အိန်ဂျယ်လ်ရေတံခွန် ( Angel Falls) သည် ဗင်နီဇွဲလားနိုင်ငံ Bolívar ပြည်နယ်၊ Gran Sabana ဒေသအတွင်းရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်သော Canaima National Park အတွင်းရှိ Auyantepuiတောင်ပေါ်မှ စီးဆင်းနေသောရေတံခွန်ဖြစ်သည်။ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် ဖြစ်ပြီး စုစုပေါင်းအမြင့်မှာ ၉၂၉ မီတာ (၃၂၁၂ ပေ) ရှိသည်။
အထက်တွင် ဖော်ပြခဲ့သော ၉၂၉ မီတာ (၃၂၁၂ ပေ) တွင် ရေတံခွန်၏ အဓိက ရေစတင်စီးဆင်းရာမှ အောက်သို့ အမြင့်၊ နိမ့်ဆင်းသွားသော ရေတံခွန်ငယ်၏ အမြင့် ၄၀၀ မီတာ (ဝ.၂၅ မိုင်) ခန့်နှင့် ရေတံခွန်၏အောက် စမ်းချောင်းအဖြစ် စီးဆင်းသွားသော အမြင့် ၃၀ မီတာ (၉၈ ပေ) တို့ကိုပါ ထည့်သွင်းထားခြင်း ဖြစ်သည်။ ရေများသည် Rio Kerepacupai မြစ်ဆုံတစ်လျောက် စီးဆင်းကြပြီး Carrao River မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော Churun River အတွင်းသို့ စီးဝင်သည်။ ရေတံခွန်အောက်ခြေအကျယ်မှာမူ ၁၅၀မီတာခန့်ရှိသည်။
၂၀ ရာစုအလယ်ပိုင်းကတည်းက အိန်ဂျယ်လ်ရေတံခွန်ဟု လူသိများခဲ့သည်။ ၎င်းမှာ ဂျင်မီအိန်ဂျယ်လ်(Jimmie Angel) ကိုအစွဲပြု၍ ပေးထားခြင်းဖြစ်သည်။ Jimmie Angel သည် အမေရိကန် လေယာဉ်မှူးတစ်ဦးလည်းဖြစ်သည်။ ရေတံခွန်များအထက်တွင် ပျံသန်းသော ပထမဆုံးသူလည်း ဖြစ်သည်။ ၁၉၆၀ ခုနှစ်၊ ဇူလိုင်လ၊ ၂ ရက်နေ့တွင် သူ၏ အရိုးပြာများကို ရေတံခွန်ထဲသို့ ကြဲဖြန့်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် သမ္မတဖြစ်သူ Hugo Chávez က အမည်ကို မူလတိုင်းရင်းသားဘာသာစကားဖြစ်သော Pemon ဝေါဟာရ (“Kerepakupai Vená”, အဓိပ္ပါယ် – အနက်ဆုံးသော ရေတံခွန်) သို့ ပြောင်းလဲ ခေါ်ဆိုစေခဲ့သည်။ ထိုအမည်သည် နိုင်ငံ၏ အထင်ရှားဆုံးအမှတ်အသား တိုင်းရင်းသားအမည်တစ်ခု ဖြစ်ခဲ့သော်လည်း တစ်ကမ္ဘာလုံးကမှု အိန်ဂျယ်လ်ရေတံခွန်ဟု ခေါ်ဆဲခေါ်မြဲဖြစ်သည်။
Sir Walter Raleigh သည် သူ၏ ရှာဖွေစူးစမ်းမှုတွင် ထင်ရှားသော ရွှေမြို့တော် El Dorado ကို ရှာဖွေသည်။ ဤအချက်များသည် ယုတ္တိမတန်သော်လည်း သူ့ကို ပထမဆုံးသော အိန်ဂျယ်လ်ရေတံခွန်ကို ရှာဖွေတွေ့ရှိသူအဖြစ် သတ်မှတ်ခဲ့သည်။ အချို့သော သမိုင်းပညာရှင်များက ရေတံခွန်သို့ ပထမဆုံး ရောက်ခဲ့သူမှာ စပိန်လူမျိုးလေ့လာစုံစမ်းသူ နှင့် ၁၆ ရာစု နှင့် ၁၇ ရာစုများမှ ဘုရင်ခံ Fernando de Berrío ဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။ အခြားသော အရင်းအမြစ်များကမူ ရေတံခွန်ကို တွေ့ခဲ့သော ပထမဆုံး အနောက်တိုင်းသား Fèlix Cardona သည် ၁၉၂၇ ခုနှစ်တွင် တွေ့ရှိခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။
၁၉၃၇ ခုနှစ်၊ အောက်တိုဘာလ၊ ၉ ရက်နေ့တွင် ဂျင်မီအိန်ဂျယ်လ်သည် သူ၏လေယာဉ် Flamingo monoplane ဖြင့် Auyan-tepui တောင်ပေါ်တွင် ဆင်းသက်ရန် ကြိုးစားခဲ့သည်။ သို့သော် လေယာဉ်ပျံဘီးသည် မြေကြီးထဲသို့ ကျွံဝင်သွားသောကြောင့် လေယာဉ်ပျံ ပျက်စီးခဲ့သည်။ အိန်ဂျယ်၊ သူ၏ဇနီး မာရီ (Marie) နှင့် အခြားအပေါင်းအသင်းနှစ်ယောက် တို့သည် tepui ပေါသို့ ဆင်းသက်ရန် ကြိုးစားခဲ့ကြသည်။
အချိန် ၁၁ ရက်ကြာမြင့်ခဲ့ပြီး ခက်ခက်ခဲခဲဖြင့် ဆင်းသက်နိုင်ခဲသည်။ ရေတံခွန်ကိုလည်း အိန်ဂျယ်လ်ရေတံခွန်ဟု အမည်ပေးခဲ့သည်။ အိန်ဂျယ်တို့ စီးနင်းခဲ့သော လေယာဉ်သည် tepui တောင်ထိပ်ပေါ်တွင် ၃၃ ရက်ကြာမြင့်ခဲ့သည်။ ထို့နောက်မှ ဟယ်လီကော်ပတာဖြင့် မတင်ယူခဲ့သည်။ ၎င်းလေယာဉ်ကို Maracay ရှိ Aviation ပြတိုက်တွင် ထိန်းသိမ်းထားခဲ့သည်။ ယခုမူ Ciudad Bolívar ရှိလေဆိပ်၏ အရှေ့ အပြင်ဘက်၌ ထားရှိသည်။
ဥရောပလူမျိုးများထဲမှ ရေတံခွန်၏ အောက်ခြေသို့ ပထမဆုံးရောက်ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သူမှ Latvia နိုင်ငံသား စူးစမ်းရှာဖွေသူ Aleksandrs Laime ဖြစ်သည်။ သူသည် ရေတံခွန်သို့ တစ်ယောက်တည်း ၁၉၄၆ ခုနှစ်တွင် ရောက်ခဲ့သည်။ သူသည်ပင် ရေတံခွန်၏ အထက်နားဆီသို့ ပထမဆုံး ရောက်ရှိခဲ့သူလည်း ဖြစ်သည်။ ရေတံခွန်၏ အနောက်ဘက် ဆင်ခြေလျောကုန်းတက်မှ အထက်သို့တက်ခဲ့သည်။
အထက်နားသို့ ရောက်ရှိခဲ့ချိန်မှာ ၁၉၄၆ နောက်ပိုင်း ဖြစ်၏။ Laime သည် Churun မြစ်မှ ရေတံခွန်၏ အောက်ခြေသို့ လမ်းတစ်ခုပြုလုပ်ရာတွင် ဉီးဆောင်ပြီး ပြုလုပ်ခဲ့သော ပထမဆုံးသူ ဖြစ်သည်။ ထိုလမ်းသည် ရေတံခွန်၏ ရှုခင်းများကို ဓာတ်ပုံရိုက်ရန်အတွက် အဓိက နေရာတစ်ခုလည်း ဖြစ်သည်။ ထိုလမ်းကို Mirador Laime ဟုအမည်ပေးခဲ့သည်။ ယခုအခါ ထိုလမ်းကို နိုင်ငံခြားသား ခရီးသွားအများစု အသုံးပြုကြသည်။
ရေတံခွန်၏ တရားဝင်အမြင့်ကို တိုင်းတာရန်အတွက် လေ့လာစုံစမ်းမှုများကို ၁၉၄၉ ခုနှစ်၊ မေလ၊ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ထိုလေ့လာမှုအတွက် အမေရိကန် ဂျာနယ်သမားများက ငွေကြေး ထောက်ပံ့ခဲ့သည်။ ၁၉၆၈ခုနှစ်တွင် ရေတံခွန်၏ မျက်နှာပြင်သို့တက်ရန် ပထမဆုံးသောကြိုးပမ်းမှုကို စိုစွတ်သော ရာသီ၌ ပြုလုပ်ခဲ့ကြသည်။ သို့သော် ကျောက်တုံးများသည် ချော်နေသောကြောင့် မအောင်မြင်ခဲ့ပေ။
၁၉၆၉ ခုနှစ်တွင် ဒုတိအကြိမ်ကြိုးပမ်းခဲ့ကြသည်။ ရေသည်ပြတ်တောက်သွားပြီး ၁၂၀ မီတာ (၄၀၀ ပေ) အထက်မှ မိုးလျက်ရှိသောကြောင့် ဒုတိယအကြိမ်ကြိုးပမ်းမှုကို ဖျက်ခဲ့ရသည်။ ပထမအကြိမ် ချောက်ကမ်းပါးသို့ တက်ရောက်မှုသည် ၁၉၇၁ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၃ ရက်နေ့တွင် အောင်မြင်စွာတိုင်းတာနိုင်ခဲ့သည်။ ရေတံခွန်ပေါ်သို့တက်သူများသည် အပေါ်သို့တက်ရန် ၉ ရက်နှင့် နေ့တစ်ဝက်ကြာမြင့်သည်။ အောက်သို့ဆင်းရန် တစ်နေ့ခွဲ ကြာမြင့်သည်။
အိန်ဂျယ်လ်ရေတံခွန်သည် ဗင်နီဇွဲလားနိုင်ငံအတွက် ခရီးသွားများကို အဓိက ဆွဲဆောင်သော နေရာများထဲမှ တစ်ခုဖြစ်သည်။ သို့သော်လည်း ရေတံခွန်သို့သွားသော ခရီးမှာ ပုံမှန်ခရီးသွားတို့အတွက် ခက်ခဲသော ခရီးတစ်ခုဖြစ်သည်။ ရေတံခွန်သည် သီးခြားဖြစ်၍ ထူထပ်သော တောကြီးတွင်တည်ရှိသည်။ Canaima စခန်းမှ မြစ်ကြောင်းခရီးဖြင့် ရေတံခွန်၏ အောက်ခြေသို့ သွားရောက်နိုင်သည်။ Pueto Ordaz သို့မဟုတ် Ciudad Bolívar မှ လေယာဉ်စီး၍ Canaima စခန်းသို့ သွားရန်လိုသည်။ မြစ်ကြောင်းခရီးကာလမှ ပုံမှန်အားဖြင့် ဇွန်လမှ ဒီဇင်ဘာလတွင် ပြေးဆွဲလေ့ရှိသည်။
ခြောက်သွေ့သောကာလ (ဒီဇင်ဘာလ မှ မတ်လ) တွင် အခြားလများထက် ရေသည် နည်းလျက်ရှိသည်။ ရေများသောမိုးရာသီတွင် အိန်ဂျယ်ရေတံခွန်သည် ရေတံခွန်နှစ်ခုခွဲလျှက်စီးဆင်းတတ်သည်။ အိန်ဂျယ်လ်ရေတံခွန်သည် နိုင်ဂါရာရေတံခွန်ထက် ၁၅ဆပိုမြင့်ပြီး ကမ္ဘာ့အလှဆုံးရေတံခွန်လေးခု(Angel Falls (South America), Niagara Falls (North America), Victoria Falls (Africa), and Iguazu Falls (South America) ) တွင်လည်းအပါအဝင်ဖြစ်သည်။
အိန်ဂျယ်ရေတံခွန်သည် Disney ၏ နာမည်ကြီးလူကြိုက်များသော UP ရုပ်ရှင်ကားတွင် အဓိကနေရာတစ်ခုအဖြစ်ပါဝင်ခဲ့သည်။ ထိုရုပ်ရှင်တွင် Angel-Falls အစား Paradise Falls ဟု ခေါ်ဝေါ်ခဲ့သည်။
VIDEO
Ref:
Myanmar Wikipedia
Thutazone