အကြီးကျယ်ဆုံး သင်္ဘောနစ်မြုပ်မှု လို့ ဆိုလိုက်ရင် အားလုံးပြေးမြင်မိကြမှာက တိုက်တန်းနစ်သင်္ဘောနစ်မြုပ်မှု ပဲဖြစ်မယ် ထင်ပါတယ်။ တကယ်တော့ တိုက်တန်းနစ်ထက် ဆိုးရွားတဲ့ သင်္ဘောနစ်မြုပ်မှုတွေရှိပါသေးတယ်။ တိုက်တန်းနစ် သင်္ဘောဟာ လူပေါင်း ၁၅၀၀ ကနေ ၁၆၀၀ ဝန်းကျင်ကို သေစေခဲ့တဲ့ နစ်မြုပ်မှုကြီးဖြစ်ပါတယ်။
တိုက်တန်းနစ်ထက် ဆိုးရွားတဲ့ သင်္ဘောနစ်မြုပ်မှုကတော့ Sultana သင်္ဘောနစ်မြုပ်မှုပဲဖြစ်ပါတယ်။ ဟုတ်ပါတယ် ၊ မစ္စစပီမြစ်ထဲမှာ နစ်မြုပ်ခဲ့တဲ့ ဒီသင်္ဘောနစ်မြုပ်မှုဟာ လူပေါင်း ၁၈၀၀ကျော်ကို သေစေခဲ့ပြီး တိုက်တန်းနစ်ထက် ပိုကြီးမားတဲ့နစ်မြုပ်မှုဖြစ်ပါတယ်။
ဒီလောက်ကြီးမားတဲ့နစ်မြုပ်မှုကို ဘာကြောင့်လူအများစု မသိကြသလဲ ၊ သတင်းစာတွေမှာ ကျယ်ကျယ်ဝံ့ဝံ့မဖော်ပြကြပါသလဲ။ တကယ်တော့ ဒီသင်္ဘောမနစ်မြုပ်ခင် ရက်ပိုင်းအလိုက အမေရိကန်သမ္မတလင်ကွန်းလုပ်ကြံခံခဲ့ရပါတယ်။ သတင်းစာမှန်သမျှဟာ သမ္မတလင်ကွန်းအကြောင်းကိုပဲ ရက်ပေါင်းများစွာဖော်ပြကြပါတယ်။
နစ်မြုပ်မြုပ်ခြင်း ရက်အနည်းငယ်မှာ သင်္ဘောနစ်မြုပ်မှု သတင်းကိုဖော်ပြကြပေမယ့် မကြာခင်မှာပဲ civil war ပြီးဆုံးခဲ့တဲ့အတွက် သမ္မတလင်ကွန်း နဲ့ civil war ရဲ့ကြားမှာဖြစ်တဲ့ ဒီအကြောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြတာပဲဖြစ်ပါတယ်။
ရေနွေးငွေ့သင်္ဘော Sultana ဟာ မြစ်စ္စစပီမြစ်အတွင်းမှာ ၁၈၆၅ခုနှစ် ဧပြီ ၂၇ ရက်နေ့ မနက် ၂ နာရီမှာနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ အမေရိကသမိုင်းရဲ့အကြီးမားဆုံး သင်္ဘောနစ်မြုပ်မှုဖြစ်သလို ကမ္ဘာ့အကြီးဆုံးသင်္ဘောနစ်မြုပ်မှုတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ အကြောင်းရင်းကတော့ သင်္ဘောမှာရှိတဲ့ ဘွိုင်လာအိုး ၄လုံးထဲက တစ်လုံးပေါက်ကွဲခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် သင်္ဘောနစ်မြုပ်ပြီး လူပေါင်း ၁၈၀၀ကျော်ကို သေဆုံးစေခဲ့ပါတယ်။
သင်္ဘောပေါ်မှာလိုက်ပါလာသူအများစုက ပြည်တွင်းစစ်ရဲ့အကျဉ်းသား စစ်သားတွေပဲဖြစ်ပါတယ်။ စစ်သားအများစုဟာ ဆယ်ကျော်သက်တွေဖြစ်ပြီး တချို့ဆိုရင် ၁၄နှစ်ပဲ ရှိပါသေးတယ်။ အစိုးရက အကျဉ်းသားတွေကိုပြန်လွှတ်ပြီး သူတို့ရဲ့အိမ်တွေဆီကိုပြန်ပို့ဆောင်ဖို့အတွက် Sultana သင်္ဘောနဲ့ စာချုပ်ချုပ်ခဲ့တာပဲဖြစ်ပါတယ်။ စစ်သားတွေအပြင် မိန်းမတွေနဲ့ ကလေးတွေလည်း ဒီသင်္ဘောပေါ်မှာ လိုက်ပါလာခဲ့ပါတယ်။
Sultana သင်္ဘောကို ၁၈၆၃ခုနှစ်က တည်ဆောက်ခဲ့တဲ့ ရေနွေးငွေ့စက်သုံး သစ်သားသင်္ဘောတစ်စင်းဖြစ်ပါတယ်။ အလျား၂၆၀ပေရှိပြီး အနံ ၄၂ပေရှိကာ အလေးချိန် ၁၇၁၉တန် ရှိပါတယ်။ ခရီးသည် ၃၇၆ယောက် ၊ သင်္ဘောဝန်ထမ်း ၈၅ ဦး တင်နိုင်ပြီး အဓိက ကတော့ ကုန်စည်တွေတင်ဖို့ပဲဖြစ်ပါတယ်။
လူ ၄၀၀ ဝန်းကျင် နဲ့ ကုန်စည်ပဲ တင်တဲ့သင်္ဘောပေါ်မှာ ကုန်စည်တွေကိုမတင်ပဲ လူပေါင်း ၂၂၀၀ ကျော်ကို ပြွတ်သိပ်အောင်တင်ခဲ့တာကလည်း ဆိုးရွားမှုတစ်ခုဖြစ်ပါတယ်။ ထောင်ကလွတ်လွတ်ချင်း အိမ်ပြန်ချင်တဲ့သူချည်းပဲဖြစ်တဲ့အတွက် ဒီလိုပြွတ်သိပ်နေတာလည်းဖြစ်နိုင်ပါတယ်။
Vicksburg မြို့ကနေထွက်လာတဲ့ ဒီသင်္ဘောဟာ မနက် ၂နာရီအချိန် Memphis မြို့အနီး ၇မိုင်ခန့်အကွာမှာ ဘွိုင်လာအိုးတစ်လုံးထပေါက်ခဲ့ပါတယ်။ အလေးချိန်ပိုတင်လာတဲ့အတွက် ဘွိုင်လာတွေဟာပိုအလုပ်လုပ်ရပြီး ထိမ်းသိမ်းမှုအားနည်းတဲ့ ဘွိုင်လာအိုးတစ်အိုးက ထပေါက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဘွိုင်လာအိုးက တစ်ဆင့် အခြားဘွိုင်လာအိုးနှစ်အိုးကိုပါ ကူးစက်ပြီး ပေါက်ကွဲတဲ့ အခါ သင်္ဘောတစ်စီးလုံး ကမ္ဘာပျက်သလိုဖြစ်သွားခဲ့ပါတယ်။
သင်္ဘောကလည်း သစ်သားသင်္ဘောဖြစ်တာကြောင့် မီးပြင်းထန်စွာလောင်ကျွမ်းပြီး ခရီးသည်အများစုဟာ ချက်ချင်းပဲသေဆုံးကုန်ကြပါတယ်။ အချိန်ရတဲ့ခရီးသည်တွေက ချက်ချင်းခုန်ချကြပေမယ့် ကံဆိုးခဲ့ပါတယ်။ ရေပြင်က ရေခဲမှတ်နီးပါးအလွန်အေးနေမှုကြောင့် ကိုယ်ခန္ဓာအပူချိန်အလွန်အမင်းကျဆင်းပြီး သေဆုံးကုန်ကြပါတယ်။ သင်္ဘောက ထွက်လာတဲ့ပေါက်ကွဲမှုကို ၇မိုင်ကွာတဲ့ Memphis မြို့ကနေ အတိုင်းသားမြင်နိုင်တဲ့အထိ ကြီးမားပြင်းထန်လွန်းပါတယ်။
ခရီးသည် ၂၀၀၀ ကျော်ထဲက လွတ်မြောက်ပြီး ကယ်ဆယ်နိုင်ခဲ့သူ ၇၀၀ နီးပါး ရှိခဲ့ပြီး ဆေးရုံတင်နိုင်ခဲ့ပါတယ်။ ဒီ ၇၀၀ ထဲက ၂၀၀ ကျော်ဟာ သင်္ဘောပေါက်ကွဲမှုက ရတဲ့ဒါဏ်ရာတွေကြောင့် အချိန်တိုအတွင်းမှာ သေဆုံးခဲ့ပြန်ပါတယ်။ Sultana သင်္ဘောနစ်မြုပ်မှုဟာ တိုက်တန်းနစ်လို နာမည်မကြီး လူသိမများပေမယ့် တိုက်တန်းနစ်ထက်ပိုဆိုးရွားတဲ့ ကမ္ဘာ့အဆိုးရွားဆုံးသင်္ဘောနစ်မြုပ်တွေထဲက တစ်ခုဖြစ်ပါတယ်။