဘိုလီဗီးယားနိုင်ငံအတွင်းက ဆေးဘက်ဆိုင်ရာအသုံးဝင်တဲ့ retamaနဲ့ armadillos ပင်တွေ၊ ဆေးရည်ဆေးမြစ်တွေနဲ့ တိုင်းရင်းဆေး သတ္တဝါခန္ဓာ အစိတ်အပိုင်းတွေအထိ ရောင်းချလေ့ရှိပါတယ်။
လာပါ့ဇ်မြို့လယ်ခေါင်ကနေဆိုရင် (၁၀)ကီလိုမီတာအကွာအဝေးမှာတည်ရှိတဲ့ Valle de la luna (ဒေသအခေါ်လရောင်တောင်ကြား)ဟာလည်း မြို့တော်ရဲ့လာရောက်လည်ပတ်သူအများဆုံးနေရာမှာ ပါဝင်နေပါတယ်။ ယင်းနေရာမှာတော့ ကျောက်သားတွေအစား ရွံမြေနဲ့ဖွဲ့စည်းထားတဲ့ တိုက်စားမှုဒဏ်ကြောင့် ပြတ်တောက်နေတဲ့ တောင်အပိုင်းများစွာကို အံ့သြဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်။
လာပါ့ဇ်မြို့တော်မှာတည်ရှိတဲ့ San Pedro အကျဉ်းထောင်ကြီးဟာဆိုရင်လည်းမြို့တော်ရဲ့အကြီးမားဆုံးသောအကျဉ်းထောင်ကြီးဖြစ်ပြီး အတွင်းပိုင်းမှာတော့ အကျဉ်းသားတွေအတွက်လုပ်ငန်းရုံအသီးသီးဖန်တီးပေးထားတဲ့အပြင် ယင်းမှာရှိတဲ့အဆောက်အအုံတွေအတွင်းမှာပဲ မိသားစုနဲ့ မကြာခဏ အတူနေထိုင်ခွင့်ပေးထားပါတယ်။ အကျဉ်းထောင်အတွင်းကနေပြင်ပကို ကိုကင်း ရောင်းချခြင်းတွေနဲ့အတူ San Pedro အကျဉ်းသားတွေဟာဝင်ငွေအများအပြားရရှိလေ့ရှိသလို အကျဉ်းထောင်အတွင်းဇိမ်ခံနည်းမျိုးစုံကို ခံစားခွင့်ရှိနေပါတယ်။ အကျဉ်းထောင်အတွင်းမှာတော့ အကျဉ်းသားပေါင်း (၁၅၀၀)လောက်အကျဉ်း ကျခံနေပြီး ပြင်ပက လာရောက်သူတွေအတွက် အကျဉ်းထောင်တွင်း ဟိုတယ်တွေကို ဖွင့်ပေးထားတာကတော့ အံသြစရာပါပဲ။ ဒီအချက်တွေကြောင့် ဒီအကျဉ်းထောင်ကို အရူးသွပ်ဆုံးအကျဉ်းထောင်လို့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။
Coca ပြတိုက်ဟာလည်း လာပါ့ဇ်မြို့တော်အတွင်းတည်ရှိနေပြီး ဘိုလီဗီးယားနိုင်ငံ အန်ဒီယန်း ဒေသမှက ကိုလာပင်တွေရဲ့သမိုင်းကြောင်းနဲ့ ကိုကင်းအပင်တွေရဲ့သဘာဝကိုအသေးစိတ်ပြသထားပါတယ်။
လာပါ့ဇ်မြို့တော်ရဲ့စိတ်ဝင်စားစရာအချက်အလက်ကတော့ ယင်းမြို့တော်မှာရှိတဲ့ ဂေါက်ကလပ်၊ ဘောလုံးကွင်းနဲ့ velodrome(စက်ဘီးစီးပြိုင်ပွဲကွင်း)တွေဟာဆိုရင် ကမ္ဘာအမြင့်ဆုံးသောနေရာမှာရှိတဲ့ ကွင်းတွေအဖြစ်မှတ်တမ်းဝင်ထားပါတယ်။ ဒါအပြင် ကမ္ဘာအကြီးဆုံးကေဘယ်ကား ကွန်ယက် တည်ရှိရာမြို့အဖြစ်လည်း La Paz ဟာမှတ်တမ်းဝင်ထားပါသေးတယ်။
တောင်အမေရိကတိုက်မှာတော့ လာပါ့ဇ်မြို့တော်ဟာ ပထမဆုံးသောလျှပ်စစ်ဓာတ်အားရရှိတဲ့မြို့အဖြစ်ရှိနေပြီး လိုအပ်တဲ့ဓာတ်အားကိုတော့ လာမာကုလားအုတ်တွေရဲ့ မစင်ကနေ ထုတ်လုပ်ရရှိနေတာ ဖြစ်ပါတယ်။
လာပါ့ဇ် မှာတည်ရှိတဲ့ ပြည်သူလွှတ်တော်အဆောက်အအုံအတွင်းက နာရီဟာ အနောက်ကိုသာပြန်လည်ပြသလေ့ရှိပြီး နိုင်ငံသားတွေကို မတူကွဲပြားစွာ တွေးခေါ်မှုတွေပြုလုပ်နိုင်ဖို့အတွက် ရည်ရွယ်ထားတာလို့ သိရပါတယ်။ လာပါ့ဇ်မြို့တော်ဟာ ဘက်ဘနွန်မြို့တော် ဘေရွတ် ၊ ကာတာမြို့တော်ဒိုဟာ ၊ တောင်အာဖရိကမြို့တော် ဒါဘန် ၊ ကျူးဘားမြို့တော် ဟာဗားနား ၊ မလေးရှားမြို့တော် ကွာလမ်လမ်ပူ နဲ့ ဖိလစ်ပိုင် ဗီဂန် မြို့တွေနဲ့အတူ ၂၀၀၅ ခုနှစ် အံ့ဖွယ် ၇ မြို့စာရင်းဝင်ခဲ့ပါတယ်။